Saturday 2 July 2011

အစာမကြေခြင်း

စာမရေးတာကြာနေပေမယ့် ခေါင်းထဲမှာတော့ အတွေးတွေက အများကြီးရယ်ပါ။ ချမရေးဖြစ် ဖြစ်နေတာပဲရှိတယ်။ လုပ်မယ်လို့ရည်စူးပြီး မလုပ်ဖြစ်တဲ့သူတွေထဲမှာ ကိုယ်ကထိပ်ဆုံးကပဲ။ အဲ့ဒီလိုမဖြစ်ချင်ပေမယ့် ဖြစ်ဖြစ်နေမိတယ်။ 

ဒီနေ့ ရီးဒါးဒိုင်ဂျက်စ် ရောက်လာတော့မှ ရီးဒါးဒိုင်ဂျက်စ် အေးရှားကို စာပို့မယ်လုပ်ပြီး မပို့ဖြစ်သေးတာ သတိရသွားတယ်။ ဂျွန်လမှာပါတဲ့ သူတို့ စာတပုဒ်ကို သဘောမကျလို့ပါ။ အစားအသောက်အကြောင်းရေးထားတာပါ။ အာရှရဲ့ လမ်းမတန်း၊ တိတိကျကျပြောရရင် လမ်းဘေးအစားအသောက်တွေအကြောင်းပေါ့။ အဲ့ဒီစာပုဒ်ရဲ့ စစချင်းမှာ မြန်မာနိုင်ငံက ဈေးဆိုင်တွေပုံကို တင်ထားပါတယ်။  နိုင်ငံအမည်ရော အစားအစာအမည်ပါ ပုံမှာ မပါပါဘူး။ ပုံရဲ့ ကပ်(ပ်)ရှင်က "A typical busy street food scene in Asia" ပါတဲ့။ ထားပါလေဆိုပြီး ဆက်ဖတ်ပါတယ်။ 

စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား နဲ့ တိုင်ဝမ်က စားစရာတွေအကြောင်းကို  နိုင်ငံတခုချင်းစီကို ခေါင်းစဉ်တပ်ပြီး ရေးထားပါတယ်။ အဲ့ဒီပုံတွေမှာ ကပ်(ပ်)ရှင်ကို နိုင်ငံအမည်နဲ့ အစားအစာအမျိုးအမည်နဲ့ပါ အတူတကွ ထိုးပါတယ်။ ပထမတော့ အော်...မြန်မာပြည်ကို သွားရလာရတဲ့အခါ သတင်းထောက်ဆိုသွားရခက်တော့ မသိနိုင်ဘူးပေါ့လို့တွေးမိပါတယ်။ ဒါပေမယ့် တကယ်တန်းသေချာပြန်စဉ်းစားကြည့်တော့ ရန်ကုန်ဆိုတာလောက်တော့ ပုံမှာထည့်ပေးသင့်ပါတယ်။ ဘာမြို့ဆိုတာလေးတောင် မထည့်ပေးနိုင်လောက်အောင် မြန်မာဟာ အာရှမှာ လူမသိသူမသိဖြစ်နေလို့လား။ အဲ့ဒီဓါတ်ပုံကို ရိုက်ယူခဲ့တဲ့ သတင်းထောက်ကရော မသိဘူးလား။ မြန်မာ့ အစားအစာမှာ လူသိများတဲ့ အရာနည်းတယ်ဆိုတာဝန်ခံပါတယ်။ မလေးရှားဆို နာစီလမက်၊ ထိုင်းဆို သင်္ဘောံသီးသုပ်နဲ့ တုန့်ယမ်းဟင်းချိုဆိုတာ လူတော်တော်များများသိကြပါတယ်။ ဒါပေမယ့် ခုဆောင်းပါးက အာရှက အစားအစာတွေကိုမိတ်ဆက်ပေးတဲ့ စာပါ။ ကိုယ်တော်တော်လေးကိုခံပြင်းမိတယ်။ 

ဆောင်းပါးမှာ အဲ့ဒီဓါတ်ပုံလည်းမပါ၊ မြန်မာနိုင်ငံကအစားအစာအကြောင်းလည်းမပါ ဆိုရင် ကိုယ်ဘာမှမပြောလိုပါဘူး။ သူတို့မှာ မြန်မာနိုင်ငံကိုသွားဖို့ အခက်အခဲရှိမှာပေါ့လေလို့ တွေးပေးလို့ရပါသေးတယ်။ ခုတော့...။ 

ခုပဲ ဂျူလိုင်လရောက်နေပါပြီ။ သိပ်နောက်မကျသေးခင် ရီးဒါးဒိုင်ဂျက်စ်ကို စာရေးဖြစ်ဖို့ကြိုးစားအုန်းမယ်။ ဘာမဟုတ်တာလေးနဲ့ အပိုတွေရေးနေသေးတယ်ပြောရင်လဲ ပြောတာခံရုံပါပဲ။ ကိုယ်ကတော့ လုံးဝမကျေနပ်ဘူး။

တွေးမိတာနောက်တခုကတော့ ချက်နည်းကိုမေးရင် စေ့စေ့ငှငှ ဖြေနိုင်လောက်တဲ့ အင်းဂလိပ်စာ မကြွယ်ဝလို့လားဆိုတာပါ။ အတွေးတွေကတော့ တော်တော်များသွားတယ်။ တင်ထားတဲ့ ပုံက မုန့်ဟင်းခါးဆိုင်ပုံပါ။ ဒါပေမယ့်လည်း ဒါသည် သူတို့အလုပ်၊ နည်းရအောင်ရှာသင့်တယ်ဆိုတာလည်း ဆက်တွေးမိသွားပြန်ရော။ မီးခိုးမဆုံး မိုးမဆုံး အတွေးအမျှင်တွေတန်းသွားစေတဲ့ ဆောင်းပါးတခုပါပဲလေ။

6 comments:

  1. ကောင်းတယ်။ ရေးဖြစ်အောင် ရေးပါ။ အားပေးနေပါမယ်။

    ReplyDelete
  2. မှန်တယ် မမ... အားပေးတယ်... :D

    ReplyDelete
  3. ပျောက်နေတယ်
    ဂေါက်များသွားပြီလားလို့
    ဟဲဟဲ
    စာတမ်းပြီးပြီလား

    ReplyDelete
  4. @အမည်မသိ နှင့် Candy...အားပေးမှုအတွက်ကျေးဇူးတင်ပါတယ်။ ခုထိတော့ မရေးရသေးဘူး။
    @Norman...မပီးသေးဘူးဟ။ ကြိုးစားတုန်း။ စီကလူတွေအားလုံးကိုလည်း တကယ်သတိရတယ်။

    ReplyDelete
  5. ညီမလေးရေ... မကြာခဏခံစားရတဲ့ ခံစားချက်ပါ။ ရုပ်ဝါဒီတွေကြီးစိုးတဲ့ လောကကြီးမှာ ဆင်းရဲတဲ့ တို့နိုင်ငံလေး (သူတို့မျက်လုံးထဲ) ပျောက်ပျောက်နေတယ် ထင်ပါရဲ့... ဒီလိုပဲ ကောင်းသောနည်းနဲ့ ထင်ရှားလာအောင် တစ်ယောက်ချင်းစီကနေ ဝိုင်းအားထုတ်ကြရမှာပါပဲ။

    (Reader's Digest ကို စာရေးမယ်ဆိုတဲ့ ညီမလေး စိတ်ဓာတ်ကို ချစ်မိတယ်)

    ReplyDelete
  6. @ရွှေပြည်သူ... မမရေ... မျက်နှာကြီးရာ ဟင်းဖတ်ပါနေကြတာ နေရာတိုင်းလိုလိုမှာပါပဲ အမရယ်။ စာကိုပို့လိုက်ပီ... ဒါပေမယ့် ဘာမှကိုပြန်မလာသေးဘူး။ ဒီလ လယ်လောက်မှ မလာသေးရင် ထပ်ပို့လိုက်မယ်။ ပို့သာပို့လိုက်တာ မကျေနပ်သေးဘူး။

    မမအားပေးတာ ဝမ်းသာပါတယ်။

    ReplyDelete