Showing posts with label Tag Post. Show all posts
Showing posts with label Tag Post. Show all posts

Sunday, 25 December 2011

ဒီဇင်ဘာ ( သို့ ) DECEMBER !!!

ဒီက ယူပါတယ်။
ဒီက ယူပါတယ်။
at Vatican Embassy, Bangkok.
at Vatican Embassy, Bangkok. 
ဒီပုံထဲက အရုပ်လေးတွေ အကုန်လုံးက Hand Made တွေလို့ ပြောပါတယ်။

 ဟိုးအရင် ငယ်ငယ်တုန်းကတော့ ခရစ်စမတ်ကို လက်ဆောင်ရဖို့အတွက်ပဲ မြန်မြန်ရောက်ပါစေတော့ ဆိုပြီး မျှော်လင့်ခဲ့တယ်။ ခရစ်စမတ်မရောက်ခင် တပတ်အလိုဆို ဒယ်ဒီက ဦးဆောင်ပြီး တအိမ်လုံး ဈေးဝယ်ထွက်ကြတယ်။ ဘုရားကျောင်းသွားရင်ဝတ်ဖို့ပေါ့။ မန်မီကတော့သုံးရက်လောက်အလိုဆို ၂၅ရက်နေ့မှာ ကျွေးမွေးဖို့ ဈေးသွားပြီ။

နည်းနည်းကြီးလာတော့ ကယ်ရိုလ်ဆင်းဂင်း ဆိုချင်လို့ မြန်မြန်ရောက်ပါတော့ ဒီဇင်ဘာရယ်လို့ တ ရပြန်တယ်။ သီချင်းဆိုတဲ့အိမ်တိုင်းက ကျွေးတာစားနိုင်ဖို၊့ ဘိုက်ဆန့်အောင် လျော့စားရတာ ပညာပါမှန်း အဲ့တော့မှသိတယ်။ ပေါ့ပါးတဲ့ ဂစ်တာဟာ ညအချိန်အိုလာတာနဲ့အမျှ အလေးချိန်တော်တော်စီးပါလားလို့ သိလာခဲ့ပြန်တယ်။ သီချင်းသံဟာ လူ့စိတ်ကို နူးညံ့စေပေမယ့်၊ နူးညံ့မှုဟာ ငွေနဲ့ဝယ်လို့ရတယ်လို့ထင်နေတဲ့ သူတွေရဲ့ "ဟေ့... အဲ့ဒီအိမ်ပြီးရင် ဒီမှာ လာဆိုပေးစမ်းပါ၊ ဘယ်လောက်ပေးရမလဲ" ဆိုတဲ့မေးသံကို "ပိုက်ဆံပေးစရာမလိုပါဘူး။ ပေးကြတယ်ဆိုတာလည်း အလှူငွေပေးတာပါ" ဆိုပြီး ကောင်းကောင်းမွန်မွန်ပြန်ဖြေတတ်ဖို့ လိုကြောင်း သင်ခန်းစာလည်း ရခဲ့ပြန်တယ်။ မှန်ချိုရယ်၊ ဂျင်းပြုတ်ရည်ရယ် ဟာ လည်ချောင်းအတွက် ဆေးစွမ်းကောင်းတွေပဲ ဆိုလို့ သောက်ရပြန်တယ်။

အခုအချိန်မှာရော... ... ...
ခရစ်စမတ်ဆိုတာ Christ နဲ့ Mass ကို ပေါင်းစပ်စေတဲ့ အဖြစ်အပျက်ဆိုတာရယ်၊ အချစ်ငတ်တဲ့ ခရစ်စမတ်မဖြစ်ပါစေနဲ့ဆိုတဲ့ တခုသောခရစ်စမတ်မစ္ဆားတရားတော်မြတ်တခုမှာ ဘုးန်တော်ကြီးတပါးရဲ့ တရားစကားနာပြီးတဲ့ အချိန်ကစလို့ အပျော်ဆိုတာထက် စိတ်နှလုံးသားထဲမှာ တကယ်ကို Christ နဲ့ ကိုယ်နဲ့ပေါင်းစပ်နိုင်ပြီလား၊ ကိုယ်နဲ့အနီးစပ်ဆုံးသူကို ကိုယ်ကိုယ်တိုင်ကဲ့သို့ချစ်လော့ဆိုတဲ့ ပညတ်တော်ကို ဘယ်အတိုင်းအတာထိလိုက်နာနိုင်ပြီလဲ၊ ကိုယ်ဟာ အချစ်ငတ်နေတဲ့လူလား၊ အချစ်ငတ်စေတဲ့လူလား ဆိုတဲ့မေးခွန်းတွေကိုဖြေဖို့ပဲ စိတ်ထဲမှာ ရှိနေတော့တယ်။ ချစ်ခြင်းမေတ္တာဆိုတာ သာမန်အားဖြင့် ၁၅၀၀ နဲ့ ၅၂၈ ဆိုတဲ့ သတ်မှတ်ချက်နှစ်ခုနဲ့ပဲ ဆုံးဖြတ်ဖြစ်ကြတာများပါတယ်။ ခေါင်းရွက်သည်ဆီက ဈေးဝယ်ပြီးရင် ချထားတဲ့သူ့ဈေးဗန်းကို သူမနိုင်လောက်ဘူးထင်လို့ ကူမပေးလိုက်တဲ့အပြုအမူက ချစ်ခြင်းမေတ္တာရဲ့ အသေးဆုံး ပြယုဂ် တခုပါ။  ကြီးမားတဲ့ ဖြစ်ရပ်တွေဟာ မေ့လောက်မှတခါ ဖြစ်ပျက်တတ်ပေမယ့် ကိုယ့်ပတ်ဝန်းကျင်မှာ အသေးအဖွဲအရာလေးတွေဟာ အမြဲဖြစ်ပျက်နေတာပါ။ အဲ့ဒီအရာတွေကို ကိုယ်မျက်စိရှမ်းခဲ့တာ ဘယ်နှစ်ကြိမ်တောင်ရှိနေပါလိမ့်။ ချစ်ခြင်းမေတ္တာမပါတဲ့ မျက်စိနဲ့ ကိုယ်ဘယ်နှစ်ကြိမ်လောက် ကြည့်ခဲ့မိပါလိမ့်။

ဂွကျတဲ့ကိုယ်ဟာ တကယ့် ခရစ်တော်ဖွားမြင်ချိန်ဟာ ဆောင်းတွင်းမဟုတ်ဘူးဆိုတာ သိရတော့ ဒီဇင်ဘာ ၂၅ ကို စိတ်ထဲသိပ်မထားမိတော့ဘူး။ ဘယ်နေ့ဆိုတာလဲ တိတိကျကျမပြောနိုင်ကြဘူး။ အဲဒီတော့ မွေးနေ့ဟာ မွေးလို့သာဖြစ်လာရတာဆိုတဲ့အတွးနဲ့ပဲ ဒီဇင်ဘာ ၂၅ရက်နေ့တွေကို ဖြတ်ကျော်လာခဲ့တယ်။  ဒါပေမယ့် ခရစ်တော်မွေးနေ့မဟုတ်ဆိုတဲ့အသိကလွဲရင် ဒီဇင်ဘာရယ် နှင်းရယ် အလှဆင်ထားတဲ့ထင်းရှူးပင်ရယ် ဟာ တခုနဲ့ တခု လိုက်ဖက်ညီ လှတဲ့၊ တခုလျော့လို့မဖြစ်တဲ့ လှပပြည့်စုံပြီးသား ပန်းချီကားတချပ်ပါပဲ။


ဒီသီချင်းလေးက ခရစ်စမတ်သီချင်းတွေထဲမှာ ကိုယ်အကြိုက်ဆုံးပါပဲ။

နေ့ရက်တိုင်းဟာ ဒီဇင်ဘာ ၂၅ရက်နေ့ကဲ့သို့ဖြစ်ပါစေလို့ဆုတောင်းပါတယ်။
ကယ်ရိုဆင်းဂင်းဆိုရင် နောက်ဆုံးအပိတ်သီချင်းက ကောင်းကြီးမင်္ဂလာဆုတောင်းသီချင်းပါ။ စာဖတ်သူများအားလုံးအပေါ် သီချင်းလေးထဲက အတိုင်း မင်္ဂလာများ ပြည့်စုံစွာ သက်ရောက်ပါစေ။
သီချင်းနာမည်က ♫.♫ ကောင်းချီးမိုး♫.♫ တဲ့

၁.¯˜"*°•♥•°*"˜¯` ချစ်ဆွေတို့ရယ် နှုတ်ဆက်ခဲ့ပါတယ်။ ¯˜"*°•♥•°*"˜¯`သီချင်းသည် တို့တတွေ တောင်းဆုပြုပါတယ်။ ¯˜"*°•♥•°*"˜¯`ဘုရားရှင်ရဲ့ကောင်းချီးမိုးတွေ၊ ကျန်းမာခြင်းဆုကျေးဇူးတွေ ¯˜"*°•♥•°*"˜¯`သင်တို့ပေါ်အမြဲသက်ရောက်ကြပါစေ။¯˜"*°•♥•°*"˜¯`

၂. ¯˜"*°•♥•°*"˜¯`ချစ်ဆွေတို့ရယ် နှုတ်ဆက်ခဲ့ပါတယ်။ ¯˜"*°•♥•°*"˜¯`သီချင်းသည် တို့တတွေ ကျေးဇူးလည်းတင်တယ်။ ¯˜"*°•♥•°*"˜¯`ဘုရားရှင်ရဲ့ထွေးပိုက်မှုနဲ့၊ ခရစ်တော်ရဲ့ငြိမ်းချမ်းမှုတွေ သင်တို့ပေါ်အမြဲသက်ရောက်ကြပါစေ။ ¯˜"*°•♥•°*"˜¯`ဘုရားရှင်အမြဲ ကောင်းချီးပေးပါစေ။¯˜"*°•♥•°*"˜¯`

  _██_                 
   (´• ̮•)                
  ( . • . )        
 ( ...'•'...)     
¯˜"*°•♥•°*"˜¯`´¯˜"*°•♥•°*"˜¯`´¯˜"*°´¯˜"*°•♥•°*"

Saturday, 24 September 2011

ကန်ဒီ့ အတွက် -၂

အကြွေးဆိုတာ ကိုယ့်အတွက်တော့ ကြာလေကောင်းလေများဖြစ်နေမလားမသိ။ တက်ဂ်ခံလိုက်ရတိုင်း နောက်ကျခါမှ မြင်မြင်နေတတ်သည်။ ခုလည်း ကန်ဒီတက်ဂ်ထားတဲ့ သြဂုတ်လထဲကပိုစ့်ကို ခုမှတွေ့သည်။ ဘာပဲပြောပြောပါလေ ခုသိတော့ ခုဆပ်ရုံပေါ့... နော့။ 

နိုင်ငံအပြင်ရောက်တော့ မြန်မာစာအုပ်ဆိုတာတွေနဲ့ဝေးခဲ့ရသည်။ အိမ်မှာရှိတဲ့စာအုပ်တွေကိုလည်း ကီလိုမျက်နှာနဲ့ ယူမလာနိုင်။ စာငတ်တာလောက်ခံရခက်တာဘာမှမရှိဘူးလို့တောင်ထင်မိတယ်။ အဲဒီမှာ သူငယ်ချင်းလေး ကောင်းမှုနဲ့ ပိုစ့်လေးတပုဒ် ကိုစမြင်ဖူးခဲ့ရသည်။ အဲ့ဒါကို ဘလော့လို့ခေါ်မှန်းလည်းမသိ။ ဘာဆိုဘာမှန်းကိုမသိ။ အဲ့အချိန်မှာ ကိုယ်သိတာတခုပဲရှိတယ်။ ငါမြန်မာလိုဖတ်လို့ရဘီဆိုတာပါပဲ။ ဖတ်ဖတ်ချင်းကိုပဲ ဇာတ်လမ်းရော အရေးအသားကိုရော အရမ်းကိုသဘောကျသွားမိသည်။ အဲ့ပိုစ့်ဖတ်လိုက်ရတဲ့အချိန်မှာ ခံစားရတဲ့ပျော်ရွှင်မှုကို အခုပြန်တွေးရင် ကိုယ်အခုပြန်ရတယ်။ 

အဲဒီဘလော့ကမှတဆင့် တခြားဘလော့တွေကို သွားလည်တတ်လာခဲ့တယ်။ တခုခုဆို ခြေလွန်လက်လွန်ဖြစ်တတ်တဲ့ကိုယ်ဟာ ဘလော့ဖတ်သူအဖြစ်ကို အချိန်ပြည့်ကိုရောက်သွားတော့တာပါပဲ။ အဲဒီတုန်းကဘလော်ဂါတွေကလည်း ရေးအားတော်တော်လေးကိုကောင်းကြပါတယ်။ တရက်လောက်လွတ်သွားရင် လိုက်ပေတော့ပဲ။ ဖဘ ကလည်း ခေတ်မှမစားသေးတာကိုးလေ။ ဘလော်ဂါတွေကို တိမ်းပွေအောင်လုပ်တဲ့ ဖဘကို ကိုယ်မုန်းတယ်။ သူ့ကြောင့် စာသိပ်မရေးဖြစ်ကြတော့သလိုလဲ ခံစားရတယ်။ 

ခုထက်ထိကိုယ်လွမ်းနေတဲ့ဘလော်ဂါတွေရှိတယ်။ မင်းတစေဆိုတဲ့ဘလော့ဂါကတော့ ကိုယ့်အကြိုက်ဆုံးပဲ။ ခုတော့သူမရေးတော့ဘူးတဲ့။ နောက်တခုက မလေးမ နဲ့ မဂျစ်တူး။ သူတို့လည်း မရေးကြတော့ဘူး။ 

လက်ရှိရေးနေတဲ့သူတွေထဲမှာ ကိုယ်အကြိုက်ဆုံးက ရီတာကို နဲ့ အမ ရွှေပြည်သူ ပဲ။ 

အသစ်တွေထဲက ကိုယ်မိတ်ဆက်ပေးချင်တာက (တကယ်တော့ ကိုယ်လဲအသစ်ပါပဲ။) အီးတီ။ ကိုယ်သိတဲ့ ဘလော့အသစ်က ဒါပဲရှိတာမို့ပါ။ 

ဘလော်ဂါတွေ စိတ်သွားတိုင်းလက်ပါစွာ စာရေးနိုင်ကြပါစေ။

Friday, 12 August 2011

ကန်ဒီ့ အတွက်

ဘာတွေကြိုက်ပါလိမ့်လို့ စဉ်းစားလိုက်တော့...


အရောင်ဆိုရင်  နုနုမှိုင်းမှိုင်းလေးတွေကြိုက်ပေမယ့် ကိုယ်နဲ့ကမလိုက်ဘူး။ တောက်ချင်သလိုတောက် ဝတ်လို့ရတယ်၊ မှိုင်းပြီဆို ရှေ့မှာခွက်သာလာချလိုက် ကွက်တိ ဆိုသလိုဖြစ်သွားတာ။ တချို့တွေများ မှိုင်းမှိုင်းလေးတွေဝတ်လဲ ရုပ်ထွက်တယ်။ တကယ်က အရောင်ကိုအားလုံးနီးပါးကြိုက်ပါတယ်။ အညိုကိုတော့ ပိုဝတ်ဖြစ်သလိုပဲ။ ဂျင်းဘောင်းဘီ တီရှပ်၊ ခါးတင်ရင်ဖုံး ကြယ်သီးဆန်းဆန်း လုံချည်ခြေဒလျင့်တိုက်ကြိုက်တယ်။ လက်ထိုး ဆွယ်တာကြိုက်တယ်။ သနပ်ခါးကြိုက်တယ်။


အစားအစာဆို ဒညင်းသီး၊ စပျစ်သီး၊ ဒူးရင်းသီး၊ ချယ်ရီသီး၊ ထောပတ်သီး၊ ပီဇာ၊ ကော်ဖီနဲ့ ရှမ်းစာတွေဆို မငြင်းဘူး။ လိုင်ချီးဝိုင်နဲ့ ဂျင်းဝိုင်ကြိုက်တယ်။ ငပိရည်ပျစ်ပျစ်ကို တို့စရာ ကဒက်ချဉ်၊ ကြောင်လျာချဉ်၊ ပဲပင်ပေါက်၊ သရက်သီးကင်းလေးတွေနဲ့ ဝက်သားနီချက်ကို ပဲနီလေးဟင်းချိုလေးနဲ့ စားရမှာ ကြိုက်တယ်။ ပူရီကြိုက်တယ်။ ဒိန်ချဉ်နဲ့ မလိုင်မုန့်အကုန်နီးပါးကြိုက်တယ်။ မေမြို့က ရှမ်း(မ်) ဆိုင်ဆို တဆိုင်လုံးဝယ်ချင်တယ်။


တောင်ပေါ်မြို့မှာ သစ်သားအိမ်လေးနဲ့နေရမှာ ကြိုက်တယ်။ စမ်းချောင်းလေးရှိတာကြိုက်တယ်။ တောပန်းလေးတွေကြိုက်တယ်။ အနံ့သင်းသင်းနဲ့ပန်းလေးတွေကြိုက်တယ်။ ဒါပေမယ့် ဘိန်းပန်း အကြိုက်ဆုံး။ ထင်းရှူးပင်ကြိုက်တယ်။


သူများအတွက်၊ ကိုယ့်အတွက်မျှစဉ်းစားတဲ့သူကိုကြိုက်တယ်။ အများအတွက်သက်သက်၊ ကိုယ့်အတွက်ပဲသက်သက် ကြည့်တဲ့သူကို မကြိုက်ဘူး။ ကိုယ့်လစ်မစ် ကိုယ်သိတဲ့သူကို ကြိုက်တယ်။ စကားကို ဟိုပို့ဒီပို့သဘောမျိုးမဟုတ်ပဲ ပြောသင့်တယ်ထင်လို့ ပြောတတ်တဲ့သူကို သဘောကျတယ်။ မျှကြည့်တတ်တဲ့သူကို ကြိုက်တယ်။


စာဖတ်ရတာကြိုက်တယ်။ အမြင်တွေဖလှယ်ရတာကြိုက်တယ်။ ပန်းအိုးထိုးရတာကြိုက်တယ်။ ပန်းခူး၊ အသီးခူးရတာကြိုက်တယ်။ စိတ်လိုလက်ရရှိရင် အိမ်ရှင်းရတာကြိုက်တယ်။ ပရိဘောဂတွေ နေရာရွှေ့ရတာကြိုက်တယ်။ သစ်ပင်တက်ရတာကြိုက်တယ်။ မြေပေါက်ရတာကြိုက်တယ်။ ခြံရှင်းရတာကြိုက်တယ်။ 


အင်း... ဒါအကုန်ပဲထင်တယ်။

Tuesday, 9 August 2011

မမ မိုး အတွက်...

စာမရေးဖြစ်တာ တော်တော်ကြီးကို ကြာနေပါပြီ။ ဘလော့ လည်တာတွေလည်း ရပ်ထားတော့ ဒီရပ်ဝန်းလေးထဲမှာ ဘာတွေဖြစ်နေမှန်းကို အဆက်အသွယ်ပြတ်သွားခဲ့တယ်။ ကိုယ့်စိတ်ကိုယ် နိုင်ပြီထင်လို့ ဘလော့ဂင်းပြန်လုပ်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီမှာတင် အကြွေးတခုနဲ့ မကြွေးတကြွေးတခု တင်နေမှန်း သိလိုက်မိတယ်။

အကြွေးစစ်စစ်တခုက ညီမလေး Candy ရဲ့ တက်ဂ်ကြွေးပါ။ မကြွေးတကြွေးက မမ မိုးရဲ့ မတက်ဂ် တတက်ဂ် ကြွေးပါ။


ဘယ်ဟာကို အရင်ဆပ်ရင်ကောင်းမလဲစဉ်းစားတော့ မမ မိုးက July 12 ကတည်းကဆိုတော့ အရင်ဆပ်ရမှာပါ။ မဟုတ်ရင် အတိုးတက်လာမလားလို့။ ဒါပေမယ့်လည်း ပို့စ်အောက်ဆုံးမှာ တက်ဂ် ပြန်ဖြုတ်ကြောင်း ပါလာပါတယ်။ ပင်ပန်းမှာစိုးလို့ပါတဲ့။ အပင်ပန်းခံပလိုက်ပါ့မယ်။ 

ကိုယ့်ဆီမှာလည်း ရေးပေးပါ ဆိုတဲ့ စာအုပ်တအုပ်ရှိပါတယ်။ ရန်ကုန်အိမ်မှာကျန်ခဲ့ပါရောလား။ ကိုယ်လဲ အဲ့ဒါမျိုးလေးတွေကို အရမ်းဝါသနာပါ ပါတယ်။ သူငယ်ချင်းတွေရဲ့ လက်ရေးလေးလဲ အမှတ်တရ သိမ်းထားလို့ရတာပေါ့လေ။ ပေါက်ကရရေးထားတာတွေကျရင်လည်း ကောက်ရိုးမီးဒေါသထွက်ရတာပေါ့။


လာပါဘီ... မမ မိုးအတွက်




ကိုယ့်နာမည်
း ကက်သရင်း ဒရူးဘယ်ရီ ဇီတာမိုးဂျုန်း

ကိုယ့်ကိုသူငယ်ချင်းတွေက ဒီလိုခေါ်တယ်
းခြင်သေ့

ကိုယ့်ကိုကိုယ့်ဒီလိုခေါ်တယ်
း ဟေ့ရောင်

ကိုယ့်ကိုဒီနေ့မှာမွေးတယ်
းဗိုလ်ချုပ်ထက် ၃ရက်ကြီးတယ်

ကိုယ်ဒီမှာနေတယ်
း အိမ်ဖြူတော်

ကိုယ့်ဆီဖုန်းဆက်ချင်ရင်
း ဆက်ကရီထေရီ ကို အရင်ဆက်

ကိုယ့်အကြိုက်ဆုံးတွေက


အရောင်ဆိုရင်
း နုတောက်တောက်

အဝတ်အစားဆိုရင်
းအီဂျစ်မံမီဒီဇိုင်း

ဆံပင်ပုံစံ
း ကတုံးရှည်ရှည်

ဆံပင်အရောင်
း အနက်နုနု

စားစရာ
း မညှီရင်ပြီးရော

သောက်စရာ
း ပင်ကျရည်

ပစ္စည်း
း စာအုပ်

ပန်း
း ဘိန်းပန်း

လိုချင်တဲ့လက်ဆောင်
း မရှိ

အကြိုက်ဆုံးမင်းသား
း နတ်ရှင်နောင်

အကြိုက်ဆုံးမင်းသမီး
း ဆင်ဖြူမရှင်

ရုပ်ရှင်၊ဗီဒီယိုဇာတ်ကား
း ကိုယ့်ကား

တီဗွီအစီအစဉ်၊ဇာတ်လမ်းတွဲ
း မကြည့်

အဆိုတော်
းခြင်သေ့

သီချင်း
း လူနားလည်အောင်ဆိုနေသရွေ့နားထောင်တယ်

ဝတ္ထု
း စိတ်ခံစားမှုပေါ်မှာမူတည်တယ်

ဂျာနယ်၊ မဂ္ဂဇင်း
း ဘောလုံးနဲ့ ဆေးအကြောင်းကလွဲ အကုန်ဖတ်

အကြိုက်ဆုံး ကာတွန်းဇာတ်ကောင်
း ဘာဘီကလွဲရင်

အရုပ်
း ခွေးရုပ်

ဂိမ်းကစားနည်း
း ထုပ်စည်းထိုး

အားကစား
း မအားပါ

အကြိုက်ဆုံးစာရေးဆရာ
း စိတ်ခံစားမှုပေါ်မှာမူတည်တယ်

အလေးစားဆုံးပုဂ္ဂိုလ်
း မာဿာမေရီ

ကိုယ်ကြိုက်တဲ့ဘဝပုံစံ
း မှန်ထဲကပုံရိပ်ကို မရွံမရှာချစ်ချစ်ခင်ခင်ကြည့်နေနိုင်တဲ့ဘဝ

ကိုယ့်ရဲ့အချစ်ဆုံးသူ
း မသိ

အမုန်းဆုံးသူ
း မရှိ

အချစ်ဆုံးတိရစ္ဆာန်
း အောက်ကနှစ်ကောင်က လွဲ၍

အမုန်းဆုံးတိရစ္ဆာန်
း ကြမ်းပိုး၊ ပိုးဟပ်

အပျော်ဆုံးနေ့
း စိတ်ချမ်းသာတဲ့နေ့၊ နောင်တကင်းတဲ့နေ့

ဝမ်းအနည်းဆုံးနေ့
း အပေါ်ကနဲ့ပြောင်းပြန့်

ရင်အခုန်ဆုံးအချိန်
း မှန်းလို့မရတဲ့ အဖြေတွေ သိရမယ့်အချိန်များ

ကိုယ့်ရဲ့ဝါသနာ
း နေရာအနှံ့လျောက်သွားချင်ခြင်း (မသွားဖြစ်)

ကိုယ်စုဆောင်းတဲ့ ပစ္စည်းတွေက
း တိုလီမုတ်စ ဘာမှန်းမသိများ

ကိုယ်ကျွမ်းကျင်တဲ့အတတ်ပညာ
း အားလုံးနီးပါဆိုတော့ တခုချင်းပြောဖို့ခက်တယ်ကွယ်

ကိုယ့်ရဲ့ ရည်မှန်းချက်
း ကလေးလေးတွေ အေးချမ်းစေချင်တယ်

ကိုယ့်ရဲ့အိပ်မက်
း လမ်းပန်းဆက်သွယ်ရေးကောင်းမွန်တဲ့နေ့ အမိမြန်မာနိုင်ငံရောက်ဖို့

အားလပ်ချိန်ကိုဒီလိုသုံးတယ်
း အိပ်၊ စာဖတ်၊ စဉ်းစား

ကိုယ့်ကိုကိုယ်ဒီလိုမြင်တယ်

း ကိုယ့်ကိုယ်ကိုယ်ကြည့်ဖို့မှန် ပြဒါးသုတ်လို့မပြီးသေးဘူး
စိတ်ညစ်ရင်လုပ်တတ်တဲ့အပြုအမူ
း အိပ်

ပျော်ရင်လုပ်တတ်တဲ့အပြုအမူ
းစကားပေါက်ကရ တောင်မရောက်၊ မြောက်မရောက်တွေ လျောက်ပြောတယ် (အရမ်းခင်တဲ့သူတွေကို)

၅ မိနစ်သာ အသက်ရှင်ရတော့မယ်ဆိုရင် လုပ်မယ့်အလုပ်

း ရေချိုးပြီး (အလှပြင်၊ ရေမွှေးဆွတ်ကာ အဝတ်လှလှ၊ သစ်သစ်ဝတ်၍) ပက်လက်ကလေးလှဲအိပ်နေလိုက်တော့မယ်။ (နှစ်သက်လွန်း၍ ဖြည့်စွက်ကာရေးပါသည်။)

သိန်း ၁၀၀၀ ထီသာပေါက်ခဲ့ရင်
း နည်းလိုက်တာ

ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင် တောင်းမယ့်ဆု

း အသည်းကြီးကြီးရှိပါစေ။

ဘဝမှာ အရေးကြီးဆုံးက
း စိတ်ထားတတ်ဖို့

သူငယ်ချင်းဆိုတာ
း ကိုယ်ဘာကြောင့်ငိုတယ်၊ ဘာကြောင့်ရီတယ် အနီးစပ်ဆုံး ခန့်မှန်းတတ်တဲ့သူ

အချစ်ဆိုတာ
း ရရစ်နဲ့ပဲကောင်းပါတယ်

အမုန်းဆိုတာ
း ဇာတ်ရံ လူမုန်း ချစ်ဖို့ကောင်းတာတော့သိတယ်

ဘဝဆိုတာ
း အစမသိခဲ့... အဆုံးမသိတော့

တယ်လီဖုန်းဆိုတာ
း ပိတ်ထားဖို့

အင်တာနက်ဆိုတာ
း ကူးစက်လွယ်ကုရခက်ရောဂါတမျိုး

ကွန်ပျူတာဆိုတာ
း ဝယ်ရင်အရင်းကြီးသလောက် ရောင်းရင်ရှုံးတဲ့ ကုန်

မင်းအပေါ်ကိုယ့်ရဲ့အမြင်


မင်းရဲ့စတိုင်လ်
း အင်းးးးးးးးးး ခက်သားလား အမရယ်

ဥာဏ်ပညာ
း အင်းးးးးးးးးး အီးကရူလား အိုင်ကရူလား ဘာမေးလဲ စဉ်းစားနေဆဲ

အကျင့်
း စာမှာတွေ့ရသလောက် ကောင်းမွန်ကြောင်းထောက်ခံပါသည်။

စိတ်ဓာတ်
း စာမှာတွေ့ရသလောက် ကောင်းမွန်ကြောင်းထောက်ခံပါသည်။

ခြုံပြောရရင်
း မမ မိုးသည် စတိုင်ပျောက်၍ ဉာဏ်ရည်နှစ်မျိုးလုံး စဉ်းစားဆဲရှိကာ အကျင့်နှင့် စိတ်ဓါတ် မှာ ဖတ်မှတ်ရသမျှ ကောင်းမွန်ကြောင်းထောက်ခံပါသည်။

မင်းနဲ့ကိုယ့်ရဲ့ အမှတ်တရဖြစ်ရပ်
း ကွန်မန့်လေး စတွေ့တဲ့နေ့

ကိုယ့်ရဲ့လက်စွဲဆောင်ပုဒ်
း This, too, will pass.




မင်းအတွက်စကား
း လုပ်ချင်တာ၊ လုပ်သင့်တာ၊ လုပ်နေတာ သုံးခု အမြဲထပ်တူကျနိုင်ပါစေ။

ကိုယ်ရဲ့လက်မှတ်

း PV
ဒီစာရေးတဲ့နေ့
း စင်ကာပူ အမျိုးသားနေ့ (အမျိုးသမီးများမပါ)

မမ မိုးရေ...
ပျော်စရာလေးဖြစ်အောင်ရေးလိုက်ပါတယ်။ စိတ်ဆိုးစရာများ ပါသွားခဲ့ရင် မေးလ်ပို့လိုက်ပါနော်။