Sunday 4 December 2011

လက်ရွေးစင် ၂

တလက်ရွေးထဲ လက်ရွေးစင်နေတာ အိမ်မှာ ကော်ဖီမှုန့်ကုန်သွားလို့လဲ ပါ ပါတယ်။ မှတ်စုထဲကူးထားတဲ့ ကဗျာလေးတွေကို မျှချင်တာလဲပါ ပါတယ်။ တချို့ကဗျာတွေက ဘယ်သူရေးမှန်းမသိပဲ အမတွေ သိမ်းထားတာတွေ့ရင်းဖတ်လို့ ကြိုက်ရင် ကူးထားလိုက်တယ်။ တခါ တခါ မဂ္ဂဇင်းထဲမှာ တွေ့ရင် ကူးထားလိုက်ပြန်ရော။ အဲဒီလိုကူးထားတာတွေမှာ စ ကူးခါစက ဘယ်ကယူတယ်ဆိုတာ မှတ်ရကောင်းမှန်းမသိဘဲ စာသားချည့် ယူထားမိတယ်။ နောက် ကိုယ်ပြန်ဖတ်တော့ ဘယ်မှာ ပါတာပါလိမ့်လို့ ပြန်စဉ်းစားမိရင်း ဘယ်သူရေးတယ်၊ ဘယ်ထဲမှာပါတာ ဆိုတာကို မှတ်ဖြစ်တော့တယ်။ ဒါတောင် ရေးသူပဲ မှတ်ဖြစ်ပြီး ဘယ်ထဲမှာပါတာကို မမှတ်ဖြစ်တဲ့ကဗျာက များနေသေးတယ်။ 

*အချိုးညီ ဖြစ်စဉ်များ

ချိန်တော့ အတည့်သား
မြားမဖြောင့်စင်း
ပစ်ကွင်းလွဲချော်...။


သွက်သွက်တော့လှမ်းသား
လမ်းကောက်လိမ်ကွေး
ခရီးဝေးကွာ...။


ပြုံးတော့ ပြုံးရှာသား
စိတ်ထားကောက်ကျစ်
နှလုံးညစ်တော့
ချစ်သူလျော့လို့
အော့သူကုဋေ...။

တိုးဝေ
---------------

*ထမင်းပွဲ အဘိဓမ္မာ

သမာအာဇီဝနဲ့ 
စားရတဲ့ ဟင်းတခွက်
ကန်စွန်းရွက်ပေမယ့်
ခံတွင်းမပျက်ပါနဲ့မေ ။     ။


မိစ္ဆာဇီဝနဲ့
စားရမယ့်ကြက်သားဟင်း
မဆလာနံ့သင်းပေမယ့်
မရှင်းတဲ့ခံတွင်း
ထမင်းနင်လှသလေ ။     ။


မောင်ခင်မှိုင်း (ချောက်)


...ကိုယ်တော်တော် တော်တာပါ။ ဒီကဗျာမှာ နောက်ဆုံးစာကြောင်းက "သလေ" နဲ့ ဆုံးထားလို့ မလှလိုက်တာဆိုပီး ကိုယ်ကူးထားတဲ့ စာအုပ်ထဲမှာ "ထမင်းနင်လှတယ်မေ" ဆိုပီး ပြင်ရေးထားလိုက်တယ်။ ဒါပေမယ့် ပြန်ဖတ်တိုင်း "သလေ" ကိုပဲ သွားသွားသတိရနေမိတယ်။...
---------------


၀၆ ၀၈ ၉၉ တဲ့... ကူးထားတဲ့နေ့

*နှစ်ယောက်တွဲစီးရီး


"နား"
ကြားသ၍မှတ်တမ်းပြု
စုဆောင်းထားသမျှ...။
ပါးစပ်ကတော့
အလကားရတိုင်း ချန်မထား
အတင်းကောင်းပါးလေ၏...။


မောင်နှင်းပန် (ရေနံချောင်း)

2 comments:

  1. တောင်ငူက ကော်ဖီမှုန့်တွေ လွမ်းလိုက်ထာ။ ပဒေသာတို့ ဖိုးလမင်းတို့။

    ReplyDelete
  2. @Rita... အမယ်မယ် တော်တော်မှတ်မိတာဟ... ပဒေသာက သောက်နေကျ... ဖိုးလမင်းတော့ မသောက်ဖူးဘူး။ ဒါမဲ့ ခုနောက်ပိုင်း သူတို့တွေက မန်ကျည်းစေ့တွေ အခေါက်တွေရောလာတာ လုံးဝ သောက်မကောင်းတော့ဘူး။

    ReplyDelete