Tuesday 3 January 2012

ကွာရှင်းပြတ်စဲခြင်း - ၃

သမီး မင်္ဂလာဆောင်ဖို့ ရက်ဟာ လျင်လျင်မြန်မြန်ပဲ ရောက်ရှိလာပါတော့တယ်။ အဲဒီနောက် သမီးရဲ့ ကံကြမ္မာဟာ သမီးကို မျက်နှာသာမပေးဘူးဆိုတာ စ သိလိုက်ရတာကတော့ သမီး ရဲ့ အိမ်ထောာင်ဖက်ဖြစ်လာမယ့်သူရဲ့ မိသားစုဝင်တွေက သမီးကို ကျောင်းဆက်မတက်ရဘူးလို့ ဆုံးဖြတ်လိုက်ကြတာကိုပါပဲ။ 

သမီးကျောင်းကိုချစ်တယ်။ ကျောင်းကသာ သမီးရဲ့ လွတ်မြောက်နယ်မြေ။ သမီးအတွက် ပျော်ရွှင်ခြင်းတွေရှိတဲ့ တခုတည်းသောနေရာ။

မင်္ဂလာဆောင်မယ့် နေ့ရောက်လို့ သမီး မင်္ဂလာပွဲထဲ ဝင်လာတယ်ဆိုရင်ပဲ သမီးရဲ့ ဝမ်းကွဲအမတွေက လက်ခုပ်တွေတီး၊ စူးစူးရှရှ အော်ဟစ်ကြပြီး ကြိုဆိုကြပါတယ်။ ဒါပေမယ့် မျက်ရည်တွေပြည့်နေတဲ့ သမီး၊ သူတို့ မျက်နှာတွေကို မမြင်ရပါဘူး။ ပြီးတော့ သမီးနဲ့ အဆမတန်ကြီးနေတဲ့ မင်္ဂလာဝတ်စုံကို တက်မနင်းမိဖို့လည်း ကြိုးစားနေရသေးတယ်လေ။ သမီးရဲ့ ချောကလက်ရောင်လွင့်လွင့် ရှည်လျားလှတဲ့ ကျူးနစ်ခ် ဝတ်စုံဟာ သမီး ခဲအိုတော်ရတော့မယ့်သူရဲ့ ဇနီးရဲ့ ဝတ်စုံပါ။ ဆံထုံးကတော့ သမီးရဲ့ အမျိုး အဒေါ်ကြီးတွေက ထုံးပေးထားတာ။ ခေါင်းအနောက်ဖက်မှာ ပုံ့ပုံ့ကြီး ကျလို့ပေါ့။

သမီးကို လာတောင်းရမ်းခဲ့တဲ့နေ့ကစလို့ နှစ်ပတ်ဆိုတဲ့ အချိန်က ကုန်လွယ်ခဲ့လိုက်တာ။ အမျိုးသမီးတွေဟာ သမီးရဲ့ မင်္ဂလာဆောင်ကို သမီးမိဘတွေရဲ့ သေးငယ်လှတဲ့ အိမ်ကလေးထဲမှာ ကျင်းပပါတယ်။ အားလုံး အယောက်လေးဆယ် လောက်တော့ရှိမယ်။ အဲဒီအချိန်မှာပဲ အမျိုးသားတွေကတော့ ကျမရဲ့ ဦးလေးတယောက်အိမ်မှာ စုနေကြပြီ။  သမီးရဲ့ လက်ထပ်စာချုပ် ကိုတော့
လွန်ခဲ့တဲ့ နှစ်ရက်ကပဲ အမျိုးသားတွေချည်းပဲ စုဝေးရင်း ချုပ်ဆိုခဲ့ကြတယ်။ သမီးရသင့်တဲ့ တင်တောင်းငွေကို ရိုင်လ်စ် တစ်သိန်းခွဲ ($740 ခန့်) လို့ သတ်မှတ်လိုက်ကြတယ်။

နေဝင်သွားတာနဲ့အမျှ ဧည့်သည်တွေလည်း ပြန်ကုန်ကြပြီ။ သမီးလည်း ပင်ပန်းလွန်းလို့ အဝတ်အစားတောင် မလဲနိုင်ပဲအိပ်ပျော်သွားတော့တယ်။ နောက်တနေ့ မနက်မှာတော့ အမေက သမီးကို နှိုးတယ်။ သမီးရဲ့ အဝတ်ထုတ်ကလေးက အိမ်တံခါးဝအရှေ့မှာ။ အပြင်ဖက်က ကားဟွန်းသံကြားတော့ အမေက အကျီနက်နဲ့ ခေါင်းပုဝါကို ကူခြုံပေးတယ်။ 

"ဒီနေ့ကစပြီးတော့ သမီးဟာ လမ်းထွက်တိုင်း ကိုယ့်ကိုယ်ကို လုံလုံခြုံခြုံကာကွယ်ဝတ်ဆင်ရမယ်။ သမီးဟာ အခု အိမ်ထောင်ရှင်ဖြစ်သွားပြီ။ အဲဒီလို မဝတ်ရင် သမီးအိမ်သားရဲ့ ဂုဏ်သိက္ခာ ကျစေနိုင်တယ်။"

သမီး ဝမ်းနည်းစွာ ခေါင်းငြှိမ့်ပြလိုက်တယ်။

အိမ်ရှေ့မှာ ရပ်ထားတဲ့ SUV ရဲ့နောက်မှာ အဖြူရောင် ဇာနာ ဝတ်စုံကို ဝတ်ထားပြီး နှုတ်ခမ်းမွှေးနဲ့ခပ်ပုပု လူတယောက် ရပ်နေရင်း သမီးကို စိုက်ကြည့်နေတယ်။ သူ့ရဲ့ဆံပင်တိုတွေဟာ ရှုပ်ပွနေပြီး မျက်နှာမှာလည်း အမွှေးအမျှင်တွေက ကျိုးတိုးကျဲတဲနဲ့ သေသေချာချာ ရိပ်သင်ထားပုံ မပေါ်ပါဘူး။ သူဟာ လူချော လူခန့်တယောက်တော့ မဟုတ်ဘူး။ ဒါဆို ဒါဟာ ဖက်ဇ် အလီ သာမာ ပေါ့။

ကားစက်နှိုးပြီးလို့ စထွက်တာနဲ့ သမီး တိတ်တိတ်လေး ငိုနေမိတယ်။ ကားပြတင်းကတဆင့် အမေ့ပုံရိပ် သေးသေးလေးကနေ ပျောက်ကွယ်သွားတဲ့အထိ ကြည့်ရင်းနဲ့ပေါ့။

ခါတ်ဒ်ဂျီက ကျောက်တုံးအိမ်များစွာရဲ့ တခုသောအိမ်ဝင်ပေါက်ရှေ့မှာ သမီးတို့ကို အမျိုးသမီးတယောက် ရပ်စောင့်နေတယ်။ သူ သမီးကို မနှစ်လိုဘူးဆိုတာ မြင်မြင်ချင်း သမီး တန်းသိလိုက်ပါရဲ့။ သမီးရဲ့ အသစ်စက်စက်ယောက္ခမဟာ အိုမင်းပြီးတော့ သူ့ အသားအရေတွေဟာ ပုတ်သင်ညိုတကောင်လို တွန့်လိပ်နေပါပြီ။ သူက သမီးကို ဝင် ဆိုတဲ့သဘောနဲ့ လက်ဝှေ့ရမ်းပြတယ်။ အိမ်ထဲမှာ ပရိဘောဂဆိုတာ မရှိသလောက်ပါပဲ။ အိပ်ခန်းလေးခန်း၊ ဧည့်ခန်းနဲ့ မီးဖိုချောင် သေးသေးလေးတခု။ ဒါပဲ။

သူ့ အမတွေ ပြင်ဆင်ထားတဲ့ အသားဟင်းနဲ့ ထမင်းကို စားကောင်းကောင်းနဲ့ သမီး စားပစ်လိုက်တယ်။ သမီးတို့ ထမင်းစားပြီးတော့ ရွာထဲက လူကြီးတချို့ ခက်ထ် ဝါးဖို့ ရောက်လာကြတယ်။ သမီးရဲ့ အသက်အရွယ်နဲ့ သူ့အမျိုးသမီးဆိုတဲ့ ဖြစ်ရပ်ဟာ သူတို့တွေ တယောက်မှကို မအံ့သြစေခဲ့ပါဘူး။ နောက်ပိုင်း သမီးသိလာတာ သမီးတို့လို အရွယ်လေးတွေရဲ့ အိမ်ထောင်ပြုခြင်းအမှုဆိုတာ သမီးတို့ ပတ်ဝန်းကျင်မှာ ဖြစ်နေကြအဖြစ်အပျက်၊ အထူးအဆန်းမဟုတ်တဲ့ ဖြစ်ရပ် ဆိုတာပါပဲ။ 

ဘာတဲ့... ဆိုရိုးတောင်ရှိသေးဆိုပဲ။ " ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးအာမခံချက် ဒါမှမဟုတ် အိမ်ထောင့်အရသာ ဟာ ၉ နှစ်အရွယ် မိန်းကလေးကိုလက်ထက်မှသာလျှင် ရရှိပါလိမ့်မယ်" တဲ့။

သမီးကို အခန်းထဲ သွားနားလို့ ရပြီလို့ပြောလိုက်တော့ ပျော်လိုက်တာ။ ယက်ထားတဲ့ ဖျာရှည်ရှည်လေးတခု ကြမ်းပြင်ပေါ်မှာ ခင်းထားတယ်။ သမီး အိပ်ယာပေါ့။ သမီးအိပ်ပျော်သွားဖို့ မီးပိတ်ဖို့တောင် မလိုတော့ပါဘူး။

(ဆက်ရန်)

No comments:

Post a Comment