Friday 12 October 2012

တော်ရာ

ငါလိုအိုင်းစတိုင်းကို ယူလ်ဘရိုင်းနား နီးနီး လုပ်နိုင်တဲ့ရေတွေရှိတဲ့ ကျွန်းကလေးပေါ်မှာ မနေချင်ဘူးကွယ်။

Thursday 11 October 2012

မျက်ရှု


မနေ့က အိမ်နဲ့ ဖုန်းပြောဖြစ်တယ်။ viber ကျေးဇူးက ကြီးလှပါတယ်။ အခုဆို ပိုက်ဆံလည်း မကုန်၊ အရင်လို နှစ်ပတ်တခါလောက်မဟုတ်ဘဲ နေ့တိုင်းနီးပါးလည်း ပြောလို့ရပြီ။ ကြားလား၊ ကြားတယ် နဲ့ မကြားရဘူး တို့ကတော့ အဓိက ဇာတ်ဆောင်တွေပေါ့။ အိမ်က သခင်မက စိတ်လိုလက်ရရှိရင် စကားလာပြောတယ်။ သူမပြောချင်တော့ဘူးဆို "ဟင်... ဘာမှ မကြားရဘူး" ဆိုပြီး သူ့အမေ ကိုယ့်ညီမကို ဖုန်းပြန်ပေးလိုက်တတ်တယ်။ တခါတလေများ ကိုယ်က ပြောချင်လွန်းရင် ဘာမှာမလဲ၊ မုန့်လား အင်းကျီလားလို့မေးခိုင်းတယ်ဆိုမှ ဖုန်းလာကိုင်တယ်။ "ဂါဝန်လေးလေ… ချောကလက်လေ" နဲ့ ဒါလေးတောင် မသိဘူးလားဆိုတဲ့ပုံနဲ့ ဖုန်းလာဖြေတော်မူတယ်။ မနေ့ကတော့ ထူးထူးခြားခြား သီချင်းတွေ ဆိုပြနေတယ်။ ဘာကောင်မလေးမှန်းကို မသိဘူး။ ညီမကလည်း အခု အတင်းတုပ်စရာ နောက်တယောက်အကြောင်း ထပ်ရသွားတယ်။ ကိုယ်နဲ့ညီမက အမေ့အတင်းတုတ်နေကြ။
 
ကိုယ့်အမေက သူ့မြေးနဲ့ တည့်လိုက် မတည့်လိုက်ပါပဲ။ မတည့်တဲ့အချိန်တွေကတော့ သူ့မြေးမုန့်စားချိန်နဲ့ ကိုယ့်ညီမ အိပ်ပြီး တီဗီကြည့်တဲ့အချိန်ပေါ့။ တနေ့ သမီးလေးက သူ့အဖေနဲ့အပြင်ကပြန်လာလို့ မုန့်ပါလာတယ်။ အိမ်ထဲလည်းဝင်လာတဲ့အချိန် ကိုယ့်အမေက ဧည့်ခန်းထဲမှာ ထိုင်နေတာလည်းတွေ့ရော မုန့်ထုပ်ကို သူ့ကိုယ်နောက်ကို ဖွက်လိုက်တယ်။ ညီမလေးက အိမ်အပေါ်ထပ်မှာဆိုတော့ လှေခါးရင်းသွားပြီး "မေမေရေ… မေမေရေ" နဲ့ အော်ခေါ်တော့တာပဲ။ ကိုယ့်အမေဆို ဆွေ့ဆွေ့ကို ခုန်နေရော။ ကိုယ်တို့တီဗီကြည့်ရင် တခါတလေ ဆက်တီပေါ်မှာ လှဲပြီး ကြည့်တတ်ကြတယ်။ ခါးနောက်ခုတဲ့ကူရှင်လေး ဒါမှမဟုတ် အရုပ်တွေကို ခေါင်းအုန်းရင်းပေါ့။ အဲ့ဒါ တနေ့ ကိုယ့်မေမေက ကူရှင်ခေါင်းအုန်းရင်း အိပ်ပျော်နေရော။ သမီးနဲ့ သူ့အမေ၊ ကိုယ့်ညီမက သမီး အကြိုက် ကာတွန်းကားကြည့်နေရင်း ညီမက ပျင်းလာတော့ လှဲအိပ်လိုက်တယ်။ အဲ့ဒီမှာ သမီးလေးက ဘာမပြော ညာမပြောနဲ့ ကိုယ့်အမေအိပ်နေတဲ့ ခုံကိုသွားပြီး ခေါင်းအုန်းကို သွားဆွဲထုတ်တယ်။ ပြီးတော့ မေမေရော့ ဆိုပြီး ကိုယ့်ညီမကို သွားပေးတယ်။ ကိုယ့်အမေက လန့်နိုးပြီး ပြုံးရမလို၊ ဆူရမလိုဖြစ်သွားရရော။ အဲ့ဒါမျိုးက သူ့အမေမှမဟုတ်ဘူး သူ့အဖေအိပ်နေလည်းအဲလိုပဲ။ သူ့အဖေကိုဆို ပိုသဲသေး။ အိမ်မှာက အဲ့ဒီလိုကူရှင်လေးက တခုပဲရှိတာ။ သူ့အဖေရော အမေရော အတူတူဆို သူ့အဖေကို ဦးစားပေးတယ်။

ဒင်းအကြောင်းကတော့ ပြောလို့ကို မကုန်နိုင်ဘူး။

Tuesday 9 October 2012

ဂိုးဂွင့်ဂွက်ဂွေ

တရွေ့ရွေ့နဲ့ တွေ့လိမ့်နိုးနိုး
တိုးဝင်လာခဲ့မိတယ်…
လမ်းမသိတော့လည်း ဖြည်းဖြည်းလေးပဲပေါ့ကွယ်။

တမြေ့မြေ့နဲ့ မွေ့လိမ့်နိုးနိုး
တမ်းတနေခဲ့မိတယ်…
ကမ်းမရှိတော့လည်း ဝေး...ဝေး...သွားရင်းပေါ့ကွယ်။

တပွေ့ပွေ့နဲ့ ပြည့်လိမ့်နိုးနိုး
တိုင်တည်နေခဲ့မိတယ်
စန်းမရှိတော့လည်း ဆွေးဆွေးလေးပဲပေါ့ကွယ်။


တကယ်တော့ ဒီကဗျာက စပ်ရင်း စဉ်းစားရင်းနဲ့ ဂိုးဂွင့်ဂွက်ဂွေ ဖြစ်သွားရရှာတာ။ မဖျက်ရက်တာနဲ့ပဲ တင်လိုက်တာ။ ရုပ်ဆိုးပေမယ့်လည်း ကိုယ့်သားသမီးတော့ ချစ်ကြတာချည်းဆိုတော့လည်းလေ...။