Tuesday 3 January 2012

ကွာရှင်းပြတ်စဲခြင်း - ၁၀

အကျဉ်းသားတွေဟာ တော်တော်လေး ဒေါသထွက်နေကြပုံပါပဲ။ သမီးတို့အရှေ့နေဖြတ်သွားတော့ ဟိုသတ္တဝါက မျက်လုံးအကြည့်ကို အောက်ချထားရင်းမှ ရုတ်တရက်ဆိုသလို ရှာဒါ့ဖက်ကို လှည့်လိုက်ပြီး
"ကိုယ့်ကိုယ်ကိုယ် သိပ်ဂုဏ်ယူနေတယ်ပေါ့... ဟေ့..."   ဆိုပြီး စိတ်ဆိုးမာန်ဆိုးနဲ့ အော်ပါတော့တယ်။

ရှာဒါက မျက်တောင်တချက်တောင် မခတ်ပါဘူး။ သူ့မျက်ဝန်းအကြည့်ဟာ အဲ့ဒီသတ္တဝါ အပေါ်မှာ သူထားတဲ့ မနှစ်မြို့မှု အလုံးစုံကို ပေါ်လွင်စေလှပါတယ်။ သမီး သူ့ဆီကနေ အများကြီးပဲ သင်ယူရရှိလိုက်တယ်။

"သူ့ကို နားထောင်မနေနဲ့"  လို့ သမီးကို သူက ပြောပါတယ်။

သမီးရင်တွေ ခုန်နေတယ်။ သမီး မော့ကြည့်လိုက်တဲ့အချိန်မှာ အဖေ့ရဲ့ မျက်ဝန်းတွေကို ငေးကြည့်နေမိလျက်သား ဖြစ်သွားတယ်။ အဖေ အရမ်း စိတ်ပျက် နေပုံပဲ။  "ဂုဏ်သိက္ခာ" တဲ့။  အဖေပြောခဲ့ဖူးတဲ့ စကားပေါ့။ အဖေ့ မျက်နှာကို ကြည့်ရင်းနဲ့ အဲဒီစကားရဲ့ ရှုပ်ထွေးလှပုံကို သမီး နားလည်စပြုလာတယ်။ အဖေ့မျက်ဝန်းထဲကနေတဆင့် အဖေစိတ်ဆိုးနေတယ်၊ တချိန်ထဲမှာပဲ ရှက်လည်း ရှက်နေတယ်ဆိုတာ သမီး တွေ့ရတယ်။
သမီးလည်း အဖေ့ကို  အရမ်းစိတ်ဆိုးတယ်၊ ဒါပေမယ့်လည်း အဖေ့အတွက် ဝမ်းနည်းနေတာကိုတော့ မတားဆီးနိုင်ပြန်ဘူး။ 

သမီး လေးစားရတဲ့ တခြားသူတယောက်လည်း ရှိပါသေးတယ်၊ အရမ်းလဲ အရေးကြီးတဲ့ သူတယောက်ပေါ့။

အဲဒါကတော့  သမီးရဲ့ အမှုအတွက် ရွေးချယ်ထားတဲ့၊ စားပွဲမြင့်ကြီးရဲ့နောက်မှာ ထိုင်နေတဲ့ တရားသူကြီးချုပ် မိုဟာမက် အယ်လ် ဂါဇီ ပါပဲ။ တရားသူကြီး အဗ်ဒူလ်ကတော့ သူ့ရဲ့ဘေးက ခုံမှာ ထိုင်နေပါတယ်။
 
"အနတ္တတန်ခိုးတော်၊ သနားဂရုနာတော်နှင့် ဘုန်းတော်ဂုဏ်တော် ကြီးမြတ်တော်မူလှသော အဖဘုရားသခင်၏ နာမတော်၌ ဤ တရားသဘင်ကို ဖွင့်လှစ်လိုက်သည်"  လို့ အယ်လ် ဂါဇီက ကြေငြာပါသည်။ သမီးတို့ကိုလည်း ခုံတန်းတွေဆီမှာ လာထိုင်ဖို့ ခေါ်ပါတယ်။ ရှာဒါက သမီးကို သူ့နောက်ကနေ လိုက်ခဲ့ဖို့ ခေါ်ပါတယ်။ သမီးတို့ရဲ့ ဘယ်ဖက်က အဖေနဲ့ ဟိုသတ္တဝါတို့လည်း ရှေ့ကို တိုးလာရသည်။ သမီးတို့ရဲ့နောက်က လူအုပ်ကြီးဟာ ဒေါသထွက်နေတယ်လို့ သမီးခံစားရတယ်။ သမီးရဲ့ စိတ်ထဲမှာ ဒီခနမှာ ကြွက်ငယ်ကလေးတကောင် ဖြစ်သွားဖို့ရာ ဘာမဆို ပေးလိုက်ချင်ပါရဲ့ဆိုတဲ့ စိတ်တခု ဖြစ်နေတယ်။

အခု တရားသူကြီး အဗ်ဒူလ် ပြောဆိုရမယ့် အလှည့်ပါ။
 
"အခုအမှုဟာ ကလေးမလေးတယောက်က သူမရဲ့ အလိုမပါဘဲနဲ့ လက်ထပ်ဖို့ စေခိုင်းခြင်း ခံရတယ်ဆိုပြီး တိုင်တန်းထားတဲ့ အမှုဖြစ်ပါတယ်။ သူမရဲ့ ခွင့်ပြုချက်မပါဘဲနဲ့လည်း  လက်ထပ်စာချုပ်ကို ချုပ်ဆိုခဲ့ကြပါတယ်။ ပြီးတော့ ခါတ်ဒ်ဂျီ နယ်ကို အဓ္ဓမ ခေါ်ဆောင်သွားခြင်း ခံရပါတယ်။ အဲ့ဒီအရပ်မှာပဲ သူမရဲ့ ခင်ပွန်းဟာ သူမကို အရွယ်မရောက်သေးဘဲလျက်၊ အရွယ်ရောက်တဲ့သူတွေ ပြုမူတဲ့ အမှုကိစ္စတွေအတွက် အဆင်သင့်မဖြစ်သေးတဲ့ အရွယ်ဖြစ်နေရဲ့သားနဲ့ အလိုမတူပဲ အဓ္ဓမမှု ပြုခဲ့ပါတယ်။ ဒါ့အပြင် ရိုက်နှက်ခြင်း၊ စော်ကားပြောဆိုခြင်း များလည်း ပြုခဲ့ပါသေးတယ်။ သူမ အခု ဒီကိုရောက်နေရတာကတော့ ကွာရှင်းပြတ်စဲမှုကို လိုချင်လို့ပဲ ဖြစ်ပါတယ်။"

အချိန်အခါကောင်း ဆိုက်ရောက်လာပါပြီ။ အပြစ်ရှိတဲ့သူတွေ စီရင်ခြင်းခံရတဲ့ အချိန်ပေါ့။

အယ်လ် ဂါဇီက တူသေးသေးလေးနဲ့ စားပွဲကို အကြိမ် အနည်းငယ် ထုလိုက်ပါတယ်။

"ကျွန်ုပ်ပြောတာ သေသေချာချာ နားထောင်ပါ "   လို့ သူက သမီး မုန်းလှတဲ့ ဟို သတ္တဝါကို ပြောပါတယ်။ "သင် ဤမိန်းကလေးကို လွန်ခဲ့တဲ့ နှစ်လက လက်ထပ်ခဲ့တယ်။ သူမနဲ့ အတူတူအိပ်ခဲ့တယ်။ သူမကို ရိုက်နှက်ခဲ့တယ်။ အဲ့ဒါတွေဟာ မှန်သလား မမှန်ဘူးလား ဆိုတာ ဖြေပါ။"

အဲဒီသတ္တဝါက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ပြန်ဖြေပါတယ်။ 

"မဟုတ်ပါဘူး။ အဲ့ဒါတွေဟာ မမှန်ပါဘူး။ သူနဲ့ သူ့အဖေဟာ ကျွန်တော်နဲ့ လက်ထပ်ဖို့ကို သဘောတူခဲ့ကြပါတယ်။"

သမီး ရှာဒါ့ အကျီကို ဆုပ်ကိုင်ရင်းပြောမိတယ်။

"သူညာနေတာ"

တရားသူကြီးဟာ အဖေ့ဘက်ကို လှည့်လိုက်တယ်။

"သင် လက်ထပ်ဖို့ သဘောတူခဲ့သလား"

"ဟုတ်ကဲ့"

"သင့် သမီး အသက် ဘယ်လောက်ရှိပြီလဲ"

"ကျွန်တော့ သမီး အသက် ၁၃နှစ် ရှိပါပြီ"

၁၃နှစ်... သမီး အသက် ၁၃နှစ်လို့ ဘယ်သူကမှ သမီးကို မပြောခဲ့ ဖူးဘူး။ သမီး တည်တည်ငြိမ်ငြိမ်ရှိဖို့ လက်တဖက်နဲ့တဖက် တင်းတင်းကြပ်ကြပ်ဆုပ်ကိုင် ထားလိုက်မိတယ်။

"ကျွန်တော်... ကျွန်တော့ သမီးကို သူများတွေ ခိုးယူသွားမှာ ကြောက်လို့ အိမ်ထောင် ချပေးလိုက်တာပါ။ "

အဖေဘာတွေပြောနေလဲ သမီး နားမလည်တော့ဘူး။ အဖေ့ အဖြေတွေက ရှင်းလင်းမှုမရှိပဲ  ရှုပ်ထွေးလာလေလေ တရားသူကြီးရဲ့ မေးခွန်းတွေဟာလည်း တဖြည်းဖြည်းနဲ့ ဖြေဆိုဖို့ရာ နားလည်ရခက်လာလေ ဖြစ်လာတယ်။

အသံတွေဟာ မြင့်တက်လာကြတယ်။ စွပ်စွဲခံရတဲ့သူတွေက ပြန်ခုခံကြတယ်။ သူတို့အသံတွေ အခန်းထဲမှာ ကျယ်လာတာနဲ့အမျှ သမီး ရဲ့ နှလုံးခုန်နှုန်းဟာလည်း မြန်လာတယ်။

(ဆက်ရန်)

No comments:

Post a Comment