Tuesday 3 January 2012

ကွာရှင်းပြတ်စဲခြင်း - ၁၁ (ဇာတ်သိမ်း)

တရားသူကြီးက သမီးတို့ကို လူစုလူဝေးနဲ့ဝေးရာ နောက် အခန်းတခုထဲ ခေါ်သွားပါတယ်။

တရားသူကြီးက မေးပါတယ်။
 
"ဖက်ဇ် အလီ သာမာ သင်ဟာ ဒီကလေးမလေးနဲ့ အိပ်ခဲ့သလား... ဟုတ်တယ် မဟုတ်ဘူးပဲ ဖြေပါ"

သမီး အသက်အောင့်ထားမိတယ်။

"ဟုတ်ပါတယ်"  လို့ အဲ့ဒီသတ္တဝါက ဖြေပါတယ်။  "ဒါပေမယ့် ကျွန်တော် သူမအပေါ် ကြင်နာပါတယ်။ ဂရုစိုက်ပါတယ်။ ပြီးတော့ ရိုက်လည်း မရိုက်ပါဘူး"

သူ့အဖြေဟာ သမီးရဲ့ မျက်နှာကို ရိုက်လိုက်သလိုပါပဲ။ ရိုက်ခံခဲ့ရဖူးတဲ့ ရိုက်ချက်တွေ၊ စော်ကားမော်ကား ပြောဆိုချက်တွေ၊ နာကျင်ခံစားခဲ့ရတာတွေကို သတိပေးလိုက်သလိုပါပဲ။

"အဲ့ဒါ မမှန်ဘူး"  ဆိုပြီး သမီး အော်ထည့်လိုက်မိတယ်။

အားလုံးက သမီးကို လှည့်ကြည့်ကြတယ်။

သမီးကိုယ် သမီးလည်း ဒီလိုအော်လိုက်မိလိမ့်မယ်လို့ မထင်လိုက်မိဘူး။ အဲ့ဒီနောက်မှာတော့ အရာအားလုံးဟာ လျင်မြန်စွာ ဖြစ်ပျက်သွားပါတယ်။

သမီး အဖေက သူ့ကို သမီး အသက်ကိုညာပြီးပြောတယ်၊ သစ္စာဖောက်တယ်လို့ အဲဒီ သတ္တဝါက ပြောပါတယ်။ အဲဒီတော့ အဖေက ဒေါသထွက်တော့တာပါပဲ။ အဖေကလည်း ပြန်ပြောတော့တယ်။ မင်းပဲ ငါ့သမီးကို အရွယ် မတိုင်သေးခင်အထိ လက်ဖျားနဲ့တောင် မတို့ဘဲ ထားပါမယ်ဆို တဲ့။ အဲဒီမှာတင် အဲဒီ သတ္တဝါက ကွာရှင်းဖို့ သူ့ဖက်ကတော့ အဆင့်သင့်ပဲဆိုတဲ့အကြောင်း၊ ဒါပေမယ့် တချက်တော့လိုက်လျောပေးရမယ်ဆိုတဲ့အကြောင်း
ပြောဆိုလာပါတော့တယ်။ အဲ့ဒါကတော့ သမီး အဖေက သူ့ကို သမီးကိုတင်တောင်းထားရတဲ့ တင်တောင်းငွေကို ပြန်ပေးရမယ်ဆိုတာပါပဲ။ အဖေကလဲ ပြန်ပြောပါတယ်။ သူ့ကို အဲဒီသတ္တဝါ ဘာငွေမှ မပေးရသေးဘူးဆိုတဲ့အကြောင်း။

ဒါဟာ ဈေးလား။ ဘယ်လောက်လဲ။ ဘယ်အချိန်ကလဲ။ ဘယ်လိုလဲ။

နောက်ဆုံးမှာတော့ တရားသူကြီးရဲ့ ဆုံးဖြတ်ချက်က သမီးကို ကယ်တင်လိုက်ပါတော့တယ်။

ကွာရှင်းပြတ်စဲခွင့် ပြုလိုက်သည်။

ကျမရဲ့ ကွာရှင်းပြတ်စဲခြင်းက ကျမဘဝကို ပြောင်းလဲစေခဲ့ပါတယ်။ ကျမ လမ်းမပေါ်မှာ လမ်းလျောက်နေရင်းနဲ့ တခါတခါ မိန်းမကြီးတွေက ကျမကိုလှမ်းခေါ်ရင်း ဂုဏ်ပြုစကားပြောကြတယ်။ ကျမလည်း ဦးလေးအိမ်ကနေ ချက်ချင်းပဲ ကျမမိဘတွေဆီကို ပြန်ပြောင်းလာခဲ့တယ်။ ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာကိုတော့ ကျမတို့အားလုံး မသိချင်ယောင် ဆောင်နေလိုက်ကြပါတော့တယ်။

ကျမ မိဘတွေက ဒါရိစ်လို့ခေါ်တဲ့ နေရာသစ်ကို ပြောင်းကြပြန်တယ်။ ဒီမြို့မှာတော့ ကျမညီမလေး ဟိုင်ဖှာကို ကျမ ပိုစောင့်ရှောက်နိုင်လာတယ်။ သတ္တိရှိတဲ့သူ လာတောင်းလေ။ ကျမကတော့ ကျမညီမလေးအတွက် ခုခံရမှာပဲ။ ဘယ်သူမှ လက်မခံ နားမထောင်ရင်တော့ ရဲ တိုင်ရမှာပေါ့။

ကျမရဲ့ အိပ်မက်ဆိုးတွေဟာ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာပဲ ပပျောက်သွားပါတော့တယ်။ အဲဒီ အိပ်မက်ဆိုးတွေအစား ကျောင်းအိပ်မက်ကို ကျမ ပြန်မက်ခဲ့တယ်။ ဒီနေ့မနက် ကားမောင်းတဲ့ ဦးလေးကြီး ရောက်နေပါတယ်။ အပြည်ပြည်ဆိုင်ရာ လူမှုရေး အဖွဲ့အစည်းတခုက ကျမနဲ့ ညီမလေး ဟိုင်ဖှာ တို့အတွက် ကျောင်းလခကို အဲဒီဦးလေးကြီးနဲ့အတူ ပို့ပေးလိုက်ပါတယ်။ ကျမ ကျောပိုးလွယ်အိတ်လေးကို လွယ်လိုက်တယ်။

ကျမကြီးလာတဲ့တနေ့ကျရင် ရှာဒါ့လို ရှေ့နေဖြစ်အောင် ကြိုးစားမယ်။ ကျမဖြစ်ခဲ့သလို ခံစားနေရတဲ့ ကလေးမလေးတွေကို ကာကွယ်ပေးဖို့အတွက်ပေါ့။

ဆရာမတယောက်က ကျမတို့ကို ထိုင်ခုံနေရာ ချပေးပါတယ်။ ပြတင်းပေါက်နဲ့နီးတဲ့ ခုံကို ကျမ ရွေးလိုက်တယ်။ ကျမပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်းနဲ့ စိတ်လွတ်လက်လွတ် အပျော်သက်ပြင်းတွေ ချချမိနေတာကိုတော့ တားဆီးလို့ မရနိုင်ခဲ့ဘူး။ ကျမရဲ့ အဖြူအစိမ်း တူညီဝတ်စုံလေးအရ ကျမဟာ  ဒီအခန်းထဲက ကျောင်းသား ၅၀ ထဲက တယောက်ပါပဲ။ ကျမဟာ အလယ်တန်းကျောင်းလေးတကျောင်းက နှစ်တန်းကျောင်းသူလေး တယောက်
ပါ။ အိမ်ပြန်ရောက်တဲ့အခါ အိမ်စာလုပ်မယ်။ ပြီးရင် ရောင်စုံခဲတံလေးတွေနဲ့ ပုံဆွဲမယ်။

ဒီနေ့ဟာ ကျမ သာမန်ကလေးလေး တယောက်ပြန်ဖြစ်လာတဲ့နေ့ပါပဲ။ ဟိုးးးး အရင်တုန်းကလိုလေ။ ကျမဟာ ကျမပဲပေါ့။



***************

မှတ်ချက်။         ။ ၂၀၀၉ ဧပြီလမှာပဲ ယီမင် ပါလီမန်ကနေ ဥပဒေထုတ်ပြန်လိုက်ပါတယ်။ အမျိုးသမီးတယောက် တရားဝင် အိမ်ထောင်ပြုနိုင်တဲ့ အရွယ်ကို ၁၇ နှစ်လို့ သတ်မှတ်လိုက်ခြင်းပါပဲ။ ဒါပေမယ့် နောက်တနေ့မှာပဲ အတိုက်အခံပါတီက လက်မခံကြောင်း ပြောဆိုခဲ့တဲ့အတွက် ယီမင်နိုင်ငံမှာ အမျိုးသမီးတယောက် တရားဝင် အိမ်ထောင်ပြုနိုင်တဲ့ အရွယ်သတ်မှတ်ချက်ဟာ ညှိနှိုင်းနေဆဲ အခြေအနေမှာပဲ ရှိနေပါသေးတယ်။

3 comments:

  1. ခါးသီးလွန်းလှတယ်နော်.. နောက်ဆုံးမှာ အေးချမ်းမှု့ရသွားခဲ့တာ စိတ်သက်သာစရာပါပဲ..
    ဝေမျှပေးခဲ့တဲ့ ဒီစာစုအတွက် ကျေးဇူး..
    N/A

    ReplyDelete
  2. ဟင်းးးးးးးးးးးးး.............. သက်ပြင်းပဲချခဲ့နိုင်တယ်ဗျာ .....

    ReplyDelete
  3. @N/A...ဟုတ်ပအန်အေ။ ဒီကလေးမလေးလို ဘယ်နှစ်ယောက်လောက်များ ရှိလိမ့်မလဲဆိုတာ မတွေးချင်းဘူး။ လာဖတ်ပေးတဲ့အတွက်လည်း ကျေးဇူး။

    @မိုးဇက်...ကလေးမလေးလို အပျော်သက်ပြင်းဖြစ်ရင်တော့လည်း ကောင်းသားနော်။

    ReplyDelete