Saturday 28 May 2011

ဗလာ

အချိန်တန်ရင်တော့
ပြန်လာလေမလား
စိုးစိတ်လေးနဲ့
တိုးတိတ်ကြေကွဲ (၁၃ ၀၅ ၂၀၀၉)

ရင်မှာခံစား 
ပူလောက်မှုများ
ကုစားမဲ့သူ
မင်းတယောက်ထဲသာ (၁၃ ၀၅ ၂၀၀၉)

ပြန်ဆုံနိုင်မလား
အိပ်မက်အဖြစ်များ
မျှော်လင့်တမ်းတ
တကယ့် အပြင်ဖက်မှာ (၁၄ ၀၅ ၂၀၀၉)

ရင်ခုန်သံများ
ကာရံညီမလား
တမ်းတရင်းနဲ့
နှစ်လရှည်ခဲ့ (၂၁ ၀၅ ၂၀၀၉)

နွေရာသီဦး
ပျော်မြူးခဲ့ချိန်
မိုးလယ်ဆောင်းနှောင်း
ရာသီပြောင်းခဲ့
အချိန်တိုင်းပဲ 
စိုးမိုးဆဲပါ
မင်းတယောက်သာ (၁၃ ၀၅ ၂၀၀၉)

နေ့ရက်နာရီ
အိုရီဟောင်းလည်း
မပြောင်းသစ်စွာ
ရင်ထဲမှာဖြင့်
ဖြစ်ကျန်ဆဲပါ
မင်းရုပ်လွှာ။     ။ (၁၃ ၀၅ ၂၀၀၉)
*****


ဒီတပုဒ်ကို သီချင်းအနေနဲ့စပ်ကြည့်ရင်း ကဗျာလိုလို ဘာလိုလိုဖြစ်သွားပြန်ရော။ verse အပိုဒ်တွေ ဆိုလို့ရပေမယ့် chorus ကို ဘယ်လိုမှ မလုပ်တတ်တော့ပြန်တော့ သီချင်းစစ်စစ်တပုဒ် မဟုတ်ရတော့ပြန်ဘူး။ ၁၃ ရက်နေ့က တော်တော်များများ စိတ်ထဲကထွက်လာပေမယ့် ၁၄ ရက်နဲ့ ၂၁ ရက်မှာတော့ တပိုဒ်ဆီပဲ ထွက်တော့တယ် chorus ကိုလုံးဝ သဘောမကျတော့ တော့ ဘာမှထပ်မထွက်လာတော့ဘူး။ ဒါပေမယ့်ခံစားချက်ကတော့ အဲဒီအချိန်တုန်းက ရှိနေခဲ့ဆဲပါ။ ခုတော့လည်း အတိတ်ကို အတိတ်မှာပဲ ပျော်ပျော်ကြီးထားခဲ့လိုက်ပါဘီ။ ဒါပေမယ့် ကိုယ့်စာလေးတွေကို နှမြောတာနဲ့ လွှင့်မပစ်ရက်တော့ ဒီပေါ်ရောက်လာရပြန်တာပေါ့။ ပစ္စုပန်မှာတော့ ခံစားချက်တွေ ခမ်းခြောက်နေပီး ရေးစရာ ဘာမှကို မပေါ်လာသေးပြန်ဘူး။


Friday 27 May 2011

၁၃ ၀၇ ၂၀၀၉ မှ အမှတ်တမဲ့ ကဗျာ

တွယ်ငင်တဲ့ ရင်ထဲကသစ်ပင်
ရှင်သန်အောင်သူပျိုးလို့
မညှိုးစေခဲ့အစဉ်။     ။

လေပြည်တိုး မကျိုးစေရ
နေခြည်ထိုး မညှိုးစေရ
ရေစင်သွန်း မမွန်းစေရ။     ။

သို့ပေမယ့်လည်းကွယ်
ပန်းပျိုးတဲ့လက် မုန်းမီးသက်၍
နှုတ်ခြွေရက်စက် ရှင်ဖို့ခက်ပြီ။     ။

ကိုယ့်ရင်ထဲက သစ်ပင်လေး။    

တခါက အတွေးများ

ဝေးလွင့်မသွားသေးတဲ့ ချစ်ခြင်းများနဲ့
နောက်ထပ်အချစ်သစ်တခု ထပ်ပိုးရင်းက
မနိုင်တော့တဲ့စိတ်ဝန်ကို လွှတ်ချရတော့မလား
အဖြေရှာမရနိုင်တော့
ကံကိုသာရိုးမယ်ဖွဲ့တဲ့အဖြစ်ကိုမုန်းလာပြီ
မသက်ဆိုင်တဲ့ကံတရားကိုဘေးချပြီး
သက်ဆိုင်သူ ကိုယ်ကိုယ်တိုင်သာကြိုးစားဖြေရှင်းမယ်။

ပြောင်းလဲမသွားသေးတဲ့ ချစ်ခြင်းအဟောင်းနဲ့
လတ်ဆတ်သန့်ရှင်းတဲ့ နောက်အချစ်တခုကို
ဘာကြောင့်များ ရယူခဲ့လဲ
အစားထိုးခြင်းရဲ့ ခါးသီးမှုတွေ
ကိုယ်ခံစား...ကိုယ့်အမှားသာပဲ။

ရင်မဆိုင်နိုင်စိတ်ရှုပ်မှုများ
ယှဉ်မပြိုင်နိုင် ဒွိဟတရားများ
မဖြူစင်နိုင် ကိုယ့်ရဲ့စိတ်ထား

ဘယ်မှာလဲ အကြင်နာစစ်ဟာ။
ဖွေရှာဆဲ နေရာသစ်မှာ
ဗျာပါများ ဝေဒနာကြား

အဖြေရှာမရသေးတဲ့ ပုစ္ဆာတနင့်တပိုး
ရင်ဝယ်ပိုက်မနိုင်ဝန်ထမ်းရင်း
ရှေ့ဆက်နေရတဲ့ဘဝမှာ
ဘာကိုမှ ထပ်ပြီး မယူချင်တော့ဘူး။
*****

ဆရာစာသင်နေတုန်း ဘာမှ အာရုံစိုက်လို့မရတာနဲ့ ကဗျာထိုင်ရေးနေလိုက်မိတုန်းက စာလေးပါ။ ဆရာပေးတဲ့ စာရွက်နောက်မှာရေးထားမိတာ။ တကယ်တော့ ဆရာကစာသင်တာကောင်းပါတယ်။ ကိုယ့်ဘာသာကိုယ် အာရုံစိုက်လို့မရဖြစ်နေတာ။ ကဗျာဖြစ်စေတော့ရယ်လို့ ရေးတာမဟုတ်ပေမယ့် ရေးလိုက်တဲ့စာမှာ အချိတ်အဆက်လေးတွေဖြစ်သွားရင် သဘောကျမိတယ်။  ဒါလေးရေးနေရင်း သံစဉ်လေးတခုက ခေါင်းထဲရောက်လာပြန်ရော။ အဲ့ဒါနဲ့ သံစဉ်ထည့်လိုက်တော့လည်း သီချင်းလိုလို၊ ဒီတိုင်းဖတ်ကြည့်တော့လည်း ကဗျာမဟုတ်ဘာမဟုတ်။ တီးတတ်တဲ့ လက်ကွက်လေး မဖြစ်စလောက်နဲ့ သီချင်းမဟုတ်၊ ကဗျာမဟုတ်တခုရလာတော့ အဲ့ဒါလေးကို အမှတ်တရ ရှိစေရုံလေး ဒီနေရာမှာ ပြန်ကူးထားလိုက်တယ်။ အရင်က ခံစားရရင် စာတွေချရေးတတ်တဲ့သူတွေကို ဟားခဲ့တဲ့သူ၊ ကိုယ်ကိုယ်တိုင်ရေးမိသွားခါကျမှ ဟားခဲ့မိတဲ့သူတွေကို စိတ်ထဲကတောင်းပန်လိုက်မိတယ်။ (စိတ်ထဲကပဲလည်း ဟားခဲ့တာပါ။)