Monday 31 October 2011

မထိခလုတ် အလွမ်းများ...

ဘာလိုလိုနဲ့ အောက်တိုဘာ ၃၁ ကိုရောက်ပြီ။ ရေတွေကြီးနေတာ မကျသေးပေမယ့် မနက် မနက်ဆို ဆောင်းသရုပ်က နည်းနည်းတော့ ပေါ်လာနေလေရဲ့။

ဆောင်းဝင်ပြီဆိုတာနဲ့ပန်းနွယ်တွေ ရစ်ပတ်နေတဲ့ ခြံစည်းရိုးပေါ်ကနေ ပွင့်လာတဲ့ ဂေါ်သဇင်ပွင့်တွေကို လွမ်းတယ်။ မြေပေါ်မှာကြွေကျနေတာ နည်းနေပြီဆို ပင်စည်သေးသေးလေးကို လက်နဲ့လှုပ်လို့ ကြွေလာတာ အားမရလို့ လူကြီးတွေအလစ် ခြေထောက်နဲ့ဝိုင်းကန်မှ ကြွေလာတဲ့ ဆိပ်ဖလူးပန်းလေးတွေကိုလည်း လွမ်းတယ်။ ညမှာတိုက်တဲ့ လေစိမ်းစိမ်း ခဲခဲ၊ မနက်စောစောမှာ  နေရောင်နုနုလေးကို ဖြတ်တိုက်လာတဲ့ အေးဖျော့ဖျော့လေကလေးကိုလည်း လွမ်းတယ်။ စက်ဘီးစီးခါနီး ရေစက်တွေသီးနေတဲ့ ထိုင်ခုံကို သုတ်ရတိုင်း လက်တွေအေးသွားရတဲ့ ခံစားချက်ကိုလည်း လွမ်းတယ်။ ဘုရားကျောင်း ကုန်းပေါ်မှာပွင့်နေတဲ့ တပင်တည်းသော ငုချယ်ရီ ပန်းရောင်လေးတွေကိုလည်း လွမ်းတယ်။ မနက်စာ သွားဝယ်ရတိုင်း မသဲကွဲတဲ့ မြူတွေကြားထဲ ချမ်းတအေးအေးနဲ့ စက်ဘီးစီးရတာကို လွမ်းတယ်။ အမေဝယ် လာတဲ့ ထန်းမြစ်စည်းကြီးကိုလည်း လွမ်းတယ်။ 

သူ့ ဒေါ်ဆယ် စားမိလို့ကတော့ ဘယ်ဒေါ်ဆယ်မှ စားလို့မရတော့လောက်အောင် ဒေါ်ဆယ်မှော် အောင်နေလားထင်ရတဲ့ ပြန်ကြားရေးရုံးရှေ့က ဒေါ်ဆယ်ဆိုင်လေးကိုလွမ်းတယ်။
All Souls Day အတွက် သင်းချိုင်းရှင်းကြရင်း ခံတက်ရွက်တွေခူးရတာကိုလည်း လွမ်းတယ်။ မြေပုံလေးတွေ၊ အုတ်ဂူလေးတွေပေါ်ထွန်းထားတဲ့ ဖယောင်းတိုင်တွေက ဖယောင်းတွေ ခွါကြရင်း ဖယောင်းလုံး အကြီး၊ အသေးပြိုင်ကြတာကိုလည်း လွမ်းတယ်။ မနက်ကျူရှင်သွားရင်း စွယ်တော်ပင်တွေနားဖြတ်သွားရင် ရတတ်တဲ့ စွယ်တော်ပန်းရောင်လေးတွေရဲ့ အနံ့ကိုလည်း လွမ်းတယ်။ နွေဦး ဆောင်းဦး မိုးဦးလေးတွေဟာ လူကိုဖမ်းစားနိုင်လွန်းလှတယ်။ လွမ်းစရာ မည်မည်ရရ ချပြလို့မရပဲ လွမ်းနေရတဲ့အဖြစ်ကိုက လွမ်းစရာလေးပါပဲလေ။

အိမ်ပြန်ချင်တယ်။    ။

5 comments:

  1. မမရေးမှပဲ အိမ်တောင်ပြန်ချင်လာပြီ.. :D

    ReplyDelete
  2. ဖတ်လို့ကောင်းတယ်.. ဒါပေမယ့် အစားအသောက်ကလွဲရင် ကျန်တာ သိပ်မလွမ်းတတ်ဘူး။ :ap:

    ED

    ReplyDelete
  3. @ ပြန်ချင်ရက်နဲ့ မပြန်ရခြင်းကလည်း တဒုက္ခပဲနော်။
    @ အီးတီ... ပြောစရာကို မလိုတာပါ။

    ReplyDelete
  4. ပို့စ်အဟောင်းလေးတွေက အစအကြွေးတွေ အကုန်ရှင်းပြီးဖတ်သွားတယ် ညီမလေး ခရမ်းနွယ်...အလွမ်းကောင်းလွန်းတော့ ကိုယ်တောင် လွမ်းပြီးရင်းလွမ်းပေါ့..
    အဲဒီလို အေးတာ၊ ခဲတာ၊ နုတာတွေကို ဖတ်ရရင် ကိုယ်ပါ အေးခဲပြီးနုနေရောပဲ...ဘာမှန်းကိုမသိဘူး..ကိုယ်တကယ်စိတ်နုတယ်..မခံစားနိုင်ဘူး..း))

    ReplyDelete
  5. @ပန်းချီ... အမရေ ပျောက်နေတယ်နော်။ မအားဘူးနဲ့တူပါရဲ့လေ။ စာကြွေးတွေရှင်းသွားတယ်ဆိုလို့ ဝမ်းသာလိုက်တာ။ နောက်ခါဆို အေးတာတွေအစား ပူပူလောင်လောင်လေးတွေရေးပေးပါ့မယ်။ :)

    ReplyDelete