Thursday 2 April 2015

ဖြစ်စဉ်

လွမ်း၍
လွမ်းလျက်
လွမ်းရက် ဆက်လည်း
မျှော်သူ မပေါ်
မခေါ်မဝံ့
ကိုင်သူဆွံ့၍
အနီရောင်လေး တလုံး
အသံတွေ သုဉ်းနေလေရဲ့...။

Thursday 17 April 2014

သီတာ

မင့် တချက် တိုက်အစား
ခပ်ပါးပါးလေး အမှတ်နဲ့
သေစေမညွှန်းခဲ့ပေမယ့်လည်း
ဦးစိုက် ကျွမ်းပြန်လို့
အမြစ်ကစ ပြို...လဲ...
ငါ့အတွက်တော့
တကမ္ဘာလုံးစာပါပဲ...



Wednesday 16 April 2014

သူ့ အနမ်း

ပါးပြင်ပေါ်က အတွေ့တချက်
အနမ်းပီပီ ညံ့သက် နေရမယ့်အစား
ကတိုက် ကရိုက် နဲ့
အဖြစ် ဆန်လွန်း တာကြောင့်…
မော့… အကြည့်

 သြော… မင်းကိုး… ယုဒရယ်။ ။


ခရစ်ယာန်တွေရဲ့ ဝါတွင်းကာလရောက်နေတော့ လူငယ်ခေါင်းဆောင်က ဝါတွင်းဖတ်ရမယ့် ကျမ်းပိုဒ်ကို စာအုပ်ထဲကနေ ကူးရိုက်ပေးဖို့ အကူအညီတောင်းတာနဲ့ ရိုက်ပေးရင်း ခေါင်းထဲဝင်လာတဲ့ အပိုင်းအစလေးတွေကို ချရေးမိဖြစ်သွားတယ်။

Friday 25 January 2013

မနိုင်ဝန်



Flower Story ဆိုတဲ့ လင့်လေးက ဖဘမှာ ကိုယ်အမြဲသွားနေကျ နေရာလေးပေါ့။ အဲ့ဒီထဲကပုံတွေကိုကြည့်လိုက်တိုင်း စိတ်ချမ်းသာရတယ်။ ဒီပုံလေးတွေ့တော့ ကဗျာလေးတပိုင်းတစတောင် ခေါင်းထဲရောက်လာတယ်။ ချတော့မရေးဖြစ်လိုက်ဘူး။ အဲ့ဒါ အိပ်ခါနီးခါမှ စာသားတွေက ဘယ်ကဘယ်လိုထပ်ထွက်လာမှန်းမသိတာနဲ့ ကမန်းကတန်းပြန်ထ၊ စာရွက်ယူပြီး ချရေးထားလိုက်တာ။

Monday 10 December 2012

သမီးငယ်

ဒီအချိန်ဆို ကိုယ်တို့မြို့မှာ အေးနေလောက်ပြီ။ နိုဝင်ဘာကနေ ဖေဖော်ဝါရီအထိဟာ ကိုယ်တို့မြို့လေးမှာပဲ ကိုယ်အနေချင်ဆုံး အချိန်လေးတွေပေါ့။ အခုနောက်ပိုင်း အိမ်ကိုလွမ်းတဲ့အလွမ်းမှာ သခင်မလေး တပါးပါ ပိုလာပေါ့။ အခုလဲ ရုံးမှာ အလုပ်တွေပါးနေတုန်း ဒေါင်းလုပ် လုပ်ထားတဲ့ပုံတွေပြန်ကြည့်ရင်း သူ့ပုံတွေတွေ့လို့ သူ့အကြောင်းရေးချင်လာမိတယ်။
 
ဒီပုံလေးက မိုးတွေရွာနေတာကို ငေးကြည့်နေတာဆိုပဲ။ ညီမလေးက ဒီပုံလေးပို့လိုက်ရင်းနဲ့ အဲ့လိုလေး ရေးပေးလိုက်တယ်။ ကိုယ် အရမ်းသဘောကျသွားတယ်။ ငယ်ငယ်လေးကတည်းက သဘာဝကိုချစ်တတ်တာကိုပေါ့။ ကိုယ်သူနဲ့ အကြာကြီးမနေလိုက်ရပါဘူး။ ဒါပေမယ့် နေဖြစ်သရွေ့လေးမှာ ကိုယ်တတ်နိုင်သလောက်လေး သူ့ကို ထိန်းပေးခဲ့တယ်။ သူက ဆိုင်ကယ်စီးရတာ အရမ်းသဘောကျတာ။ ညနေတိုင်း ဆိုင်ကယ်ပတ်စီးပေးရတယ်။ ငယ်သေးတော့ နောက်က ထိုင်ခိုင်းရင် ပြုတ်ကျမှာစိုးလို့ ကိုယ့်ရှေ့မှာ ခေါ်ထားပြီး လက်တဖက်က သူ့ကို ထိန်းပြီး ဖြေးဖြေးမောင်းပေးရတယ်။ အဲ့ဒါကို သခင်မက ဖြေးဖြေးမောင်းလို့ဆိုပြီး “မြန်…. မြန်...” နဲ့ တတ်တဲ့တလုံးထဲနဲ့ ဆရာလုပ်သေးတယ်၊ နောက်ပြီး သူ့ကို ကိုင်ထားလို့ဆိုပြီး လက်ကို ဆွဲဆွဲဖယ်တယ်။ သူနဲ့ဆိုင်ကယ်စီးတိုင်း တလမ်းလုံး ရန်ဖြစ်လာရတယ်။ တခါတခါများ မတ်တပ်ထရပ်လိုက်သေးတယ်။ တခါက အိမ်ပြန်ရင်း မိုးရွာလာတော့ ကိုယ့်က သူစိုမှာစိုးလို့ နည်းနည်းသက်သာလည်းတော်သေးတယ်ဆိုပြီး ခေါင်းပေါ်လက်အုပ်ထားတာ မမက ဆွဲဖယ်ပြီး မျက်နှာကိုမော့၊ မိုးစက်တွေ မျက်နှာပေါ်ကျလာတာ သဘောကျပြီး တဝေးဝေးနဲ့ ထအော်တော့တာပဲ။ ပြီးတော့ “ပြန်ဘူး၊ ပြန်ဘူး” က လုပ်သေးတယ်။
 
ဒုတိယတခေါက် သူနဲ့ပြန်တွေ့ချိန်မှာ သူစကားနည်းနည်းပါးပါးပြောတတ်နေပြီ။ ညတိုင်ကျရင် ကိုယ်က ကိုယ့်အကြိုက်ဆုံး ကလေးသီချင်း Twinkle Twinkle ဆိုဆိုပြတယ်။ ကိုယ်စာသင်ခဲ့တဲ့ တလျောက် ကလေးတွေက အဲ့ဒီသီချင်းလေးကို ကြိုက်ကြတယ်။ ညီမလေးက သမီးလေးကို ကိုယ်ဝန်ရှိကတည်းက ဘိုက်နား ရေဒီယိုကပ်ထားတတ်တယ်။ သူကလေးကမွေးပြီးတပတ်လောက်ကတည်းက ရေဒီယိုက သီချင်းသံကြားရင် ခေါင်းလည်နေအောင်ကို အသံလာရာဆီ လိုက်လိုက်ကြည့်တတ်နေရော။
 
သူ့ကို သိပ်ရင် အရမ်း သိပ်ရခက်တယ်။ အိပ်ချင်ပြီဆိုရင်၊ စိတ်ကြည်နေရင်တော့ ခန နဲ့အိပ်တယ်။ သူ့ကိုသိပ်ရင် ဆိုနေကြ ဘုရားသီချင်းလေးရှိတယ်။ အဲ့ဒါလေးနဲ့ ချော့သိပ်နေကြ။ တနေ့ သူ့နေ့လည်အိပ်ချိန်မှာ သူစိတ်ကြည်ကြည်လင်လင်နဲ့မိုလို့ ပုခက်ထဲထည့်လိုက်တာနဲ့ မျက်လုံးတန်းမှိတ်ပြီး အိပ်တော့မယ်ပေါ့။ ကိုယ်က ဆိုနေကျသီချင်းလေးဆိုလိုက်တယ်။ ဆိုရင်းနဲ့ ကိုယ်က ဒါကြီးပဲဆိုပြီး တခြားသီချင်းပြောင်းဆိုတာ မျက်လုံးဖျတ်ခနဲဖွင့်ပြီး တဟမ်းဟမ်းနဲ့ လုပ်တော့တာပဲ။ အဲဒါနဲ့ ဆိုနေကျသီချင်းပြန်ဆိုမှ ဟင်းးးးးး ဆိုပြီး သက်ပြင်းချပြီးမှ မျက်စိပြန်မှိတ် အိပ်သွားတယ်။
 
အဲ… အဲဒါနဲ့ အစပြန်ကောက်ရရင် Twinkle Twinkle Little Star သီချင်းလေးကို သူ့ဆိုပြရင်း မိုးပေါ်ကို လက်ညှိုးထိုးပြီး
 
“Star ဆိုတာ အဲ့ဒီကြယ်ကလေးတွေကိုပြောတာလေ သမီးရဲ့” 
 
လို့ ပြောပြတာပေါ့။ ညည ဆိုင်သိမ်းပြီး ပြန်လာလို့ သူ့ကို ချီလာရင် ပုံမှန်မချီပဲ ကိုယ့်လက်နှစ်ဖက်ပေါ်မှာ ပက်လက်ကြီးလုပ်ပြီး ကိုယ်က
 
“သမီး ကောင်းကင်ကြီးပေါ်မှာ ကြည့်စမ်း ကြယ်လေးတွေ”
 
လို့လည်း ပြောပြောပြနေကြ။ အဲ့ဒီတော့ သူက နောက်ဆို ညတိုင် ဆိုင်ကပြန်လာရင် ပုံမှန်ချီထားရင် ခေါင်းကြီးမော့မော့ပြီး မိုးပေါ်ကြည့်ရတာအမော။ အဲ့ဒီကျရင် ကိုယ်က အလိုက်တသိ ပက်လက်ကြီးဖြစ်အောင် ချီပေးရတယ်။ ဘေးကဆိုင်နီးချင်းတွေကတော့ထင်မှာပဲ။ ကလေးတောင်မချီတတ်ဘူးဆိုပြီး။ တိမ်ထူလို့ ကြယ်မထွက်ရင်၊
 
“တီတီ ကြယ် ရှိဘူး၊ ကြယ်ရော”
 
နဲ့ မေးတော့တာပဲ။
 
တနေ့ ညနေခင်း မမှောင်တမှောင်မှာ အိမ်ရှေ့ ဂိတ်အဝင်ဝမှာ ငုတ်တုတ်လေး ထိုင်ပြီး ဘာလုပ်နေမှန်းမသိလို့ ညီမလေးက
 
“သမီး ဘာလုပ်နေတာလဲ အိမ်ထဲဝင်”  ဆိုတော့ “ကြယ်ကြည့်နေတာ” တဲ့ ခပ်တည်တည်ပဲ။ 
 
အဲလိုပြန်ပြောပြီး ထိုင်ရာက မထဘူး။ ကိုယ်သူ့ဘေးနားသွားပြီး ဘယ်ကြယ်ကိုများကြည့်နေလဲလို့ သွားကြည့်တာ ကိုယ်လဲသတိထားမိတဲ့ မမှောင်ခင်မှာဆို မြင်ရလေ့ရှိတဲ့ ကြယ်တလုံးဖြစ်နေတယ်။ တကယ်တော့ ဂြိုလ် ဖြစ်မယ်ထင်ပါတယ်။ ကောင်းကင်ကြီးတခုလုံးမှာ အဲ့ဒီကြယ်လေးတလုံးပဲ မြင်ရသေးတာ တကယ်တော။့ ပြီးတော့ မျက်နှာချင်းဆိုင်အိမ်က အပင်တွေက ကွယ်နေတတ်သေးတယ်။ အဲ့ဒါကို သူမို့ တွေ့တတ်တယ်။ သူ့လို ငုတ်တုတ်ထိုင်လိုက်မှ အရွက်တွေကြားက အဲ့ဒီကြယ်ကလေးကိုမြင်ရတော့ ကိုယ်တို့ တူဝရီးနှစ်ယောက်သား ထိုင်ကြည့်ခဲ့ကြတယ်။
 
 
လွမ်းလိုက်တာ သမီးလေးရယ်။

Sunday 18 November 2012

ချစ်လို့

ခရီးထွက်ပြီးပြန်လာတဲ့သူကိုတော့ ခရီးထွက်စဉ်က အတွေ့အကြုံတွေအကြောင်း ပြောစေချင်မှာကတော့ ခန့်မှန်းလို့ရပါတယ်။ ဒါပေမဲ့ ပထမဦးဆုံးတော့ ခရီးထွက်တယ်ဆိုတာကို ဘယ်လိုကျွန်မနားလည်လဲဆိုတာကို ပြောပြချင်ပါတယ်။ အရိုးဆုံး၊ အရှင်းဆုံးပြောရမယ်ဆိုရင်တော့ ခရီးသွားတယ်ဆိုတာ မိမိနေရာအရပ်မှ အခြားသို့သွားခြင်းပါပဲ။ ကိုယ့်နေရာအရပ်ကနေ အခြားအရပ်တစ်ခုကို သွားတယ်ဆိုတာကတော့ အကြောင်းရှိတတ်ပါတယ်။ ပညာကိစ္စ၊ အလုပ်ကိစ္စတွေကြောင့်၊ မိသားစုကိစ္စ၊ လူမှုရေးကိစ္စတွေကြောင့် ဘာသာရေးအရ ဘုရားဖူး၊ အဓိဌာန်ပြုစသည်တို့ကြောင့်၊ မွေးရာပါခြေဖဝါးက ဗွေရဲ့လှုံ့ဆော်မှုကို မလွန်ဆန်နိုင်တာကြောင့် စသဖြင့် အကြောင်းအမျိုးမျိုးတွေ စဉ်းစားလို့ရပါတယ်။ အခြေခံအားဖြင့်တော့ ကိုယ့်ရဲ့သာမန်နေရာကနေ အခြားသောနေရာကို အချိန်တိုကာလလေးအတွက်ပဲဖြစ်စေ၊ ကာလရှည်ကြာစွာပဲဖြစ်စေ ရွှေ့ပြောင်းသွားတဲ့သဘောပါပဲ။
 
အင်္ဂလိပ်အဆိုတစ်ခုအရ “ခရီးသွားခြင်းသည် စိတ်ကူးဥာဏ်ကို ကျယ်ပြန့်စေတယ်” တဲ့။ ကျွန်မက ဒီသဘောတရားကို သိပ်ကြိုက်ပါတယ်။ နေရာဟောင်းကနေ နေရာသစ်ကို သွားခွင့်ရပြီးမှ အတွေးအခေါ်သစ်တွေ ဘာမှကိုမရခဲ့ဘူးဆိုရင် သွားရကျိုးက ဘာရှိမှာလဲ။ ရုပ်ပိုင်းဆိုင်ရာ ပစ္စည်းသစ်အမျိုးမျိုးဝယ်ခဲ့၊ ရနိုင်ခဲ့လို့ ကျေနပ်သူတွေ ရှိကြမှာပါ။ ဒါကတော့ သာမညအကျိုးမျှသာလို့ ကျွန်မထင်ပါတယ်။ တကယ်တန်ဖိုးရှိတဲ့ ရလဒ်မဟုတ်ပါဘူး။

ကျွန်မ ပထမဦးဆုံးထွက်ခဲ့ဖူးတဲ့ ခရီးကို ပြန်စဉ်းစားကြည့်ပါတယ်။ ၁၉၄၇ ခုနှစ် ဖေဖေအထက်မြန်မာပြည်သွားတုန်းက လိုက်ပါသွားခဲ့ရတဲ့ခရီး။ မမှတ်မိတော့ပါဘူး။ မိတ္ထီလာကန်ပေါင်ပေါ် ရိုက်ထားတဲ့ပုံ၊ မန္တလေးတောင်ပေါ်က ကျောက်မြွေကြီးတွေနားမှာ ရိုက်ထားတဲ့ပုံ၊ ဘွားဘွားဒေါ်စုအိမ်မှာ မိသားစုစုံညီရိုက်ထားတဲ့ပုံ၊ မေမြို့ (ယခုပြင်ဦးလွင်) မှာ ရိုက်ထားတဲ့ပုံ၊ ဓါတ်ပုံတွေတော့ ရှိနေပါတယ်။ ခရီးသွားစဉ်က အတွေ့အကြုံတွေကိုတော့ လူကြီးတွေပြောပြလို့ သိရပါတယ်။ ကားပြတင်းပေါက်ကနေ အဆက်မပြတ်ကြည့်နေပြီး၊ နွားတွေတွေ့ရင်
“နွားတွေ၊ နွားတွေ၊ နွားတွေ၊”
ဆိုပြီး ရေရွတ်လိုက်၊ မစ်ချောင်း-ရေကန် တွေ့ရင်
“ရေတွေ၊ ရေတွေ၊ ရေတွေ”
ဆိုပြီး ရေရွတ်လိုက်နဲ့ ခရီးသွားရှုခင်းအပေါ် သုံးသပ်ချက်ချရတာ၊ ကျွန်မရော၊ ကြားရသူပါ အမောပါပဲတဲ့၊ ဖေဖေနဲ့ မေမေက ရှေ့ကားမှာ အစ်ကိုနှစ်ယောက်နဲ့ ကျွန်မက ကျွန်မတို့အဒေါ်နဲ့ နောက်ကားမှာ၊ ခရီးလမ်းမှာ ကားရပ်ပြီးနားတဲ့အခါမှပဲ ဆုံကြရပါတော့တယ်။ ကားရပ်တာနဲ့ (လူကြီးတွေအပြောပါ၊ ကျွန်မကိုယ်တိုင် မမှတ်မိပါဘူး။) နှစ်နှစ်မပြည့်သေးတဲ့ ကျွန်မက ဖေဖေ့ဆီ တန်းပြေးပြီး
“ဖေဖေ… ဖေဖေ၊ ကလေးလေးက ချီပါတဲ့၊ ချီပါတဲ့”
လို့ပြောပါသတဲ့၊ ဖေဖေကလည်း အင်မတန်ဥာဏ်ကောင်းတဲ့ ပုဂ္ဂိုလ်ဟုတ်လား၊ ဘယ်လိုတုံ့ပြန်ရမလဲ သိတာပေါ့။
“ဘယ်ကလေးလေးကလဲ သမီးရဲ့”
လို့ပြန်မေးတယ်။ ဒီတော့ ကျွန်မဆိုတဲ့ ကလေးလည်က ရင်ဘတ်ကို လက်ကလေးနဲ့ပြပြီး
“ဒီကလေးလေးက”
လို့ ပြန်ပြောတော့ ဖေဖေက သဘောကျလို့ မဆုံးပေါ့။ ခရီးသွားတယ်ဆိုတာနဲ့ စိတ်ကူးဥာဏ်တွေ ကျယ်ပြန့်လာပြီး ဖေဖေကျအောင် ချွဲနည်းတစ်မျိုးတတ်လာတာလေ။ ခရီးသွားရကျိုး မနပ်ပေဘူးလား။
 
ဖေဖေ မရှိတော့တဲ့နောက်ပိုင်းမှာ မေမေခရီးထွက်တာတွေကိုတော့ ကောင်းကောင်းသတိရပါတယ်။ အိန္ဒိယကိုသွားတာက ပထမဦးဆုံးပါပဲ။ လေယာဉ်ပျံကွင်းကို လိုက်ပို့ကြတယ်။ မေမေက မသွားခင် ကျွန်မကိုချီထားတုန်း (ဓါတ်ပုံထဲမှာ ကတုံးလေးနဲ့ဆိုတော့ ကျွန်မ သုံးနှစ်လောက်ရှိပါလိမ့်မယ်။) လေယာဉ်ကွင်းက အမျိုးသားတစ်ယောက်က ကြွေပန်းအိုးကြီးကိုင်လာပြီး မေမေ့ကို ရေနဲ့လောင်းမယ်လို့ ကျွန်မကို စပါတယ်။ အဲဒီတုန်းက စိတ်ထဲမှာ ဝမ်းနည်းခဲ့တာကို အခုထိ ကောင်းကောင်းမှတ်မိနေတယ်။ ဘာကြောင့်မှန်းတော့မသိပါဘူး။ မေမေရေစိုသွားမှာကို တကယ့်ကြေကွဲဖွယ်ရာဖြစ်ရပ်ကြီးလို့ စိတ်ထဲမှာထင်မိတယ်။ ဒါနဲ့ငိုပါလေရော။ မေမေချီထားရင်း ပါးစပ်ပြဲကြီးနဲ့ ငိုနေတဲ့ ကျွန်မနဲ့ ပန်းအိုးကြီးနဲ့ မေမေ့ကိုလောင်းမလို့လုပ်နေတဲ့ အမျိုးသားကိုရိုက်ထားတဲ့ ဓါတ်ပုံတွေ ခုထိရှိပါသေးတယ်။ အဲဒီတုန်းက ဓါတ်ပုံရိုက်နေတာကို လုံးဝသတိမပြုမိဘူး။ မေမေရေစိုမှာကို သောကဖြစ်နေတာ၊ အိုးကို မှောက်လိုက်တော့ ရေမထွက်လာဘဲ သဲကလေး အနည်းငယ်ကျလာတောကိုတော့ ကောင်းကောင်းမှတ်မိပါတယ်။ ကျွန်မရဲ့ အဦးဆုံးမှတ်မိတဲ့ဖြစ်စဉ်တခုပါပဲ။ ခရီးသွားခြင်းနဲ့ ဆက်စပ်နေတော့ ကျွန်မမှာ ခရီးသွားခြင်းကိစ္စတွေနဲ့ များများပတ်သက်ရမဲ့ ဇာတာပါတယ်လို့ ပြောနိုင်မှာပေါ့နော်။
 
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ကျင်းပတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) နှစ်ပတ်လည်ညီလာခံကို တက်ဖို့သွားတာ မေမေ့ရဲ့ ပထမဦးဆုံး ဥရောပခရီးစဉ်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဇွန်လ ၁၃ ရက်က ကျွန်မစထွက်ခဲ့တဲ့ ဥရောပခရီးဟာ ဂျီနီဗာမြို့မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ညီလာခံသွားတာနဲ့ စခဲ့ရတာဟာ တစ်နည်းအားဖြင့် မိသားစုအစဉ်အလာကို ထိန်းလိုက်ရသလိုပါပဲ။
 
ဒီတစ်ပတ် ဒီမျှသာ…။ 

အောင်ဆန်းစုကြည်
 
 
ဒီစကား မှ

Saturday 10 November 2012

အတွေးများ

ကိုယ့်ဘာသာကိုယ် ဘာလိုချင်မှန်း၊ ဘာကိုကြိုက်မှန်း၊ မကြိုက်မှန်းတောင်မသိဘူးတဲ့။ သူငယ်ချင်းတယောက်က ပြောတယ်။ သူပြောမှ စဉ်းစားမိတယ်။ ဟုတ်နေတာပဲ။ အဲဒီလိုမသိရင် ဘာဖြစ်မလဲ၊ သိရင်ရော။ ကိုယ်လဲ မတွေးတတ်တော့ဘူး။ ရေရှည်အတွက် တခါမှ မစဉ်းစားကြည့်မိဘူး။ ကိုယ်အခုလုပ်နေတာကို လုပ်နေနိုင်သေးသရွေ့လုပ်မယ်။ မတတ်နိုင်တဲ့ တနေ့ ထားခဲ့လိုက်မယ်။ အဲ့ဒီလိုပဲ စိတ်ကူးနေမိသေးတယ်။ အခုထိတော့။

သူပြောတော့မှ တသီကြီး တွေးနေမိတယ်။ ကိုယ်အခုအထိ လုပ်ခဲ့သမျှအရာတိုင်းဟာ ရက်လွန်ဒိတ်သတ်မှတ်ထားတဲ့ အရာတွေချည်းလို ဖြစ်နေခဲ့တယ်။ အဲ့ဒီတော့ တချိန် ကိုယ်ထားခဲ့နိုင်တယ်၊ ဒါမှမဟုတ် ရက်မလွန်ခင် ကုန်အောင် သုံးလိုက်၊ လုပ်လိုက်နိုင်မယ်။ ခုထိတော့ မနေချင်ရင် ထွက်ပြေးလို့ရသေးတဲ့ နေရာတွေမှာ ကိုယ်ရှိနေသေးတယ်။ ဒါပေမယ့် ကာလအပိုင်းအခြားတခုအထိတော့ ကိုယ်ဟာ ကိုယ်မဟုတ်သေးသလိုတော့ ခံစားရလိမ့်မယ်။ ဒီလိုနေတာ ကြာလာရင် အစတခုခု တွေ့တာနဲ့ ထွက်ပြေးချင်ပြေးလို့ရမယ့် အစလား၊ ထားခဲ့မယ်ဆို ထားခဲ့လို့ရမယ့် အစလား ကိုယ်တွေးနေမိတော့မယ်နဲ့တူတယ်။ သိပ်စိတ်ချလို့ရတာမဟုတ်ဘူး။ တာဝန်ယူလိုစိတ်မရှိတာလည်း ဖြစ်နေမလားပဲ။ အင်းးး ပြစ်ချက်တွေကလည်း များလိုက်တာ။

စကားမစပ် ခုတလော ကင်ဆာ ဆိုတဲ့ စကားလုံး ကိုယ့်အနားမှာ တဝဲလည်လည်ဖြစ်နေတာကို မုန်းတယ်။

စိတ်အခြေအနေတွေဟာ လုပ်ငန်း ကျွမ်းကျင်လာတာနဲ့အမျှ၊ လုပ်ငန်းခွင်မှာ ကောင်းတဲ့ ကူညီတတ်တဲ့ သူတွေရှိနေတာနဲ့အမျှ တက်လိုက်ကျလိုက်ဖြစ်နေတယ်။ ဒါဟာ ပုံမှန်လား။ ဟုတ်မှာပါ။ မျှတတွေး၊ ဖြန့်ထွက်တွေး၊ ဖြန့်ကျက်တွေး၊ သူ့နေရာဝင်တွေး၊ တွေး... တွေး... တွေး...။ ဒါတွေနဲ့ တည့်တည့်တိုးတော့ တွေးရမှာ ပျင်းတဲ့ကိုယ်နဲ့ အတွေးတွေနဲ့ ရန်ဖြစ်သလားလည်း မမေးနဲ့။ ဒါပေမယ့် တွေးတာကောင်းပါတယ်။ အတွေးနောက် အလုပ်ပါ ပါနိုင်ရင် အကောင်းဆုံးပေါ့။ 

အလုပ်ထဲမယ် ကိုယ်ခေါင်းခနခနမော့ဖြစ်တယ်။ ဒါပေမယ့် ဘာကြောင့်မှန်းမသိဘူး၊ အဲ့ဒီလိုမော့မိတာ။ မနေ့က ဖဘ ထဲမယ် လျောက်ဖတ်ရင်း တွေ့တာက စိတ်ဖိဆီးမှုများလာရင် ခေါင်းမော့ပေးရတယ်ဆိုပဲ။ အဲ့ဒါဆို သက်သာတယ်တဲ့။ ကိုယ့်ခန္ဒာခမျာ သနားပါတယ်။ ကိုယ်ဂရုမစိုက်တော့ သူ့ဟာသူ သက်သာရာသက်သာကြောင်း ကြည့်ကျက်နေရှာတယ်။ စိတ်မပူပါနဲ့ဟယ်၊ ငါရေကူးဝတ်စုံဝယ်ပြီးသွားပြီ...နော်။