Friday 27 May 2011

တခါက အတွေးများ

ဝေးလွင့်မသွားသေးတဲ့ ချစ်ခြင်းများနဲ့
နောက်ထပ်အချစ်သစ်တခု ထပ်ပိုးရင်းက
မနိုင်တော့တဲ့စိတ်ဝန်ကို လွှတ်ချရတော့မလား
အဖြေရှာမရနိုင်တော့
ကံကိုသာရိုးမယ်ဖွဲ့တဲ့အဖြစ်ကိုမုန်းလာပြီ
မသက်ဆိုင်တဲ့ကံတရားကိုဘေးချပြီး
သက်ဆိုင်သူ ကိုယ်ကိုယ်တိုင်သာကြိုးစားဖြေရှင်းမယ်။

ပြောင်းလဲမသွားသေးတဲ့ ချစ်ခြင်းအဟောင်းနဲ့
လတ်ဆတ်သန့်ရှင်းတဲ့ နောက်အချစ်တခုကို
ဘာကြောင့်များ ရယူခဲ့လဲ
အစားထိုးခြင်းရဲ့ ခါးသီးမှုတွေ
ကိုယ်ခံစား...ကိုယ့်အမှားသာပဲ။

ရင်မဆိုင်နိုင်စိတ်ရှုပ်မှုများ
ယှဉ်မပြိုင်နိုင် ဒွိဟတရားများ
မဖြူစင်နိုင် ကိုယ့်ရဲ့စိတ်ထား

ဘယ်မှာလဲ အကြင်နာစစ်ဟာ။
ဖွေရှာဆဲ နေရာသစ်မှာ
ဗျာပါများ ဝေဒနာကြား

အဖြေရှာမရသေးတဲ့ ပုစ္ဆာတနင့်တပိုး
ရင်ဝယ်ပိုက်မနိုင်ဝန်ထမ်းရင်း
ရှေ့ဆက်နေရတဲ့ဘဝမှာ
ဘာကိုမှ ထပ်ပြီး မယူချင်တော့ဘူး။
*****

ဆရာစာသင်နေတုန်း ဘာမှ အာရုံစိုက်လို့မရတာနဲ့ ကဗျာထိုင်ရေးနေလိုက်မိတုန်းက စာလေးပါ။ ဆရာပေးတဲ့ စာရွက်နောက်မှာရေးထားမိတာ။ တကယ်တော့ ဆရာကစာသင်တာကောင်းပါတယ်။ ကိုယ့်ဘာသာကိုယ် အာရုံစိုက်လို့မရဖြစ်နေတာ။ ကဗျာဖြစ်စေတော့ရယ်လို့ ရေးတာမဟုတ်ပေမယ့် ရေးလိုက်တဲ့စာမှာ အချိတ်အဆက်လေးတွေဖြစ်သွားရင် သဘောကျမိတယ်။  ဒါလေးရေးနေရင်း သံစဉ်လေးတခုက ခေါင်းထဲရောက်လာပြန်ရော။ အဲ့ဒါနဲ့ သံစဉ်ထည့်လိုက်တော့လည်း သီချင်းလိုလို၊ ဒီတိုင်းဖတ်ကြည့်တော့လည်း ကဗျာမဟုတ်ဘာမဟုတ်။ တီးတတ်တဲ့ လက်ကွက်လေး မဖြစ်စလောက်နဲ့ သီချင်းမဟုတ်၊ ကဗျာမဟုတ်တခုရလာတော့ အဲ့ဒါလေးကို အမှတ်တရ ရှိစေရုံလေး ဒီနေရာမှာ ပြန်ကူးထားလိုက်တယ်။ အရင်က ခံစားရရင် စာတွေချရေးတတ်တဲ့သူတွေကို ဟားခဲ့တဲ့သူ၊ ကိုယ်ကိုယ်တိုင်ရေးမိသွားခါကျမှ ဟားခဲ့မိတဲ့သူတွေကို စိတ်ထဲကတောင်းပန်လိုက်မိတယ်။ (စိတ်ထဲကပဲလည်း ဟားခဲ့တာပါ။)

3 comments:

  1. ဟုတ်တယ် သီချင်းလေး တစ်ပုဒ်နဲ့ ပိုတူတယ်... ချရေးပါ ညီမလေးရယ်... တခါတခါ ချရေးလိုက်ရင် ရင်ထဲမှာ ပိုရှင်းသွားတတ်တယ်...

    ReplyDelete
  2. သီချင်းကဗျာလေးလို့ပဲ နာမည်တပ်လိုက်ချင်တယ် ညီမလေးခရမ်းနွယ်။ ညီမ ကဗျာလေးတွေက အတော်ချစ်စရာကောင်းပါတယ်..။

    ReplyDelete
  3. @ရွှေပြည်သူ...ရေးနိုင်ဖို့တော့ ကြိုးစားနေပါတယ်အမရေ။ အားပေးတာ ကျေးဇူးတင်ပါတယ်။
    @ပန်းချီ...သီချင်းကဗျာ ဆိုတဲ့ နာမည်လေး ကလည်း တော်တော်လှတာပဲအမရဲ့။

    ReplyDelete