Tuesday 3 January 2012

ကွာရှင်းပြတ်စဲခြင်း - ၈

ဒုတိယမြောက် တရားသူကြီးတယောက် အခန်းထဲထပ်ဝင်လာပြန်ပါတယ်။ ပြီးတော့ သမီးရဲ့ ကြီးမားတဲ့ စိတ်အားထက်သန်မှုတွေကို သေးငယ်သွားအောင် လုပ်တဲ့သူပေါ့။ 

"ကလေး... ဒီကိစ္စဟာ သမီးထင်ထားတာထက်ကို ပိုပြီးတော့ အချိန်ယူလိမ့်မယ်ကွယ့်... ပြီးတော့ ပြောရရင် သမီးနိုင်လိမ့်မယ်လို့လည်း ဦးလေး အာမ မခံ၊ ကတိ မပေးနိုင်ပေဘူး..."

ဒီ တရားသူကြီး နာမည်ကတော့ မိုဟာမက် အယ်လ် ဂါဇီတဲ့။ တရားသူကြီးချုပ်ပေါ့။ ပြီးတော့ သူက ပြောသေးတယ်။ သမီးလို အမှုမျိုး သူတခါမှ မကြုံဖူးဘူးတဲ့။ သူတို့ ပြောကြသေးတာက ယီမင် အမျိုးသမီးလေးတွေဟာ ပုံမှန်အားဖြင့်လည်း အသက်တော်တော်ငယ်ငယ်နဲ့ အိမ်ထောင်ပြုကြတယ်တဲ့။ ဆိုလိုတာက တရားဝင်အိမ်ထောင်ပြုနိုင်တဲ့ အသက် ၁၅နှစ် မတိုင်ခင်ပေါ့။ ပြီးတော့ ဒါဟာ ရှေးကတည်း ကျင့်သုံးလာခဲ့ကြတာ လို့လည်း တရားသူကြီး အဗ်ဒူလ်က ထပ်ဖြည့်ပြောပြန်ပါတယ်။

ဒါပေမယ့် သူသိသလောက်တော့ ဒီလို လက်ထပ်မှုတွေဟာ ဘယ်တုန်းကမှ ကွာရှင်းခြင်းနဲ့ အဆုံးမသတ်ဘူးတဲ့။ ဘာဖြစ်လို့လည်းဆိုတော့ ဘယ်သူငယ်မလေးတွေကမှ အခုထိ တရားရုံးကို လာရောက်တိုင်တန်းတယ် ဆိုတာ မရှိသေးလို့ပါပဲတဲ့။

"ဦးလေးတို့ ရှေ့နေလည်း ရှာရမယ်"  လို့ အဗ်ဒူလ်က ရှင်းပြပါတယ်။

သူတို့တွေ သတိရောရကြရဲ့လား။ သမီး အခုလို ဘာ အာမခံချက်မှ မပါပဲ အိမ်ပြန်သွားခဲ့ရင် သမီးယောက်ကျားက သမီးကို လာပြန်ခေါ်ပြီး အရင်လိုပဲ နှိပ်စက်လိမ့်အုန်းမယ်ဆိုတာ။
 
"သမီး ကွာရှင်းချင်တယ် "  လို့ သမီးတကယ်ပြောနေမှန်း သူတို့သေချာသိအောင် မျက်မှောင်ကို အတတ်နိုင်ဆုံး ကုတ်နိုင်သမျှကုတ်ပြီး ထပ်ပြောလိုက်တယ်။ ဘယ်လောက်တောင်လည်းဆို သမီး ကိုယ့်အသံကိုယ်ပြန်ကြားရတာ ထခုန်မတတ်တောင် ဖြစ်သွားတယ်။

"ဦးလေးတို့ ဖြေရှင်းဖို့ရာ နည်းလမ်းရှာပါ့မယ်"   လို့ အယ်လ် ဂါဇီက သူ့ခေါင်းပေါင်းကို တည့်အောင်ပြုပြင်ရင်း တိုးတိုးလေး ရေရွတ်တယ်။

နေ့လည် ၂ နာရီလည်း ထိုးပေပြီ။ ရုံးလည်း ပိတ်ပြီ။ ဒီနေ့က ဗုဒ္ဓဟူးနေ့။ မွတ်စလင်မ် တို့ရဲ့ စနေ တနင်္ဂနွေကဲ့သို့ ရုံးပိတ်ရက် နှစ်ရက် စတင်ပေတော့မည်။
"ပြီးတော့  ဒီသူငယ်မ အိမ်ပြန်ရမလားဆိုတာကလည်း တကယ်တော့ မေးဖို့ကို မသင့်တဲ့ မေးခွန်းပါပဲလေ"  လို့ အယ်လ် ဂါဇီက ထပ်ပြောသည်။ တတိယမြောက်တရားသူကြီး အဗ်ဒဲလ် ဝါဟဒ် ကတော့ သူကူညီမယ်လို့ ပြောပါတယ်။ သူ့အိမ်မှာ သမီးကို ခနထားဖို့အတွက်တော့ အခန်းရှိပါတယ်တဲ့။ ဘာပဲပြောပြော အခုတော့ ခနပဲဖြစ်ဖြစ် သမီးအတွက် လုံခြုံသွားပါပြီ။

စနေနေ့ မနက် ၉ နာရီမှာ တရားရုံးက အဗ်ဒဲလ် ဝါဟဒ် ရဲ့ ရုံးခန်းထဲမှာ သမီးရယ်၊ အဗ်ဒူလ်ရယ်၊ မိုဟာမက် အယ်လ် ဂါဇီ ရယ် အတူတူ ထိုင်နေကြပါတယ်။ အယ်လ် ဂါဇီကတော့ အရမ်းကို စိုးရိမ်ပူပန်နေပုံပါပဲ။

"ယီမင်နိုင်ငံရဲ့ ဥပဒေအရဆိုရင် သမီး အဖေနဲ့ ယောက်ကျားကို အမှုဖွင့်ဖို့ဆိုတာ အတော်လေးခက်ခဲလိမ့်မယ်... " လို့ သမီးကို သူက ပြောပါတယ်။ ယီမင်က ရွာငယ်လေးတွေမှာ မွေးတဲ့ ကလေးတော်တော်များများနည်းတူ သမီးမှာလဲ မွေးလက်မှတ် မရှိပါဘူး။ ပြီးတော့ တစုံတယောက်ကို တရားစွဲဆိုနိုင်ဖို့အတွက်လည်း သမီး အရွယ်က သိပ်ကိုငယ်နေပါသေးတယ်။ ဒါ့အပြင် လက်ထပ်စာချုပ်ဆိုတာကလည်း သမီးရဲ့ မိသားစုဝင် ယောက်ကျားသားတွေ ကိုယ်တိုင် လက်မှတ်ထိုးထားတာ ဖြစ်နေပြန်တယ်။ ယီမင် ဥပဒေအရဆိုရင် အဲ့ဒါဟာ တရားဝင်ပါတယ်။

"အခုအချိန်ကတော့ ကျတော်တို့ မြန်မြန် ထက်ထက် လုပ်ဆောင်ရလိမ့်မယ်။ နူဂျွတ်အဖေနဲ့ ယောက်ကျားကို ခနတာ ဖမ်းချုပ်ထားဖို့အတွက် ကျွန်တော်ကတော့ အကြံပေးချင်တယ်...ဒီကလေးမကို ကာကွယ်ချင်တယ်ဆိုရင် သူတို့နှစ်ယောက် လွတ်နေတာထက် ထောင်ထဲမှာ ထည့်ထားတာက ပို လုံခြုံလိမ့်မယ်... "  လို့ မိုဟာမက် အယ်လ် ဂါဇီ က သူ့ အဖော် တရားသူကြီးတွေကို ပြောပါတယ်။

ထောင် !!!

အဖေ သမီးကို ဒီတသက် ခွင့်လွှတ်ပါတော့မလား။ ရှက်ရွံ့ခြင်းနဲ့ အပြစ်မကင်းခြင်းတွေကို သမီး ခံစားလိုက်ရတယ်။

ယီမင်မှာ သမီးလို မိန်းကလေးတွေအတွက် စောင့်ရှောက်ရေးစခန်း မရှိပါဘူး။ ပြီးတော့လည်း သမီး အဗ်ဒဲလ် ဝါဟဒ်တို့နဲ့ ဆက်မနေလိုတော့ပါဘူး။ သူ သမီးကို အများကြီး ကူညီခဲ့ပြီးပြီလေ။

သမီးရဲ့ အခင်မင် အားအကိုးရဆုံး ဦးလေးအနေနဲ့  ဘယ်သူရှိလဲ လို့ တရားသူကြီးတယောက်က သမီးကို မေးပါတယ်။

သမီးထင်တာကတော့ အမေ့ရဲ့ မောင်၊ ဦးလေး ရှိုရီ ပါပဲ။ သူက စစ်ပြန်ကြီးတယောက်အနေနဲ့ သမီးတို့ အမျိုးထဲမှာ အတန်အသင့် လူလေးစားခံရတဲ့၊ ဂုဏ်သိက္ခာရှိတဲ့ သူတယောက်ပါ။ သူဟာ သမီးတို့ နေတဲ့နေရာနဲ့ တော်တော်လေးလှမ်းတဲ့နေရာမှာ သူ့ မိန်းမနှစ်ယောက်၊ ကလေး ၇ယောက်တို့နဲ့ အတူတူ နေပါတယ်။ အမှန်ပြောရရင်တော့ သူလည်းပဲ သမီးရဲ့ မင်္ဂလာကိစ္စကို မကန့်ကွက်ခဲ့ပါဘူး။ ဒါပေမယ့် အနည်းဆုံးတော့ သူဟာ သူ့ကလေးတွေကို မရိုက်တတ်တဲ့ သူတယောက်လေ။

ဦးလေး ရှိုရီဟာ သမီးကို ဘာမှ သိပ်မမေးပဲနဲ့ သမီး မောင်နှမဝမ်းကွဲလေးတွေနဲ့ ပေးဆော့ပါတယ်။ တကယ်တန်းတော့ သမီး လုပ်လာခဲ့တဲ့ အရာတွေအားလုံးကို သူမကြိုက်ဘူးလို့တော့ သမီးထင်ပါတယ်။

နောက်သုံးရက်လောက်က သမီးဟာ တရားရုံးမှာပဲ အချိန်ကုန်တာပါပဲ။ အံ့သြဖွယ် ထူးခြားဆန်းကြယ်မှုတွေများ ဖြစ်ပျက်လာလေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့။ တရားရုံးကို ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါ ထပ်ထပ်သွားနေရမှာပါလိမ့်။ အဗ်ဒူလ်ကတော့ သမီးကို သတိပေးပါတယ်။ သမီးရဲ့ အမှုက ပုံမှန်သူတို့တွေ့ကြုံနေကျ အမှုမျိုး မဟုတ်ဘူးဆိုတဲ့အကြောင်း။ ကဲ... အဲဒါဆို အခုတွေ့ပြီလေ။ ဒီအမှုကို တရားသူကြီးတွေ ဘယ်လိုကိုင်တွယ်မှာပါလိမ့်။

(ဆက်ရန်)

No comments:

Post a Comment