Tuesday 3 January 2012

ကွာရှင်းပြတ်စဲခြင်း - ၅

နေ့လည်နေ့ခင်းတွေမှာ သမီးက ယောက္ခမရဲ့ အမိန့်တွေကို နာခံရတယ်။ ဟင်းသီးဟင်းရွက်တွေ လှီးချွတ်ရတယ်။ ကြမ်းတိုက်ရတယ်။ ပန်းကန်ဆေးရတယ်။ ခနလေး နားလိုက်တာနဲ့ သမီးယောက္ခမက ဆံပင်ဆွဲတော့တာပါပဲ။


တနေ့မနက်မှာတော့ သမီးနဲ့ ရွယ်တူ ကလေးတွေနဲ့ သွားကစားဖို့ ယောက္ခမကို ခွင့်တောင်းမိတယ်။


"မဖြစ်နိုင်တာ။ ငါတို့ ဂုဏ်သိက္ခာတွေကျဆင်းအောင် နင့်ကို ခွင့်ပြုရမှာလား..."


သူဟာ မနက်တိုင်း အိမ်က ထွက်သွားပြီး နေမဝင်ခင် ပြန်လာလေ့ ရှိတယ်။ သူပြန်လာသံကြားလိုက်တိုင်း သမီး ရင်ထဲမှာ ဘယ်တော့မှ မလျော့တဲ့ ထိတ်လန့်နာကျင်ခြင်းတွေဟာ အမြဲ နေရာယူခဲ့တယ်။
ညရောက်တဲ့အခါမှာလည်း ဘာတွေကို ပြန်လည် ကြုံရအုန်းမလဲဆိုတာ သေချာသိနေပြန်တယ်။ မလျော့တဲ့ ရက်စက်ခြင်းတွေ၊ မလျော့တဲ့ နာကျင်ရခြင်းတွေ၊ ဝမ်းနည်းရခြင်းတွေ။


သူသမီးကို ရိုက်နှက်လာတာ သုံးရက်မြောက်တဲ့နေ့မှာတော့ ပထမ လက်နဲ့ရိုက်နေရာကနေ တုတ်ပါ ပါလာပါတယ်။ သူ့အမေကလည်း သူ့ကို ပြည့်ပြည့်ဝဝကို ထောက်ခံ အားပေးပါတယ်။ သူ သမီးကို မကျေနပ်တာတွေ ပြောတာနဲ့ သူ့အမေကလည်း သူ့ကို အမြဲ အားပေးနေကြစကားရှိပါတယ်။


"ပိုနာအောင် ထပ်ရိုက်မှပေါ့.. သူ မင်းစကားကို နားထောင်ရမယ်လေ... မင့် မယားပဲဟာ"


သမီးလေ ဘယ်တော့မှ ပျောက်ပျက်မသွားတော့မဲ့ ကြောက်ရွံ့ခြင်းတွေနဲ့ ရှင်သန်နေရသလိုပဲ။ တတ်နိုင်ရင် ချောင် တခုမှ ပုန်းနေရင်းနဲ့ ပျောက်ကွယ်သွားလိုက်ချင်တယ်။ နေ့တွေ ညတွေကို ဒီလိုနဲ့ပဲ ဖြတ်သန်းနေရတယ်။ သမီးရဲ့ မြို့ ဆာနာကိုလည်းလွမ်းတယ်။ ကျောင်းကလေးကိုလည်း လွမ်းတယ်။ မောင်နှမတွေကိုရောပေါ့။ အထူးသဖြင့် ဟိုင်ဖှာ။ သူ သမီးလိုမျိုး မင်္ဂလာမဆောင်ဖြစ်ပါစေနဲ့။


တမနက်မှာတော့ သမီး ငိုလွန်းမက ငိုပြီး ပြောလာတော့ သူ သမီးကို အိမ်ပြန်လည်ဖို့ ခွင့်ပေးပါတယ်။ သူက သမီးနဲ့ အတူတူလိုက်ခဲ့ပြီး သူ့ အကို အိမ်မှာ နေမယ်။ ပြီးရင်တော့ သမီးက သူနဲ့ အတူ ပြန်လိုက်လာရမယ်လို့ ဆိုတယ်။ သမီး ကမန်းကတန်းနဲ့ ပစ္စည်းတွေ သိမ်းလိုက်တယ်။


"နင့် ယောက်ကျားကို စွန့်ဖို့ဆိုတာ မေးဖို့ကို မလိုတဲ့မေးခွန်းပဲ..."


အဖေ့တုံ့ပြန်မှုဟာ မယုံနိုင်အောင်ပါပဲ။ သမီး အိမ်ပြန်လာတဲ့ခရီးရဲ့ အပျော်ကို အဆုံးသတ်လိုက်သလိုပါပဲ။ အမေကလည်း ဘာမှဝင်မပြောပဲ  "ဘဝဆိုတာဒါပဲ နူဂျွတ်။ ဒါတွေဟာ မိန်းမတွေ လက်ခံ သင်ယူရမယ့် အရာတွေပဲ"  ဆိုတာကိုပဲ တိုးတိုးလေး ရေရွတ်တယ်။


ဒါဆို အမေ ဘာလို့ သမီးကို သတိမပေးခဲ့သလဲ။ ခုတော့ သမီးမှာ ထောင်ချောက်ထဲ ရောက်နေရပြီလေ။


"နူဂျွတ်"    လို့ အဖေက ခေါ်တယ်။   "အခု သမီး ဟာ အိမ်ထောင်ရှင်ဖြစ်နေပြီ။ သမီး ရဲ့ အိမ်ထောင်ဖက်နဲ့ပဲ နေရမှာပဲ။ နင့်ယောက်ကျားကို နင်ကွာရှင်းရင် ငါ့ညီအစ်ကိုတွေနဲ့ ဝမ်းကွဲတွေက ငါ့ကို သတ်လိမ့်မယ်။ ဂုဏ်သိက္ခာဟာ ပထမထားရမဲ့ အရာပဲ"


သမီး စက်ဝန်းပေါ်မှာ လမ်းလျောက်နေသလိုပါပဲ။ လမ်းဆုံးကို မမြင်ရဘူး။ သမီး အဖေ၊ အစ်ကိုတွေ၊ ဦးလေးတွေ တယောက်မှ သမီးခံစားချက်ကို နားမထောင်ပေးကြဘူး။


သမီး ဒေါင်လ ကို တွေ့ဖို့ ထွက်လာခဲ့တယ်။ အဖေ့ရဲ့ ဒုတိယမိန်းမပေါ့။ သမီးတို့ လမ်းတဖက်မှာ ကလေးငါးယောက်နဲ့အတူ အခန်းသေးသေးလေးမှာ နေထိုင်တယ်။ အများသုံးအိမ်သာနဲ့ အမှိုက်ပုံတွေက အနံ့တွေကနေ သက်သာဖို့ နှာခေါင်းပိတ်ရင်းနဲ့ လှေခါးအတိုင်း တက်သွားတယ်။  အနီနဲ့ အနက် စပ်ကြား အကျီရှည်နဲ့ ဒေါင်လဟာ တံခါးဖွင့်ပေးရင်း သမီးကို အပြုံးနဲ့ ကြိုနေခဲ့တယ်။
"နူဂျွတ်ရယ် မထင်ပဲ တွေ့ရတာ ဝမ်းသာလိုက်တာ...လာ...လာ..."


သမီး ဒေါင်လကို သဘောကျတယ်။ အရပ်ရှည်ရှည်သွယ်သွယ်နဲ့ နူးညံ့တယ်။ အမေ့ထက်လည်း လှတယ်။ ပြီးတော့ သမီးကို ဘယ်တော့မှ မဆူဘူး။ ဒါပေမယ့် သူလဲ အဆင်ပြေ လှတယ်တော့လည်း မဟုတ်ပါဘူးလေ။

(ဆက်ရန်)

No comments:

Post a Comment