Tuesday 27 December 2011

စိတ်ရေပြင်ပေါ်က အတိတ်ခြေရာများ... ၂

ဒီလမ်းသွယ်လေးက တိုပါသည်။ ဆက်လျောက်သွားတော့ ဘယ်ဘက်မှာ ပျဉ်ထောင်အိမ် အမဲလေးတလုံးနှင့် ညာဖက်မှာ တိုက်တန်းလျားလေးတခု။ စာသင်ဆောင်ကတော့ ပျဉ်ထောင်အိမ်တော့မဟုတ်လောက်ဟု ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ကာ တိုက်တန်းလျားလေးဖက် ထပ် ချိုးလိုက်သည်။ မြေနီလမ်းကနေ လူတယောက်လျောက်စာ ကျောက်စရစ်လမ်းလေးဆီသို့ နိမ့်ဆင်းသွားရာအဆုံးတွင် ကိုယ်တို့တက်ရမည့် နှစ်ခန်းတွဲ စာသင်ခန်းရှိပါသည်။ တခန်းက ကျောင်းရုံးခန်းလုပ်ထားတော့ စာသင်ခန်းက တခန်းထဲပေါ့။ 

ကွန်ပြူတာတွေကို ဘယ်မှာထားမှန်းတော့ မသိသေးပေ။


*****

ကောလိပ်ကစာသင်ခန်း ဆိုပေမယ့်လည်း အထက်တန်းကျောင်းအပြင်အဆင်တွေနဲ့ အခန်းတခန်းပါပဲလေ။ အခန်းထဲမှာတော့ ကျောင်းသား၊ ကျောင်းသူတချို့ရောက်နေကြပြီ။ လူ လေး၊ ငါးယောက် ထိုင်လို့ရတဲ့ ခုံတန်းရှည်တွေကို အတန်းသုံးတန်းခွဲချထားသည်။ ကိုယ်နဲ့ ကိုယ့်သူငယ်ချင်းလည်း ယောက်ျားလေး၊ မိန်းကလေးခွဲထားပုံမပေါ်လို့ တွေ့ရာ အနီးဆုံးနေရာမှာပဲ အတူတူဝင်ထိုင်လိုက်ကြသည်။ 


ထူးမခြားနား စာသင်ချိန်တွေဖြတ်သန်းပြီးတော့ ထမင်းစားချိန်ကျလာလေပြီ။ ဒါနဲ့ ကိုယ်တို့နှစ်ယောက်လဲ အတန်းထဲကထွက်ရင်း မုန့်ဆိုင်စနည်းနာလိုက်တော့ စောနကတွေ့ခဲ့ရာပျဉ်ထောင်အိမ်အမည်းလေးက ကိုယ့်တို့ရဲ့ တခုတည်းသော ကန်တီးန် လေးပါတဲ့။ ကိုယ်တို့လဲ စာသင်ရင်း မိတ်ဖွဲ့ရင်းနဲ့ နောက်ထပ် ထပ်ရလာတဲ့ သူငယ်ချင်း လေးယောက်နဲ့အတူ ခြောက်ယောက်သား မုန့်သွားစားကြသည်။ 


ကိုယ့်အတွက်တော့ အကိုကြီးတယောက်နဲ့ ညီမလေး သုံးယောက်ရသလိုပါပဲ။

*****

နောက်တနေ့ကြတော့ ကိုယ်လူလည်ဖြစ်သွားပြီ။ ဝတ်နေကြ ဂျင်းဘောင်းဘီပဲ ဝတ်ခဲ့သည်။ 

အိုးးးးးးးးး လျောက်လို့ကောင်းလိုက်တဲ့ဖြစ်ခြင်း။ 

မနေ့ကထက် အပြတ်အသတ်လှလွန်းတဲ့လမ်းကလေးကို လျောက်လို့ကိုမဝ။ ကိုယ့်သူငယ်ချင်း စပ်စပ်စုစုနဲ့ မနေ့ကရောက်ခဲ့ကြောင်းပြောပြလို့ ဂျပန်ပိတောက်ပင်တွေ ပတ်လည်ဝိုင်းနေတဲ့ ရေကန်လေးကိုလဲ ဒီနေ့မှ သတိထားမိတော့တယ်။ 

ဒီနေ့တော့ နေရာသတ်သတ်မှတ်မှတ်ထိုင်ဖို့အတွက် စိတ်ကြိုက်ရွေးရင်း နောက်ဆုံးတန်းမှာပဲ နေရာယူလိုက်သည်။ ပြတင်းပေါက်ကြိုက်တဲ့ကိုယ် ပြတင်းပေါက်နဲ့အနီးဆုံး ခုံတန်းမှာပဲ ထိုင်လိုက်သည်။ ဟိုတယောက်ကတော့ မနေ့က သူ့အသစ်စက်စက် သူငယ်ချင်းနဲ့သွားထိုင်သည်။ ကိစ္စမရှိပါလေ။ သူ့မှာကမှ တယောက်ထဲ။ ကိုယ့်မှာ သုံးယောက်တောင်။


ဒီလိုနဲ့ သင်တန်းချိန်မစသေးတော့ ကိုယ်လျောက်ငေးနေရင်း မမြင်ချင်ဆုံးလူတယောက်မျက်နှာက ကိုယ့်အမြင်အာရုံထဲဝင်လာသည်။ ဒင်း... ဘာလာလုပ်ပါလိမ့်။


မဝင်လာပါစေနဲ့... မဝင်လာပါစေနဲ့...


မပြောင်းလဲစွာ ပျက်တိပျက်ချော်အမြဲဖြစ်နေတဲ့ ကျောက်ကျောရေပက်မျက်နှာဟာ ကြခတ်ဝါးနှစ်ချောင်းရဲ့သယ်ဆောင်ရာအတိုင်း အခန်းထဲကို ထောင့်မကျိုးစွာနဲ့ဝင်လာပါတယ်။ ပိုဆိုးတာက ကိုယ့် ကျောင်းသွားဖက် သူငယ်ချင်းကိုလည်းတွေ့ရော

"ဟားးးးးးး ဟေ့ရောင်... ယောက်ဖ" 

ဆိုတဲ့ အောက်ကလိအာအသံနဲ့အတူ လက်ခုပ်လက်ဝါးချင်းရိုက်ကြ၊ မိတ်ဆက်ကြနဲ့ ဒင်းတို့တွေ... မမြင်ချင်အဆုံး ရှုပ်ရှက်ကို ခတ်နေကြတော့တာပါပဲ။

(ဆက်ရန်)

5 comments:

  1. ညက်ညောလှတဲ ရေးဟန်ပါလား။ ဆက်ပါအုံး.. စိတ်ဝင်စားစရာ...
    N/A

    ReplyDelete
  2. @N/A... ကွန်မန့်လေးက တကယ်ကို အားတက်စေပါတယ်။ ကျေးဇူးတင်ပါတယ်။ ဒီပိုစ့်က အိမ်ကိုလွမ်းရင် ထွက်ထွက်လာတတ်တယ်။ တခြားအချိန်ဆို စဉ်းစားလို့ကိုမရဘူး ဖြစ်ဖြစ်နေတယ်။ ကြိုးစားပြီးရေးပါ့မယ်။

    ReplyDelete
  3. ဇာတ်လမ်းလေးက အရှိန်တက်လာပြီ။ ဆက်ရေးပါဦး... မြန်မြန်။
    @အမည်အသိ

    ReplyDelete
  4. အပိုင်း ၁ ရော ၂ ပါ ပေါင်းဖတ်သွားပါတယ်။ ဘ၀ တစ်ဆစ်ချိုး ပြောင်းစေတဲ့ လမ်းကလေး ဆိုလို့  နည်းနည်း ပိုစိတ်ဝင် စား သွားတယ်။

    Happy New Year ပါဗျာ။

    ReplyDelete
  5. @အမည်မသိ... မြန်မြန်ဆက်ရေးဖို့ ကြိုးစားပါ့မယ့်။
    @...အလင်းစက်များ... စိတ်ဝင်စားသွားသလောက် စိတ်ဝင်စားစရာမကောင်းဖြစ်ရင်တော့ အားနာစရာ :)

    ReplyDelete