Sunday 18 November 2012

ချစ်လို့

ခရီးထွက်ပြီးပြန်လာတဲ့သူကိုတော့ ခရီးထွက်စဉ်က အတွေ့အကြုံတွေအကြောင်း ပြောစေချင်မှာကတော့ ခန့်မှန်းလို့ရပါတယ်။ ဒါပေမဲ့ ပထမဦးဆုံးတော့ ခရီးထွက်တယ်ဆိုတာကို ဘယ်လိုကျွန်မနားလည်လဲဆိုတာကို ပြောပြချင်ပါတယ်။ အရိုးဆုံး၊ အရှင်းဆုံးပြောရမယ်ဆိုရင်တော့ ခရီးသွားတယ်ဆိုတာ မိမိနေရာအရပ်မှ အခြားသို့သွားခြင်းပါပဲ။ ကိုယ့်နေရာအရပ်ကနေ အခြားအရပ်တစ်ခုကို သွားတယ်ဆိုတာကတော့ အကြောင်းရှိတတ်ပါတယ်။ ပညာကိစ္စ၊ အလုပ်ကိစ္စတွေကြောင့်၊ မိသားစုကိစ္စ၊ လူမှုရေးကိစ္စတွေကြောင့် ဘာသာရေးအရ ဘုရားဖူး၊ အဓိဌာန်ပြုစသည်တို့ကြောင့်၊ မွေးရာပါခြေဖဝါးက ဗွေရဲ့လှုံ့ဆော်မှုကို မလွန်ဆန်နိုင်တာကြောင့် စသဖြင့် အကြောင်းအမျိုးမျိုးတွေ စဉ်းစားလို့ရပါတယ်။ အခြေခံအားဖြင့်တော့ ကိုယ့်ရဲ့သာမန်နေရာကနေ အခြားသောနေရာကို အချိန်တိုကာလလေးအတွက်ပဲဖြစ်စေ၊ ကာလရှည်ကြာစွာပဲဖြစ်စေ ရွှေ့ပြောင်းသွားတဲ့သဘောပါပဲ။
 
အင်္ဂလိပ်အဆိုတစ်ခုအရ “ခရီးသွားခြင်းသည် စိတ်ကူးဥာဏ်ကို ကျယ်ပြန့်စေတယ်” တဲ့။ ကျွန်မက ဒီသဘောတရားကို သိပ်ကြိုက်ပါတယ်။ နေရာဟောင်းကနေ နေရာသစ်ကို သွားခွင့်ရပြီးမှ အတွေးအခေါ်သစ်တွေ ဘာမှကိုမရခဲ့ဘူးဆိုရင် သွားရကျိုးက ဘာရှိမှာလဲ။ ရုပ်ပိုင်းဆိုင်ရာ ပစ္စည်းသစ်အမျိုးမျိုးဝယ်ခဲ့၊ ရနိုင်ခဲ့လို့ ကျေနပ်သူတွေ ရှိကြမှာပါ။ ဒါကတော့ သာမညအကျိုးမျှသာလို့ ကျွန်မထင်ပါတယ်။ တကယ်တန်ဖိုးရှိတဲ့ ရလဒ်မဟုတ်ပါဘူး။

ကျွန်မ ပထမဦးဆုံးထွက်ခဲ့ဖူးတဲ့ ခရီးကို ပြန်စဉ်းစားကြည့်ပါတယ်။ ၁၉၄၇ ခုနှစ် ဖေဖေအထက်မြန်မာပြည်သွားတုန်းက လိုက်ပါသွားခဲ့ရတဲ့ခရီး။ မမှတ်မိတော့ပါဘူး။ မိတ္ထီလာကန်ပေါင်ပေါ် ရိုက်ထားတဲ့ပုံ၊ မန္တလေးတောင်ပေါ်က ကျောက်မြွေကြီးတွေနားမှာ ရိုက်ထားတဲ့ပုံ၊ ဘွားဘွားဒေါ်စုအိမ်မှာ မိသားစုစုံညီရိုက်ထားတဲ့ပုံ၊ မေမြို့ (ယခုပြင်ဦးလွင်) မှာ ရိုက်ထားတဲ့ပုံ၊ ဓါတ်ပုံတွေတော့ ရှိနေပါတယ်။ ခရီးသွားစဉ်က အတွေ့အကြုံတွေကိုတော့ လူကြီးတွေပြောပြလို့ သိရပါတယ်။ ကားပြတင်းပေါက်ကနေ အဆက်မပြတ်ကြည့်နေပြီး၊ နွားတွေတွေ့ရင်
“နွားတွေ၊ နွားတွေ၊ နွားတွေ၊”
ဆိုပြီး ရေရွတ်လိုက်၊ မစ်ချောင်း-ရေကန် တွေ့ရင်
“ရေတွေ၊ ရေတွေ၊ ရေတွေ”
ဆိုပြီး ရေရွတ်လိုက်နဲ့ ခရီးသွားရှုခင်းအပေါ် သုံးသပ်ချက်ချရတာ၊ ကျွန်မရော၊ ကြားရသူပါ အမောပါပဲတဲ့၊ ဖေဖေနဲ့ မေမေက ရှေ့ကားမှာ အစ်ကိုနှစ်ယောက်နဲ့ ကျွန်မက ကျွန်မတို့အဒေါ်နဲ့ နောက်ကားမှာ၊ ခရီးလမ်းမှာ ကားရပ်ပြီးနားတဲ့အခါမှပဲ ဆုံကြရပါတော့တယ်။ ကားရပ်တာနဲ့ (လူကြီးတွေအပြောပါ၊ ကျွန်မကိုယ်တိုင် မမှတ်မိပါဘူး။) နှစ်နှစ်မပြည့်သေးတဲ့ ကျွန်မက ဖေဖေ့ဆီ တန်းပြေးပြီး
“ဖေဖေ… ဖေဖေ၊ ကလေးလေးက ချီပါတဲ့၊ ချီပါတဲ့”
လို့ပြောပါသတဲ့၊ ဖေဖေကလည်း အင်မတန်ဥာဏ်ကောင်းတဲ့ ပုဂ္ဂိုလ်ဟုတ်လား၊ ဘယ်လိုတုံ့ပြန်ရမလဲ သိတာပေါ့။
“ဘယ်ကလေးလေးကလဲ သမီးရဲ့”
လို့ပြန်မေးတယ်။ ဒီတော့ ကျွန်မဆိုတဲ့ ကလေးလည်က ရင်ဘတ်ကို လက်ကလေးနဲ့ပြပြီး
“ဒီကလေးလေးက”
လို့ ပြန်ပြောတော့ ဖေဖေက သဘောကျလို့ မဆုံးပေါ့။ ခရီးသွားတယ်ဆိုတာနဲ့ စိတ်ကူးဥာဏ်တွေ ကျယ်ပြန့်လာပြီး ဖေဖေကျအောင် ချွဲနည်းတစ်မျိုးတတ်လာတာလေ။ ခရီးသွားရကျိုး မနပ်ပေဘူးလား။
 
ဖေဖေ မရှိတော့တဲ့နောက်ပိုင်းမှာ မေမေခရီးထွက်တာတွေကိုတော့ ကောင်းကောင်းသတိရပါတယ်။ အိန္ဒိယကိုသွားတာက ပထမဦးဆုံးပါပဲ။ လေယာဉ်ပျံကွင်းကို လိုက်ပို့ကြတယ်။ မေမေက မသွားခင် ကျွန်မကိုချီထားတုန်း (ဓါတ်ပုံထဲမှာ ကတုံးလေးနဲ့ဆိုတော့ ကျွန်မ သုံးနှစ်လောက်ရှိပါလိမ့်မယ်။) လေယာဉ်ကွင်းက အမျိုးသားတစ်ယောက်က ကြွေပန်းအိုးကြီးကိုင်လာပြီး မေမေ့ကို ရေနဲ့လောင်းမယ်လို့ ကျွန်မကို စပါတယ်။ အဲဒီတုန်းက စိတ်ထဲမှာ ဝမ်းနည်းခဲ့တာကို အခုထိ ကောင်းကောင်းမှတ်မိနေတယ်။ ဘာကြောင့်မှန်းတော့မသိပါဘူး။ မေမေရေစိုသွားမှာကို တကယ့်ကြေကွဲဖွယ်ရာဖြစ်ရပ်ကြီးလို့ စိတ်ထဲမှာထင်မိတယ်။ ဒါနဲ့ငိုပါလေရော။ မေမေချီထားရင်း ပါးစပ်ပြဲကြီးနဲ့ ငိုနေတဲ့ ကျွန်မနဲ့ ပန်းအိုးကြီးနဲ့ မေမေ့ကိုလောင်းမလို့လုပ်နေတဲ့ အမျိုးသားကိုရိုက်ထားတဲ့ ဓါတ်ပုံတွေ ခုထိရှိပါသေးတယ်။ အဲဒီတုန်းက ဓါတ်ပုံရိုက်နေတာကို လုံးဝသတိမပြုမိဘူး။ မေမေရေစိုမှာကို သောကဖြစ်နေတာ၊ အိုးကို မှောက်လိုက်တော့ ရေမထွက်လာဘဲ သဲကလေး အနည်းငယ်ကျလာတောကိုတော့ ကောင်းကောင်းမှတ်မိပါတယ်။ ကျွန်မရဲ့ အဦးဆုံးမှတ်မိတဲ့ဖြစ်စဉ်တခုပါပဲ။ ခရီးသွားခြင်းနဲ့ ဆက်စပ်နေတော့ ကျွန်မမှာ ခရီးသွားခြင်းကိစ္စတွေနဲ့ များများပတ်သက်ရမဲ့ ဇာတာပါတယ်လို့ ပြောနိုင်မှာပေါ့နော်။
 
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ကျင်းပတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) နှစ်ပတ်လည်ညီလာခံကို တက်ဖို့သွားတာ မေမေ့ရဲ့ ပထမဦးဆုံး ဥရောပခရီးစဉ်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဇွန်လ ၁၃ ရက်က ကျွန်မစထွက်ခဲ့တဲ့ ဥရောပခရီးဟာ ဂျီနီဗာမြို့မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ညီလာခံသွားတာနဲ့ စခဲ့ရတာဟာ တစ်နည်းအားဖြင့် မိသားစုအစဉ်အလာကို ထိန်းလိုက်ရသလိုပါပဲ။
 
ဒီတစ်ပတ် ဒီမျှသာ…။ 

အောင်ဆန်းစုကြည်
 
 
ဒီစကား မှ