Tuesday 3 January 2012

ကွာရှင်းပြတ်စဲခြင်း - ၇

တရားသူကြီး အဗ်ဒူလ်ဟာ သူ့အံ့သြမှုကို ဖုံးကွယ်နိုင်စွမ်း မရှိဖြစ်နေပါတယ်။

"သမီးက... ကွာရှင်းချင်လို့"

"ဟုတ်ကဲ့"

"နေပါဦး... ဒါဆို... ညည်းက... ညည်းက လက်ထပ်ထားတယ်ပေါ့"

"ဟုတ်ကဲ့"

သူ့ဆီမှာ သမီးကို လေးစားချစ်ခင်တဲ့ အရိပ်အယောင်တွေ ပေါ်လာပါတယ်။ သူ့ရဲ့ အကျီအဖြူရောင်နဲ့ သံလွင်သီးရောင် သူ့အသားဟာ တခုနဲ့ တခု ပိုမိုထင်းလင်းစေရန် အပြန်အလှန် ကူညီနေကြသလိုပါပဲ။ သမီးရဲ့ အဖြေကို ကြားတော့ သူ့မျက်နှာဟာ ပိုလို့တောင် မည်းမှောင်သွားပါတော့တယ်။

"ဒီအရွယ်နဲ့... ဘယ်လိုလုပ်များ ဒီအရွယ်လေးက လက်ထပ်ပြီးသား ဖြစ်နေရတာလဲကွယ်..."

သမီးလည်း သူ့မေးခွန်းကို ပြန်မဖြေပဲ ဆုံးဖြတ်ချက်ချပြီးသားအတိုင်း   "သမီး ကွာရှင်းချင်ပါတယ်"   လို့ ထပ်ပြောလိုက်ပါတယ်။

သူဟာ သူ့နှုတ်ခမ်းမွှေးတွေကို  စိတ်လှုပ်ရှားလွန်းစွာ ပွတ်သပ်နေပါတော့တယ်။ သူ သမီးကို ကယ်မယ်လို့ ပြောမိမှာ စိုးလို့နဲ့ တူပါရဲ့လေ။

"ကဲ... ဒါဆို သမီးက ဘာဖြစ်လို့ ကွာရှင်းချင်ရတာလဲ..."   လို့ သူက ဆက်မေးပါတယ်။

သမီး သူ့ကို တည့်တည့် စိုက်ကြည့်ရင်းနဲ့ ပြောလိုက်တယ်။

"ဘာဖြစ်လို့လည်းဆိုတော့ သမီး ယောက်ကျားက သမီးကို ရိုက်တယ်..."

သမီးအဲ့ဒီလိုပြောလိုက်တာ သူ့မျက်နှာကို သမီးက ရိုက်လိုက်တဲ့အတိုင်းပါပဲ။ သူ ကြက် သေ သေသွားတယ်။ မယဉ်ကျေးပေမဲ့လဲ သူ သမီးကို မေးရတော့တာက

"သမီးက အခုအထိ အပျိုဘဝမှာပဲလား"

 ထွက်လာမဲ့ စကားလုံးတွေကို
သမီး ခက်ခဲစွာ ပြန်မြိုချမိတယ်။ ဒီအကြောင်းတွေကိုပြောဖို့ရာ သမီး ရှက်နေမိတယ်။ ဒါပေမယ့် တဆက်တည်းမှာပဲ သမီး နိုင်ဖို့ရာ ပြောမှဖြစ်မယ်။ ပြောကို ပြောရမယ်။

"ဟင့်အင်း သွေးထွက်သံယိုဖြစ်တဲ့အထိ ခံစားခဲ့ရပါတယ်..."

တရားသူကြီး တုန်လှုပ်သွားတယ်။ သူ့ခံစားချက်ကို ဖုံးကွယ်ဖို့ ကြိုးစားပေမယ့် သမီး သူ့ရဲ့ အံ့သြမှုတွေကို မြင်နေရတယ်။ သူ ပင့်သက် တချက်ရှိုက်လိုက်ရင်းနဲ့ သမီးကို ပြောတယ်။

"သမီးကို ဦးလေး ကူညီပါ့မယ်..."

သမီး လွတ်လပ်သွားတယ်လို့ ခံစားလိုက်ရတယ်။ တုန်ရီနေတဲ့
သူ့လက်တွေနဲ့ ဖုန်းကို ကိုင်လိုက်တာကို သမီးကြည့်နေတယ်။ ကံကောင်းခဲ့ရင်၊ သူက မြန်မြန်ဆန်ဆန် လုပ်ပေးခဲ့ရင် သမီး ဒီနေ့ ညနေပဲ မိဘတွေဆီ ပြန်နိုင်ပြီ၊   မောင်နှမတွေ အရင်လို့ ပြန်ဆော့နိုင်ပြီ။ ကွာရှင်းခြင်း။ တယောက်ထဲ ညတိုင်ကျ သမီး ယောက်ကျားဆိုတာကြီးနဲ့ တခန်းထဲ အတူရှိနေရဖို့ကို ကြောက်ရွံ့မနေရတော့ဘူး။ 

(ဆက်ရန်)

No comments:

Post a Comment