Showing posts with label အတိတ်. Show all posts
Showing posts with label အတိတ်. Show all posts

Tuesday, 27 December 2011

စိတ်ရေပြင်ပေါ်က အတိတ်ခြေရာများ... ၂

ဒီလမ်းသွယ်လေးက တိုပါသည်။ ဆက်လျောက်သွားတော့ ဘယ်ဘက်မှာ ပျဉ်ထောင်အိမ် အမဲလေးတလုံးနှင့် ညာဖက်မှာ တိုက်တန်းလျားလေးတခု။ စာသင်ဆောင်ကတော့ ပျဉ်ထောင်အိမ်တော့မဟုတ်လောက်ဟု ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ကာ တိုက်တန်းလျားလေးဖက် ထပ် ချိုးလိုက်သည်။ မြေနီလမ်းကနေ လူတယောက်လျောက်စာ ကျောက်စရစ်လမ်းလေးဆီသို့ နိမ့်ဆင်းသွားရာအဆုံးတွင် ကိုယ်တို့တက်ရမည့် နှစ်ခန်းတွဲ စာသင်ခန်းရှိပါသည်။ တခန်းက ကျောင်းရုံးခန်းလုပ်ထားတော့ စာသင်ခန်းက တခန်းထဲပေါ့။ 

ကွန်ပြူတာတွေကို ဘယ်မှာထားမှန်းတော့ မသိသေးပေ။


*****

ကောလိပ်ကစာသင်ခန်း ဆိုပေမယ့်လည်း အထက်တန်းကျောင်းအပြင်အဆင်တွေနဲ့ အခန်းတခန်းပါပဲလေ။ အခန်းထဲမှာတော့ ကျောင်းသား၊ ကျောင်းသူတချို့ရောက်နေကြပြီ။ လူ လေး၊ ငါးယောက် ထိုင်လို့ရတဲ့ ခုံတန်းရှည်တွေကို အတန်းသုံးတန်းခွဲချထားသည်။ ကိုယ်နဲ့ ကိုယ့်သူငယ်ချင်းလည်း ယောက်ျားလေး၊ မိန်းကလေးခွဲထားပုံမပေါ်လို့ တွေ့ရာ အနီးဆုံးနေရာမှာပဲ အတူတူဝင်ထိုင်လိုက်ကြသည်။ 


ထူးမခြားနား စာသင်ချိန်တွေဖြတ်သန်းပြီးတော့ ထမင်းစားချိန်ကျလာလေပြီ။ ဒါနဲ့ ကိုယ်တို့နှစ်ယောက်လဲ အတန်းထဲကထွက်ရင်း မုန့်ဆိုင်စနည်းနာလိုက်တော့ စောနကတွေ့ခဲ့ရာပျဉ်ထောင်အိမ်အမည်းလေးက ကိုယ့်တို့ရဲ့ တခုတည်းသော ကန်တီးန် လေးပါတဲ့။ ကိုယ်တို့လဲ စာသင်ရင်း မိတ်ဖွဲ့ရင်းနဲ့ နောက်ထပ် ထပ်ရလာတဲ့ သူငယ်ချင်း လေးယောက်နဲ့အတူ ခြောက်ယောက်သား မုန့်သွားစားကြသည်။ 


ကိုယ့်အတွက်တော့ အကိုကြီးတယောက်နဲ့ ညီမလေး သုံးယောက်ရသလိုပါပဲ။

*****

နောက်တနေ့ကြတော့ ကိုယ်လူလည်ဖြစ်သွားပြီ။ ဝတ်နေကြ ဂျင်းဘောင်းဘီပဲ ဝတ်ခဲ့သည်။ 

အိုးးးးးးးးး လျောက်လို့ကောင်းလိုက်တဲ့ဖြစ်ခြင်း။ 

မနေ့ကထက် အပြတ်အသတ်လှလွန်းတဲ့လမ်းကလေးကို လျောက်လို့ကိုမဝ။ ကိုယ့်သူငယ်ချင်း စပ်စပ်စုစုနဲ့ မနေ့ကရောက်ခဲ့ကြောင်းပြောပြလို့ ဂျပန်ပိတောက်ပင်တွေ ပတ်လည်ဝိုင်းနေတဲ့ ရေကန်လေးကိုလဲ ဒီနေ့မှ သတိထားမိတော့တယ်။ 

ဒီနေ့တော့ နေရာသတ်သတ်မှတ်မှတ်ထိုင်ဖို့အတွက် စိတ်ကြိုက်ရွေးရင်း နောက်ဆုံးတန်းမှာပဲ နေရာယူလိုက်သည်။ ပြတင်းပေါက်ကြိုက်တဲ့ကိုယ် ပြတင်းပေါက်နဲ့အနီးဆုံး ခုံတန်းမှာပဲ ထိုင်လိုက်သည်။ ဟိုတယောက်ကတော့ မနေ့က သူ့အသစ်စက်စက် သူငယ်ချင်းနဲ့သွားထိုင်သည်။ ကိစ္စမရှိပါလေ။ သူ့မှာကမှ တယောက်ထဲ။ ကိုယ့်မှာ သုံးယောက်တောင်။


ဒီလိုနဲ့ သင်တန်းချိန်မစသေးတော့ ကိုယ်လျောက်ငေးနေရင်း မမြင်ချင်ဆုံးလူတယောက်မျက်နှာက ကိုယ့်အမြင်အာရုံထဲဝင်လာသည်။ ဒင်း... ဘာလာလုပ်ပါလိမ့်။


မဝင်လာပါစေနဲ့... မဝင်လာပါစေနဲ့...


မပြောင်းလဲစွာ ပျက်တိပျက်ချော်အမြဲဖြစ်နေတဲ့ ကျောက်ကျောရေပက်မျက်နှာဟာ ကြခတ်ဝါးနှစ်ချောင်းရဲ့သယ်ဆောင်ရာအတိုင်း အခန်းထဲကို ထောင့်မကျိုးစွာနဲ့ဝင်လာပါတယ်။ ပိုဆိုးတာက ကိုယ့် ကျောင်းသွားဖက် သူငယ်ချင်းကိုလည်းတွေ့ရော

"ဟားးးးးးး ဟေ့ရောင်... ယောက်ဖ" 

ဆိုတဲ့ အောက်ကလိအာအသံနဲ့အတူ လက်ခုပ်လက်ဝါးချင်းရိုက်ကြ၊ မိတ်ဆက်ကြနဲ့ ဒင်းတို့တွေ... မမြင်ချင်အဆုံး ရှုပ်ရှက်ကို ခတ်နေကြတော့တာပါပဲ။

(ဆက်ရန်)

Monday, 31 October 2011

မထိခလုတ် အလွမ်းများ...

ဘာလိုလိုနဲ့ အောက်တိုဘာ ၃၁ ကိုရောက်ပြီ။ ရေတွေကြီးနေတာ မကျသေးပေမယ့် မနက် မနက်ဆို ဆောင်းသရုပ်က နည်းနည်းတော့ ပေါ်လာနေလေရဲ့။

ဆောင်းဝင်ပြီဆိုတာနဲ့ပန်းနွယ်တွေ ရစ်ပတ်နေတဲ့ ခြံစည်းရိုးပေါ်ကနေ ပွင့်လာတဲ့ ဂေါ်သဇင်ပွင့်တွေကို လွမ်းတယ်။ မြေပေါ်မှာကြွေကျနေတာ နည်းနေပြီဆို ပင်စည်သေးသေးလေးကို လက်နဲ့လှုပ်လို့ ကြွေလာတာ အားမရလို့ လူကြီးတွေအလစ် ခြေထောက်နဲ့ဝိုင်းကန်မှ ကြွေလာတဲ့ ဆိပ်ဖလူးပန်းလေးတွေကိုလည်း လွမ်းတယ်။ ညမှာတိုက်တဲ့ လေစိမ်းစိမ်း ခဲခဲ၊ မနက်စောစောမှာ  နေရောင်နုနုလေးကို ဖြတ်တိုက်လာတဲ့ အေးဖျော့ဖျော့လေကလေးကိုလည်း လွမ်းတယ်။ စက်ဘီးစီးခါနီး ရေစက်တွေသီးနေတဲ့ ထိုင်ခုံကို သုတ်ရတိုင်း လက်တွေအေးသွားရတဲ့ ခံစားချက်ကိုလည်း လွမ်းတယ်။ ဘုရားကျောင်း ကုန်းပေါ်မှာပွင့်နေတဲ့ တပင်တည်းသော ငုချယ်ရီ ပန်းရောင်လေးတွေကိုလည်း လွမ်းတယ်။ မနက်စာ သွားဝယ်ရတိုင်း မသဲကွဲတဲ့ မြူတွေကြားထဲ ချမ်းတအေးအေးနဲ့ စက်ဘီးစီးရတာကို လွမ်းတယ်။ အမေဝယ် လာတဲ့ ထန်းမြစ်စည်းကြီးကိုလည်း လွမ်းတယ်။ 

သူ့ ဒေါ်ဆယ် စားမိလို့ကတော့ ဘယ်ဒေါ်ဆယ်မှ စားလို့မရတော့လောက်အောင် ဒေါ်ဆယ်မှော် အောင်နေလားထင်ရတဲ့ ပြန်ကြားရေးရုံးရှေ့က ဒေါ်ဆယ်ဆိုင်လေးကိုလွမ်းတယ်။
All Souls Day အတွက် သင်းချိုင်းရှင်းကြရင်း ခံတက်ရွက်တွေခူးရတာကိုလည်း လွမ်းတယ်။ မြေပုံလေးတွေ၊ အုတ်ဂူလေးတွေပေါ်ထွန်းထားတဲ့ ဖယောင်းတိုင်တွေက ဖယောင်းတွေ ခွါကြရင်း ဖယောင်းလုံး အကြီး၊ အသေးပြိုင်ကြတာကိုလည်း လွမ်းတယ်။ မနက်ကျူရှင်သွားရင်း စွယ်တော်ပင်တွေနားဖြတ်သွားရင် ရတတ်တဲ့ စွယ်တော်ပန်းရောင်လေးတွေရဲ့ အနံ့ကိုလည်း လွမ်းတယ်။ နွေဦး ဆောင်းဦး မိုးဦးလေးတွေဟာ လူကိုဖမ်းစားနိုင်လွန်းလှတယ်။ လွမ်းစရာ မည်မည်ရရ ချပြလို့မရပဲ လွမ်းနေရတဲ့အဖြစ်ကိုက လွမ်းစရာလေးပါပဲလေ။

အိမ်ပြန်ချင်တယ်။    ။

Saturday, 13 August 2011

စိတ်ရေပြင်ပေါ်က အတိတ်ခြေရာများ... ၁

ကျောင်းပေါက်ဝကိုရောက်တော့ ကိုယ်တို့ စီးလာသည့်ကားကြီးက ကဆုန်ဆိုင်းလာရာမှ ရုတ်တရက် ရပ်တန့်ပေးသည်။ ကျောင်းသား နှစ်ယောက် ယောင်နနနှင့် ဆင်းလာကြသည်။ ကိုယ်နဲ့ ကိုယ့်သူငယ်ချင်းပေါ့။ 

အစိမ်းရောင်နောက်ခံမှာ အဖြူရောင်စာသားတွေနဲ့ရေးထားတဲ့ သစ်တောကျောင်းဆိုတာ ကိုယ်တို့တက်ရမယ့် ကွန်ပြူတာကောလိပ်တဲ့။

ကျောက်စရစ်ခင်းထားတဲ့ ဝင်ပေါက်ကိုကျော်လာတော့ မြေနီလမ်း မကျဉ်းမကျယ်လေးက တမျှော်တခေါ် ဆီးကြိုနေသည်။ ကျောင်းပထမနေ့ဆို၍ ဝတ်လာသည့်ထမီနှင့် ဒီလမ်းကိုလျောက်ဖို့ တော်တော်လေးတော့စိတ်ညစ်သွားမိသည်။ အမေ့ဘီဘဲလ်ထမီက ခြေထောက်အလွန်ရှသည်။ ဒါပေမယ့် လမ်းကလေးအင်မတန်သာယာတာကိုတော့ စိတ်ညစ်ညစ်နှင့်ပင် သတိထားလိုက်မိ၏။ 

တလမ်းလုံးမှာ ကိုယ်တို့နှစ်ယောက်နဲ့ သစ်ပင်တွေချည်းပဲရှိသည်။ တာရိုးဖို့ထားသလိုလမ်းမြင့်မြင့်လေးနှင့် ယူကလစ်ပင်ကြီးတွေ၊ ဘေးတဖက်တချက်မြေအနိမ့်မှာ သီဟိုပင်တွေမျက်စေ့တဆုံး...။ လမ်းဆုံးရွာတွေ့ထုံး နှလုံးမူရင်း ဆက်လျောက်လာကြရာ တော်တော်လေးလှမ်းတော့ လမ်းကလေးက ညာဖက်ကို လမ်းသွယ်လေးတခုအဖြစ်ချိုးသွားသည်။ လှမ်းကြည့်လိုက်တော့ တိုက်တန်းပုလေးတလုံး။ လူကတယောက်မှမရှိ။ ဒါနဲ့မဖြစ်ချေဘူးဆိုပြီး ဆက်လျောက်ကြပြန်သည်။ 


ဒီတခါတော့ နောက်ထပ်လမ်းချိုးလေးတွေ့ဖို့အတွက် သိပ်မလျောက်ရတော့ပါ။ ဒီလမ်းလေးကတော့ နည်းနည်း ပိုရှည်သည်။

ကိုယ်တို့နှစ်ယောက်သား ရှေ့ဆက်လျောက်ရမလား ညာချိုးရမလား စဉ်းစားရင်း ညာဖက်ကိုကြည့်လိုက်မိတော့ အဆောက်အဉီလေးတွေ စီရရီ နှင့် လူငယ်တချို့ကို စတွေ့လိုက်ရ၏။ ဆက်လျောက်ဖို့အကြံကို စွန့်လွှတ်လိုက်ပြီး ညာဖက်ကိုပဲချိုးလိုက်ကြသည်။ ဒီလမ်းသည် ကိုယ့်ဘဝကို တဆစ်ချိုးပေးလိုက်တဲ့ ပထမဆုံး လမ်းချိုးလေးမှန်း နောက်များမှာတော့ သိလာရသည်။

ဒီလမ်းသွယ်လေးက တိုပါသည်။ ဆက်လျောက်သွားတော့ ဘယ်ဘက်မှာ ပျဉ်ထောင်အိမ် အမဲလေးတလုံးနှင့် ညာဖက်မှာ တိုက်တန်းလျားလေးတခု။ စာသင်ဆောင်ကတော့ ပျဉ်ထောင်အိမ်တော့မဟုတ်လောက်ဟု ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ကာ တိုက်တန်းလျားလေးဖက် ထပ် ချိုးလိုက်သည်။ မြေနီလမ်းကနေ လူတယောက်လျောက်စာ ကျောက်စရစ်လမ်းလေးဆီသို့ နိမ့်ဆင်းသွားရာအဆုံးတွင် ကိုယ်တို့တက်ရမည့် နှစ်ခန်းတွဲ စာသင်ခန်းရှိပါသည်။ တခန်းက ကျောင်းရုံးခန်းလုပ်ထားတော့ စာသင်ခန်းက တခန်းထဲပေါ့။ 

ကွန်ပြူတာတွေကို ဘယ်မှာထားမှန်းတော့ မသိသေးပေ။

*****
(ဆက်ရန်)