Monday 10 December 2012

သမီးငယ်

ဒီအချိန်ဆို ကိုယ်တို့မြို့မှာ အေးနေလောက်ပြီ။ နိုဝင်ဘာကနေ ဖေဖော်ဝါရီအထိဟာ ကိုယ်တို့မြို့လေးမှာပဲ ကိုယ်အနေချင်ဆုံး အချိန်လေးတွေပေါ့။ အခုနောက်ပိုင်း အိမ်ကိုလွမ်းတဲ့အလွမ်းမှာ သခင်မလေး တပါးပါ ပိုလာပေါ့။ အခုလဲ ရုံးမှာ အလုပ်တွေပါးနေတုန်း ဒေါင်းလုပ် လုပ်ထားတဲ့ပုံတွေပြန်ကြည့်ရင်း သူ့ပုံတွေတွေ့လို့ သူ့အကြောင်းရေးချင်လာမိတယ်။
 
ဒီပုံလေးက မိုးတွေရွာနေတာကို ငေးကြည့်နေတာဆိုပဲ။ ညီမလေးက ဒီပုံလေးပို့လိုက်ရင်းနဲ့ အဲ့လိုလေး ရေးပေးလိုက်တယ်။ ကိုယ် အရမ်းသဘောကျသွားတယ်။ ငယ်ငယ်လေးကတည်းက သဘာဝကိုချစ်တတ်တာကိုပေါ့။ ကိုယ်သူနဲ့ အကြာကြီးမနေလိုက်ရပါဘူး။ ဒါပေမယ့် နေဖြစ်သရွေ့လေးမှာ ကိုယ်တတ်နိုင်သလောက်လေး သူ့ကို ထိန်းပေးခဲ့တယ်။ သူက ဆိုင်ကယ်စီးရတာ အရမ်းသဘောကျတာ။ ညနေတိုင်း ဆိုင်ကယ်ပတ်စီးပေးရတယ်။ ငယ်သေးတော့ နောက်က ထိုင်ခိုင်းရင် ပြုတ်ကျမှာစိုးလို့ ကိုယ့်ရှေ့မှာ ခေါ်ထားပြီး လက်တဖက်က သူ့ကို ထိန်းပြီး ဖြေးဖြေးမောင်းပေးရတယ်။ အဲ့ဒါကို သခင်မက ဖြေးဖြေးမောင်းလို့ဆိုပြီး “မြန်…. မြန်...” နဲ့ တတ်တဲ့တလုံးထဲနဲ့ ဆရာလုပ်သေးတယ်၊ နောက်ပြီး သူ့ကို ကိုင်ထားလို့ဆိုပြီး လက်ကို ဆွဲဆွဲဖယ်တယ်။ သူနဲ့ဆိုင်ကယ်စီးတိုင်း တလမ်းလုံး ရန်ဖြစ်လာရတယ်။ တခါတခါများ မတ်တပ်ထရပ်လိုက်သေးတယ်။ တခါက အိမ်ပြန်ရင်း မိုးရွာလာတော့ ကိုယ့်က သူစိုမှာစိုးလို့ နည်းနည်းသက်သာလည်းတော်သေးတယ်ဆိုပြီး ခေါင်းပေါ်လက်အုပ်ထားတာ မမက ဆွဲဖယ်ပြီး မျက်နှာကိုမော့၊ မိုးစက်တွေ မျက်နှာပေါ်ကျလာတာ သဘောကျပြီး တဝေးဝေးနဲ့ ထအော်တော့တာပဲ။ ပြီးတော့ “ပြန်ဘူး၊ ပြန်ဘူး” က လုပ်သေးတယ်။
 
ဒုတိယတခေါက် သူနဲ့ပြန်တွေ့ချိန်မှာ သူစကားနည်းနည်းပါးပါးပြောတတ်နေပြီ။ ညတိုင်ကျရင် ကိုယ်က ကိုယ့်အကြိုက်ဆုံး ကလေးသီချင်း Twinkle Twinkle ဆိုဆိုပြတယ်။ ကိုယ်စာသင်ခဲ့တဲ့ တလျောက် ကလေးတွေက အဲ့ဒီသီချင်းလေးကို ကြိုက်ကြတယ်။ ညီမလေးက သမီးလေးကို ကိုယ်ဝန်ရှိကတည်းက ဘိုက်နား ရေဒီယိုကပ်ထားတတ်တယ်။ သူကလေးကမွေးပြီးတပတ်လောက်ကတည်းက ရေဒီယိုက သီချင်းသံကြားရင် ခေါင်းလည်နေအောင်ကို အသံလာရာဆီ လိုက်လိုက်ကြည့်တတ်နေရော။
 
သူ့ကို သိပ်ရင် အရမ်း သိပ်ရခက်တယ်။ အိပ်ချင်ပြီဆိုရင်၊ စိတ်ကြည်နေရင်တော့ ခန နဲ့အိပ်တယ်။ သူ့ကိုသိပ်ရင် ဆိုနေကြ ဘုရားသီချင်းလေးရှိတယ်။ အဲ့ဒါလေးနဲ့ ချော့သိပ်နေကြ။ တနေ့ သူ့နေ့လည်အိပ်ချိန်မှာ သူစိတ်ကြည်ကြည်လင်လင်နဲ့မိုလို့ ပုခက်ထဲထည့်လိုက်တာနဲ့ မျက်လုံးတန်းမှိတ်ပြီး အိပ်တော့မယ်ပေါ့။ ကိုယ်က ဆိုနေကျသီချင်းလေးဆိုလိုက်တယ်။ ဆိုရင်းနဲ့ ကိုယ်က ဒါကြီးပဲဆိုပြီး တခြားသီချင်းပြောင်းဆိုတာ မျက်လုံးဖျတ်ခနဲဖွင့်ပြီး တဟမ်းဟမ်းနဲ့ လုပ်တော့တာပဲ။ အဲဒါနဲ့ ဆိုနေကျသီချင်းပြန်ဆိုမှ ဟင်းးးးးး ဆိုပြီး သက်ပြင်းချပြီးမှ မျက်စိပြန်မှိတ် အိပ်သွားတယ်။
 
အဲ… အဲဒါနဲ့ အစပြန်ကောက်ရရင် Twinkle Twinkle Little Star သီချင်းလေးကို သူ့ဆိုပြရင်း မိုးပေါ်ကို လက်ညှိုးထိုးပြီး
 
“Star ဆိုတာ အဲ့ဒီကြယ်ကလေးတွေကိုပြောတာလေ သမီးရဲ့” 
 
လို့ ပြောပြတာပေါ့။ ညည ဆိုင်သိမ်းပြီး ပြန်လာလို့ သူ့ကို ချီလာရင် ပုံမှန်မချီပဲ ကိုယ့်လက်နှစ်ဖက်ပေါ်မှာ ပက်လက်ကြီးလုပ်ပြီး ကိုယ်က
 
“သမီး ကောင်းကင်ကြီးပေါ်မှာ ကြည့်စမ်း ကြယ်လေးတွေ”
 
လို့လည်း ပြောပြောပြနေကြ။ အဲ့ဒီတော့ သူက နောက်ဆို ညတိုင် ဆိုင်ကပြန်လာရင် ပုံမှန်ချီထားရင် ခေါင်းကြီးမော့မော့ပြီး မိုးပေါ်ကြည့်ရတာအမော။ အဲ့ဒီကျရင် ကိုယ်က အလိုက်တသိ ပက်လက်ကြီးဖြစ်အောင် ချီပေးရတယ်။ ဘေးကဆိုင်နီးချင်းတွေကတော့ထင်မှာပဲ။ ကလေးတောင်မချီတတ်ဘူးဆိုပြီး။ တိမ်ထူလို့ ကြယ်မထွက်ရင်၊
 
“တီတီ ကြယ် ရှိဘူး၊ ကြယ်ရော”
 
နဲ့ မေးတော့တာပဲ။
 
တနေ့ ညနေခင်း မမှောင်တမှောင်မှာ အိမ်ရှေ့ ဂိတ်အဝင်ဝမှာ ငုတ်တုတ်လေး ထိုင်ပြီး ဘာလုပ်နေမှန်းမသိလို့ ညီမလေးက
 
“သမီး ဘာလုပ်နေတာလဲ အိမ်ထဲဝင်”  ဆိုတော့ “ကြယ်ကြည့်နေတာ” တဲ့ ခပ်တည်တည်ပဲ။ 
 
အဲလိုပြန်ပြောပြီး ထိုင်ရာက မထဘူး။ ကိုယ်သူ့ဘေးနားသွားပြီး ဘယ်ကြယ်ကိုများကြည့်နေလဲလို့ သွားကြည့်တာ ကိုယ်လဲသတိထားမိတဲ့ မမှောင်ခင်မှာဆို မြင်ရလေ့ရှိတဲ့ ကြယ်တလုံးဖြစ်နေတယ်။ တကယ်တော့ ဂြိုလ် ဖြစ်မယ်ထင်ပါတယ်။ ကောင်းကင်ကြီးတခုလုံးမှာ အဲ့ဒီကြယ်လေးတလုံးပဲ မြင်ရသေးတာ တကယ်တော။့ ပြီးတော့ မျက်နှာချင်းဆိုင်အိမ်က အပင်တွေက ကွယ်နေတတ်သေးတယ်။ အဲ့ဒါကို သူမို့ တွေ့တတ်တယ်။ သူ့လို ငုတ်တုတ်ထိုင်လိုက်မှ အရွက်တွေကြားက အဲ့ဒီကြယ်ကလေးကိုမြင်ရတော့ ကိုယ်တို့ တူဝရီးနှစ်ယောက်သား ထိုင်ကြည့်ခဲ့ကြတယ်။
 
 
လွမ်းလိုက်တာ သမီးလေးရယ်။