Saturday 26 March 2011

အင်ဥဟင်း



ဒီမှာနေလာတဲ့ သုံးနှစ်ကျော်အတွင်းမှာ ပထမဆုံးအကြိမ် အင်ဥကို တွေ့ တာပါပဲ။

အိမ်မှာ အင်ဥချက်ရင် အမေက ဘယ်တော့မှ ကိုယ့်ကို မချက်ခိုင်းချင်ဘူး။ တစ်ပိဿာ ချက်ရင် ငါးဆယ်သားတောင် အနိုင်နိုင်ကျန်တတ်လို့ပါ။ ချက်ရင်းနဲ့ မြည်းတယ်ဆိုပြီး စား စား ပစ်လိုက်လို့။ အင်ဥတမျိုးတည်း အဲလိုလုပ်တာပါ။

ဟင်းမြည်း ချင်လို့သာချက်ချင်တာ။ အင်ဥကိုတော့လုံးဝမဆေးချင်ဘူး။ တစ်လုံးချင်းဆေးရတာ တော်တော်မသက်သာတဲ့အလုပ်။ အဲဒီ တစ်လုံးချင်းကို လေးခါလောက်ဆေးမှ တော်ရုံကျတာ။ မဟုတ်ရင် သဲတရှပ်ရှပ်နဲ့ လုံးဝစားလို့မကောင်းဘူး။

ပြီးရင် ပါးပါးလှီးရသေးတယ်။ အထဲမှာ အနှစ်က အဖြူရောင် နဲ့  အမဲရောင် နှစ်မျိုးရှိတယ်။

တခါသား အဖွားက ဟင်းကူပြီးချက်ပေးမယ်ဆိုပြီး မီးဖိုထဲဝင်လာရော။ အင်ဥလှီးနေတာလဲတွေ့ရော ကျွန်မကို ဟဲ့ မကောင်းတဲ့အမဲတွေကို ဘာလို့ ထည့်လှီးနေတာလဲတဲ့။ အဖွား အင်ဥကို မသိတာ တော်တော်လေးအံ့သြသွားမိတယ်။ အဖွားက မော်လမြိုင်လဲ မော်လမြိုင်သူ၊ ဟင်းချက်လဲအရမ်းကောင်းတဲ့သူလေ။ အင်းလေ မော်လမြိုင်မှာ အင်ဥမရှိလို့နေမှာပေါ့။

သီး သီး တုန်းကလဲတခါ အသီးခွဲကြည့်တော့ အထဲမှာ မဲကုန်ဘီဆိုပီး လွှင့်ပစ်တာလေ။ သီး သီး အရမ်းကြိုက်တဲ့ ကျွန်မ တော်တော်ငိုချင်သွားတယ်။

အင်ဥအကြောင်းကနေ ဘေးရောက်ကုန်ပါဘီလေ။ ပြန်ဆက်ရရင်က ဒီမှာ ကိုယ်တွေ့ ခဲ့တဲ့အင်ဥက ရေကို ပြောင်အောင်ဆေးပြီးသားတွေ။ တော်တော်လေးတော့ ၀မ်းသာသွားတယ်။

အိမ်ပြန်ရောက်တော့ ရေတခါလောက် အာပတ်လွတ် ထပ်ဆေး၊ ပါးပါးလှီးထား။ ကြက်သွန်ဖြူ နီထောင်း၊ ဆနွင်းထည့် ဆီသတ်၊ ခရမ်းချဉ်သီးထည့်၊ အရောင်တင်မှုန့်ထည့်။ ခရမ်းချဉ်သီးလိပ်ပြီဆို လှီးထားတဲ့အင်ဥထည့်။ အပေါ့အငန် လိုသလိုမြည်း၊ ရေထည့်ပြီး ခန်းအောင်တည်။ လိုသေးရင် ရေထပ်ထည့်ပေါ့လေ။

ဒီကအင်ဥမှာ ပြောစရာတခုရှိတာက မြန်မာပြည်က အင်ဥလို မနုဘူး။ သားရေဖတ်နဲ့  နည်းနည်းဆင်တယ်။ ဒါပေမယ့်လည်း အလွမ်းပြေ ရှားရှားပါးပါး လူတကာ မနာလိုဖြစ်ရတဲ့ဟင်းတော့ စားလိုက်ရတာပေါ့လေ။ ချက်ပြီး FB ပေါ်တင်လိုက်လို့။

အိုးမဲ့အိမ်မဲ့နေ့ ရက်

ပင့်ကူလေးကတော့
အစေးအမျှင်
သူ့ ချည်ခင်တွေနဲ့ 
နှောင်ငင်ရက်ချုပ်
အိမ်လုပ်ပြီးနေတယ်။

ငှက်ကလေးကလည်း
မြက်ခြောက်ထုံးသီ
ကောက်ရိုးတွေစီထည့်
အိမ်ဖွဲ့ ပြီးနေတယ်။

ခါချဉ်နဂျီ
ခြတိုင်းပြည်မှာလည်း
ကိုယ်စီသက်ဆိုင်
အိုးပိုင်အိမ်ပိုင်လေးတွေနဲ့ ။

လူတွေခမြာမှာတော့
ခြံမြေရောင်းတမ်း
ကိန်းဂဏန်းတွေကြောင့်
အိမ်ခန်းအငှားတွေအဖြစ်
မြို့ ပြရဂုံ
အပူဘုံမှာ
သိုက်မြုံမဲ့နေရှာလေရဲ့ ။

မောင်နန်းဝေ (ဗန်းမော်)
*****

ရန်ကုန်မှာနေတုန်းက တိုက်ခန်းခ တနှစ်စာချုပ်ရေးအတွက် စိတ်တွေညစ်ကြရတိုင်း အမြဲပြန်ပြန်ဖတ်ဖြစ်တဲ့ကဗျာလေးပေါ့။ ကူးထားတဲ့နေ့ စွဲရယ်၊ မဂ္ဂဇင်းနာမည်ရယ် မှတ်မထားမိဘူး။ ဘာရယ်မဟုတ်ပါဘူးလေ။ အတူနေခဲ့တဲ့သူတွေကို သတိရလို့ ။ 

မိဘတွေနဲ့ ဆယ်တန်းအောင်ကတည်းကခွဲပြီး တနယ်တကျေးမှာပဲ အလုပ်လုပ်တဲ့ကိုယ့်အတွက်တော့ အတူနေတဲ့အခန်းဖော်တွေကပဲ ညီအစ်မတွေဖြစ်လာကြတယ်။ ရန်ကုန်မှာက ငါးယောက်နေတဲ့အသိုက်အမြုံလေးပေါ့။ ခုတော့ သုံးယောက်နေတဲ့ အသိုက်အမြုံလေးထဲရောက်နေပြန်ရော။ ဒါပေမယ့် အဲဒါလဲကြာကြာမခံပါဘူး။ ခုတော့ နှစ်ယောက်ထဲကျန်တော့တယ်။ အမကတော့လွတ်ရာလွတ်ကြောင်းပြေးပြီး)။ ရှေ့မှာ ဘယ်လိုအသိုက်အမြုံလေးတွေနဲ့  ထပ်ကြုံရအုန်းမယ်မသိ။ 

တခါတလေလည်း ဘာကြောင့်များအတည်တကျမနေရပါလိမ့်လို့စဉ်းစားမိတယ်။ ခုဆို လူများများနဲ့ သိုက်သိုက်ဝန်းဝန်းမနေတတ်တော့တာခက်တယ်။ နားညည်းစိတ်ရှုပ်လာရော။ ကိုယ့်ရဲ့ရင့်ကျက်မှုအတိုင်းအတာက အသက်နဲ့ပြောင်းပြန်များ အချိုးကျနေလားဆိုတာ ပြန်စဉ်းစားရအုန်းမယ်။ အမေပြောသလို တယောက်ထဲဒီလောက်တောင်နေချင်နေရင် လယ်ကွင်းထဲက သစ်ပင်ခွကြားမှာ သွားထိုင်နေတဲ့။ ဘာသွားစားရပါ့။ ခက်တယ်။

… (+ သို့ -) ...

လူတစ်ယောက်ကို တစ်ယောက်က ချစ်တဲ့အချစ်ဟာ ရိုးသားသန့်စင်ဖို့လိုအပ်မယ်လို့ ထင်မိတယ်။ အပြန်အလှန်နားလည်မှုတွေလိုသလို မျှော်လင့်ချက်တွေလည်း ပါမယ်။ မျှော်လင့်တဲ့အတိုင်းဖြစ်မလာတဲ့အခါ ကွာဟချက်တွေ၊ နားလည်မှုလွဲမှားတာတွေဖြစ်လာနိုင်တာပဲ။

ပေးဆပ်ခြင်းတွေရှိနိုင်သလို ပြန်လည်ရယူလိုမှုတွေလည်း ရှိမှာပဲ။ ချစ်တဲ့သူဆီကသာ လိုချင်တဲ့ လိုအပ်မှုမျိုးပေါ့။ “ကိုယ့်ရဲ့အချစ်ကတော့ ပေးဆပ်မှုသက်သက်ပဲ“ လို့ဆိုရင်တောင် ကိုယ်ချစ်တဲ့ အဲဒီလူကိုပဲပေးဆပ်ချင်တာလေ။ “အဲဒီလူ“ ဆိုတဲ့အရာကပဲ ကိုယ်ကပြန်ရလိုက်ခြင်း၊ ကိုယ့်ရဲ့ရယူလိုခြင်း ပဲဖြစ်မယ်။ သူ့ဆီက ဘာမှပြန်မမျှော်လင့်ပါဘူးဆိုရင်တောင် “သူ“ ဆိုတဲ့အရာကပဲ ကိုယ့်မျှော်လင့်ချက်လေ။

နာကျင်ခြင်းတိုင်း ဟာမခါးသီးပါဘူး။ ဒါပေမယ့် ဝမ်းနည်းရခြင်းကတော့ ကိုယ့်အတွက်ခါးသီးတယ်။ အဲဒါနဲ့အတူ သိမ်ငယ်မှုကပါ ရောပါလာနိုင်တယ်လေ။ တစ်ယောက်ကမြင့်မားပြီး ကျန်တစ်ယောက်ကနိမ့်ကျနေမှသာ သိမ်ငယ်တာမဟုတ်ပါဘူး။ ချစ်ရတဲ့သူရဲ့ သေးငယ်တဲ့ ဂရုစိုက်မှုလေးတစ်ခု၊ အသိအမှတ်လေးတစ်ခုကို ပိုင်ဆိုင်လိုချိန်မှာ မရရှိလိုက်ရင်လဲ ဝမ်းနည်းသိမ်ငယ်မိတာပါပဲကွယ်။

တွေးမိရောက်ရာ

ကိုယ်ကသာစာမရေးတတ်တာ၊ စာရေးကောင်းတဲ့သူဆို ကိုယ်အင်မတန်သဘောကျတာ။ ကြိုက်တဲ့စာတွေဆို သိမ်းထားပြီး ပြန်ပြန်ဖတ်ရတာအမော။ ဘာဖြစ်လို့လည်းဆိုတော့ သိမ်းထားရလောက်အောင်ကြိုက်ရတဲ့စာတွေက အမြဲလိုလိုမှမဖတ်ရတာ။ ဂျူး ဆို တအုပ်ဆို၊ ဆိုသလောက်ပဲ။ စောင့်ရတာ လည်ပင်းညောင်ရေအိုးမကတော့ဘူး။ ဒါပေမယ့် စာရေးဆရာစွဲ မထားတော့ ဖတ်စရာသိပ်တော့မရှားဘူးပေါ့။

ရှစ်တန်း ကိုးတန်းလောက်တုန်းကတော့ မဂ္ဂဇင်းထဲက ကြိုက်သမျှစာတွေကို ဖြဲထားပြီးသိမ်းတော့တာပဲ။ အတ္တကြီးတာလေ။ အိမ်ကလည်း အဲဒီအကျင့်ကိုလုံးဝမှမကြိုက်။ နောက်တော့မှပြန်စဉ်းစားမိတယ်။ သူများတွေလည်းဖတ်ချင်မှာပဲဆိုတာ။ အဲဒီအသိကလည်း ကိုယ်တိုင်ကြုံလိုက်ရမှ သိလိုက်တာပါ။ဘယ်မဂ္ဂဇင်း၊ ဘာအကြောင်းအရာလည်းတော့ မမှတ်မိတော့ပါဘူး။ ဒါပေမဲ့ နောက်ဆုံးနိဂုံးချုပ်ခါနီးဆိုတာတော့ မှတ်မိတယ်။ စာရွက်ကြီးက ပြဲနေရောလေ။ နောက်တမျက်နှာမှာပါတဲ့ မင်းသမီးပုံကိုလိုချင်လို့နေမှာပေါ့။ ကိုယ့်မှာတော့လေ တနေကုန်နေရခက်လိုက်တာ။ နောက်စာအုပ်ဆိုင်မှာထပ်ငှားရအောင်ကလည်း စာအုပ်က လွန်ခဲ့တဲ့သုံးလေးလလောက်ကဟာဆိုတော့ နှမလက်လျော့နေလေတော့ပေါ့။

အဲဒီကတည်းက ဘယ်တော့မှစာရွက်မဖြဲတော့ဘူး။ ကိုယ်လိုချင်တာရှိရင် မိတ္တူပဲသွားဆွဲလိုက်တော့တယ်။ မိတ္တူကလည်း ဆွဲသာဆွဲရတာ၊ ဈေးကလည်းကြီးသေး။ အဲဒီတော့ မိတ္တူဖိုးက ဘတ်ငွေလေးတွေဖြစ်ကုန်တာပေါ့။ (အမေပြောသလိုပေါ့လေ။ အဖေ့ပိုက်ဆံလည်း ကျမပိုက်ဆံ၊ ကျမပိုက်ဆံလည်း  ကျမပိုက်ဆံ…တဲ့။ ကိုယ်ကသူတို့နှစ်ယောက်လုံးသမီးပဲဟာ…နော့…။) တချို့ စာတိုတာလေးတွေဆို လက်ရေးနဲ့ကူးထားလိုက်ပါတယ်။ ဒါကတော့လည်းအရင်ကတည်းကပါ။ (အမှုလေးများ နည်းနည်းပေါ့မလားလို့။) အဲဒီတော့ ကောင်းလာတာလေးတွေက စာတွေပြန်ဖတ်ရင် ခိုးမဖတ်ရတော့ဘူးပေါ့။ စာရွက်တွေလည်းမဖွက်ရတော့ဘူးလေ။ မဟုတ်ရင်အိမ်ကဆူမှာစိုးလို့ခိုးဖတ်၊ ပြီး ဖွက်နေရတာ ရည်းစာစာ ကျနေတာပဲ။ အဲဒီတော့မှလည်း စဉ်းစားမိတယ်။ ငါတော်တော်စိတ်ပေါ့သွားပါလားပေါ့။ မဟုတ်ရင် အိမ်ကသိမှာ တထင့်ထင့်နဲ့လေ။ အမေကဆူလိုက်ရင် တော်ပါတော့၊ ရိုက်သာသတ်လိုက်ပါတော့လို့ ပြောရလောက်အောင်ကို ဆူတတ်တာ။

ဘယ်မဂ္ဂဇင်း၊ ဘယ်ခုနှစ်ကမှန်းမသိတော့တဲ့ ကဗျာလေးတပုဒ်ကို အမှတ်တရလေးသိမ်းထားချင်လို့ ဘလော့ပေါ်မှာ တင်ထားလိုက်တယ်။ (တော်သေးတယ် ကဗျာဆရာနာမည်ကိုသိလို့)။ ဘေဿဝိုင်း၊ ဒီကဗျာလေးကတော့ လက်နဲ့ကူးပြီးသိမ်းထားတဲ့ ထဲက တခုပါ။

*****

ကိုငြိမ်းအမေ
ပိုက်ဆံအကြွေအသိမ်းကောင်း
မီးဖိုဘေးကပြာပုံ
အကြွေမျိုးစုံအမေဝှက်တတ်

တစ်မူး၊ တစ်ပဲ၊ တစ်မတ်

အဖေကြီးက
စည်းကမ်းတင်းတင်း
ပုံသွင်းပြင်းတတ်

တစ်နေ့…အဖေ့ရှေ့မှာ
အမေ့ဆီမုန့်ဖိုးတောင်းမိ

”ဟေ့…စည်းမရှိ၊ ကမ်းမရှိ
ပိုက်ဆံကို ဂရီး ဂရီး မပေးနဲ့” တဲ့

အဖေ့အမိန့်စကား
ဓါးတစင်းလိုထက်လို့
ဇီးရွက်ရဲ့ အချင်း မျိုးဖြစ်အောင်
သားမျက်နှာ ကျဉ်းဖြစ်နေခဲ့

အမေ့ရဲ့စကားယမထာကလည်း
အော်…အမိန့်နောက်သံယောင်လိုက်သွား

အမိန့် တုဖုံးထားတဲ့ အမေ့ရဲ့စကား
ရတနာသိုက် ညွှန်းလိုက်ပုံက

”ဟဲ့…ကောင်လေး၊ မီးဖိုဘေးကပြာတွေ
သွား…အခုသွန်စမ်း”

(ကိုငြိမ်း)

***ကဗျာခေါင်းစဉ်လည်း မသိဘူးဗျ***

ပုံး ကြိုက်တဲ့ ခင်နှမရယ်

ကိုယ်က ပုံး တွေ၊ ဗူးတွေ နဲ့  ပစ္စည်းသိမ်း ရတာ အင်မတန် ကြိုက်။ နိုင်ငံခြား ရုပ်ရှင်တွေ ကြည့် ကြည့် ပီး သူ တို့  တွေ ပစ္စည်း တွေ ကို ပုံးတွေ၊ ဗူးတွေ နဲ့  ရွှေ့နေ၊ သိမ်းနေရင် ဘာလို့မှန်းမသိ အရမ်းသဘော ကျတာ ငယ်ငယ်ကတည်းကပဲ။ ကိုယ့်ကလှည့်ကျလည်း အဲဒီလိုပဲလုပ်မယ်လို့ အမြဲတွေးမိတယ်။ သယ်ရ ပြုရ၊ ရွှေ့ရတာ သပ်သပ်ရပ်ရပ်၊ လွယ်လွယ်ကူကူရှိတယ်လို့လည်း ထင်တယ်လေ။အရင် ရန်ကုန်မှာ အလုပ်လုပ်တုန်းကလည်း ရုံးခန်းကကောင်မလေး နဲ့ခင်အောင်ပေါင်းထားလိုက်တာပေါ့။ A4 ပုံးလွတ်တွေမျက်နှာနဲ့လေ။ ပြီးရင်အိမ်ကစာအုပ်တွေ နဲ့ ပစ္စည်းတချို့ ကို ထည့်ပြီးသိမ်းထားတာပေါ့။ 

နောက် အကျင့်တစ်ခုက သိပ်အသုံးမလိုတဲ့ပစ္စည်းတွေ ကို မျက်စိရှေ့မှာမမြင်ချင်ဘူး။ အဖေကတော့ နာမည်ပေးထားတယ်။ မသိမ်းပျောက် တဲ့။ စာအုပ်တွေကို စက္ကူပုံးတွေနဲ့သိမ်းရတာ ပရုတ်လုံးဖိုးတော့ တော်တော်ကုန်တယ်။ စာအုပ်ရော၊ ပုံးရောက စက္ကူတွေဆိုတော့ ပိုးကောင်တွေအတွက်က အချိုရှာ သကာတွေ့ ပေါ့။

ဒီရောက်လာပြန်တော့လည်း အခန်းဖော်ညီမ ကို ဒုက္ခပေးရပြန်တယ်။ (ကိုယ်တို့က သုံးယောက်စုနေတာလေ။ ကိုယ်ကအလတ်။) ဘာရှိရမလဲ၊ A4 အတွက်ပဲပေါ့။ သူ့ခမျာလည်း အဲဒီပုံးတွေနဲ့ဆို လိုင်းကားနဲ့ပြန်မလာနိုင်ဘူးလေ။ အငှားကားနဲ့ ပြန်လာရတော့တာပေါ့။ ကားခလား? ပြန်မပေးပါဘူး This man နဲ့ This man ပဲဟာ နော့။ အခုလည်း ပုံးတွေထပ်လိုနေပြန်ဘီလေ။ အခန်းဖော်နှစ်ယောက်ထဲမှာ အမ တယောက် ကပြန်တော့မှာဆိုတော့ သူ့စာအုပ်တွေကို လေယာဉ်နဲ့မသယ်တော့ဘဲနဲ့ အိမ်အထိပစ္စည်းတွေပို့ပေးတဲ့နေရာကနေပဲ ပုံးတွေနဲ့ပို့လိုက်တော့မယ်လေ။ အဲဒီတော့ ပုံးတာဝန်က ညီမလေးဖို့ ထပ်ရှိလာတော့တာပေါ့။ သူ့ရုံးကလူတွေကတော့ သူ့ကိုပုံးကုန်သည်လို့တောင်ထင်နေလောက်ပြီထင်တယ်။ 

ပုံးတွေထဲ ပစ္စည်းတွေထည့်ပြုပြီး၊ အမရဲ့ တာဝန်ဖြစ်တဲ့ ချက်ပြုတ်ရေးဖက်လှည့်ကြတော့ ခြေနေ က မကောင်း။ ချက်စရာ နထ္ထိ။ ဆီ နဲ့ ဆန်ကစ အိုးလွတ်၊ ပုံးလွတ်။ (တကယ်တော့ဝမ်းသာစရာပါ။ မတော် ဆန်နည်းနည်း ကျန်နေ သေးရင် ဆန်ပြုတ်ပြုတ်ဖို့ပဲ ချောင်းနေတဲ့ ညီမလေး လက်ရာ ဆန်ပြုတ်နဲ့ နှစ်ပါးသွားနေရမှာ) အဲဒီဒေါ့ သွားနေကျ အိမ်နား က Carrefour ကိုပဲ သုံးယောက်သား ချီတက်ကြတာပေါ့။

Carrefour ရောက်တော့ လိုအပ်တာတွေ ဝယ်ခြမ်းရင်းနဲ့ ပုံးတွေလိုနေသေးတဲ့ အမတယောက် ရတနာပုံဆိုက်တော့တာပါပဲ။  Supermarket ဆိုတော့ ပစ္စည်းတိုင်း၊ ပစ္စည်းတိုင်း က ပါကင် ပုံးကြီးတွေ နဲ့ပဲပေါ့။ ပစ္စည်းတွေကို စင်ပေါ်စီလိုက် တော့ ကိုယ်တို့အကြိုက် ပုံးလွတ်တွေက အောတိုက်ပေါ့။ အမလေ ဘာလုပ်တယ်ထင်လဲ သိလား။ စောင့်ကြောင့်ကိုထိုင်ပြီး ပုံးတွေထဲက ကောင်းတဲ့ပုံးတွေကို စိတ်ကြိုက်ရွေးတော့တာပေါ့။ သူ့ကိုများ စူပါမားကတ်က ရောင်းပေးနေတယ်များထင်လားမသိဘူး။ တချို့ဈေးဝယ်သူတွေကတော့ ကွက်ကြည့်ကွက်ကြည့်နဲ့ပေါ့။ ညီမလေးကလည်းဝင်ကူလိုက်သေး၊ ကိုယ့်မှာတော့ ရုပ်တည်ကြီးနဲ့ မုန့်တီသောက်နေရတယ်။ ဝန်ထမ်းတွေများလာပြီး တားရင်အရှက်ပဲဆိုပြီး စိတ်ပူရတာလည်းအမော။ ဝယ်ခြမ်းလည်းပြီးရော သုံးယောက်သား ခပ်တည်တည်နဲ့ ပုံးခေါက်တွေမ၊ အထုပ်တွေဆွဲပြီးထွက်ခဲ့တယ်။

တကယ်တော့ Carrefour နဲ့ အိမ်နဲ့က ငါးမိနစ်စာပဲ ဝေးတာပါ။ ဒါပေမယ့် ပစ္စည်းတွေ ဗလပွနဲ့ဆိုရင်၊ လေးလည်းလေးရင် ငါးမိုင်ခရီးလောက်ထင်ရတယ်။ အဲဒီတော့ Carrefour အထွက် နည်းနည်းလည်းလှမ်းရော ဖြန့်ထားတဲ့ပုံးခွံတွေကို ပုံးပြန်ခေါက်၊ ပစ္စည်းတွေထည့်ပြီး ပြန်လာကြတာပေါ့။ ပလက်ဖောင်းမှာ စောင့်ကြောင့်လေးတွေနဲ့ပုံးခေါက်နေကြတာကို မြင်ကြည့်ကြပါအုန်း အရပ်ကတို့ရယ်။ အဲဒီတုန်းက ပစ္စည်းလေးလို့ ဇောနဲ့သာ လုပ်နေကြတာ ပြန်တွေးကြည့်တော့ ရှက်စရာကြီး။ ဒီကြားထဲ မိုက်ကြီးနဲ့ ပုံးတွေများလှမ်းတောင်းလေမလား တထိတ်ထိတ်နဲ့လေ။ တောင်းလည်းသိမှာမဟုတ်ပါဘူးလေ။ ကိုယ်ကအဲဒီလိုကြောင်တယ်။ အမ နဲ့ ညီမလေးကတောင် လောင်နေသေးတယ်၊ ကြောင်ပ ဆိုပြီးလေ။ ဘာလို့ဆို အဲဒီလိုယူလို့ ရ၊ မရ မသိဘူးလေ။ မေးလည်း စကားကမှ မပေါက်။ အိမ်ပြန်ရောက်မှ ဟင်း ချနိုင်တော့တယ်။

အိမ်ပြန်ရောက်လို့ အားလုံးချက်ပြုတ်ပြီးတော့ ကိုယ့်ရဲ့တာဝန်ဖြစ်တဲ့ ချက်ကျွေးသရွေ့လေးကို မငြီးငြူတမ်း၊ စေတနာ ဗလပွနဲ့ အများတကာစိတ်ချမ်းသာအောင်စားပေးလိုက်တာပေါ့။

လှ...ခဲ့ချိန် ?

 ဒီနေ့ ပျင်းပျင်းရှိတာနဲ့ အိမ်မှာနေရမှာလည်း မနေချင်တော့ စာလေးဘာလေးလုပ်ရအောင်ဆိုပီး အိမ်နဲ့ နီးတဲ့ ပန်းခြံလေးထဲသွားထိုင်မိတယ်။ ကြားရက်ဆိုတော့ လူရှင်းမယ်ထင်ပြီးပေါ့။ ဒါပေမယ့် သပွတ်အူမျောလာတာထက်ဆိုးသွားတယ်။ လူတွေ လူတွေဆိုတာတအားပဲ။ အလယ်တန်းကျောင်းသားအရွယ်လေးတွေက ပိုများတယ်။ သူတို့အတွက် ဘာပွဲများရှိလဲမသိဘူး။ သူ့အစုလိုက် အစုလိုက်နဲ့ လွတ်လပ်ပျော်ရွှင်နေလိုက်ကြတာ။ 

ချစ်သူစုံတွဲလေးတွေကလဲ ခုံတန်းလေးတွေပေါ်မှာထိုင်နေကြတယ်။ တချို့လူရွယ်တွေနဲ့ အဖိုး၊ အဖွားတွေကတော့ လမ်းလျှောက်သူကလျှောက်၊ ပြေးသူကပြေးနဲ့ ညနေခင်းလေးက အရမ်းကို အသက်ဝင်လွန်းနေတယ်။ အဲ့ဒါနဲ့  စာမလုပ်ဖြစ်မယ့်အတူတူ လမ်းတပတ်လောက်လျှောက်ပီး လူရှင်းတဲ့နေရာက ခုံလေးမှာထိုင်ရင်းသူတို့ကို ငေးကြည့်နေမိရင်းက ငါ့နိုင်ငံမှာဆိုရင် ဆိုပြီးတွေးမိသွားပီး ကဗျာမမှီ စာမပီလေး တခုကိုချရေးဖြစ်ခဲ့တယ်။ အပြန်လမ်းမှာတော့ ခူးဖို့ တေးထားတာကြာနေတဲ့ မြက်ပန်းလေးတွေကို ပန်းအိုးထိုးဖို့ ခူးခဲ့တယ်။
*****

လှ...ခဲ့ချိန်?

စိမ်းစိုနေတဲ့ မြက်ခင်းတွေ

ပြုံးရယ်နေတဲ့ ကြယ်လေးတွေ

အလင်းရောင်တလက်လက်နဲ့  လမ်းသစ်၊ နေ့ သစ်မှာ
မျှော်လင့်ချက်လတ်လတ်ဆတ်ဆတ်တွေနဲ့  မီးခဲလေးတွေ

အစွမ်းကုန်တောက်ပခွင့်ရခဲ့တဲ့အတွက်
ဘဝကိုကျေနပ်နေခဲ့ကြတဲ့ ဥက္ကာပျံတွေ

...တွေ
.............တွေ
.......................တွေ နဲ့ 

လောကဟာ သာယာနေခဲ့ပါတယ်။

ဒါပေမယ့်ကွယ်...

လှပစေဖို့ အတွက် ညှိပေးမလိုလိုနဲ့ 
အမြစ်ကနေအတူးခံနေရတဲ့ မြက်ခင်းတွေ

ချစ်လို့ စ ပါတယ်ဆိုပေမယ့်
စ သူပျော်စေဖို့  ငိုနေရတဲ့ကြယ်လေးတွေ

အေးမြစေဖို့ ဆိုတဲ့ စေတနာတပတ်နွမ်းနဲ့ 
ရေလောင်းခံလိုက်ရတဲ့ မီးခဲလေးတွေ

နောက်ဆုံးအချိန်မှာတောင် အလင်းလက်ဆုံးတောက်ပခွင့်မရတဲ့
ချောင်ထဲရောက် ဥက္ကာပျံတွေ

...တွေ
.............တွေ
.......................တွေ နဲ့ 

လောကဟာ အကျည်းတန်လာနေပြီလား !!!