Tuesday, 12 April 2011

မှ...သို့...သူငယ်ချင်း

သမုဒယကြိုး နှောင်မည်စိုး၍
သွေတိမ်းရှောင်ဖယ် ဖြေပါလေလည်း
တွယ်ငင်ရစ်ပတ် နှောင်ကြိုးထပ်ပြီ
မဖြေရက်ဘူး သိရဲ့လား...။

သန္တာန်စိတ်ထွေ ဖီလာလေလည်း
တုံ့လှည့်မေတ္တာ ရောင်ပြန်လင်းလက်
ဒီတသက်ဖြင့် မှိန်ဖို့ခက်ပြီ
တသက်အလင်း တည်စေသား...။

ဝေးကွာခြင်းတွေ တားဆီးနေလည်း
ကိုယ်စီစိတ်ထဲ မြတ်နိုးဆဲမို့
*ထားခဲ့မေတ္တာ ပြန်ရေတွက်ရင်း*
မိုင်တိုင်တွေကို ရီပြစ်မယ်...။

*...* ထပ်တိုးစာကြောင်း (၂၇ ၀၅ ၂၀၁၁)

အသိ၊ သူငယ်ချင်း၊ ဆွေမျိုးဆိုလို့ တယောက်မှမရှိဘဲ ရောက်လာခဲ့ရတဲ့နေရာသစ်တခုမှာ အရာအားလုံးမဟုတ်ပေမယ့် တန်ဖိုးထားတဲ့၊ လက်ခံတဲ့အရာတော်တော်များများ တူညီနေတဲ့ သူငယ်ချင်းလေးတွေ ရခဲ့တယ်။ ကိုယ့်မောင်နှမချင်းတောင် ကိုယ့်နဲ့ ထပ်တူထပ်မျှ မဖြစ်တဲ့ လောကကြီးမှာ သူတို့နဲ့လည်း အခြေအတင်တွေအများကြီးရှိခဲ့ပါတယ်။ ဒါတွေကို ကြိုးစားနားလည်ပေးကြရင်းနဲ့ ကိုယ့်ဘေးမှာ လိုအပ်မှုတိုင်းနီးပါးအတွက် အမြဲအဆင်သင့်ရှိပေးတဲ့ သူငယ်ချင်းနှစ်ယောက်အတွက် အမှတ်တရပါ။ ကိုယ်ကိုယ်တိုင်က သံယောဇဉ်တွယ်မိရင် မီးခိုးမဆုံး မိုးမဆုံးမို့ အစကတော့ ရှောင်ဖယ်ဖယ်ရှိခဲ့ပေမယ့် ကြာတော့လည်း အချစ်ဆုံးတွေ ဖြစ်လာကြတာပါပဲ။