Showing posts with label ကိုယ်ပိုင်. Show all posts
Showing posts with label ကိုယ်ပိုင်. Show all posts

Thursday, 2 April 2015

ဖြစ်စဉ်

လွမ်း၍
လွမ်းလျက်
လွမ်းရက် ဆက်လည်း
မျှော်သူ မပေါ်
မခေါ်မဝံ့
ကိုင်သူဆွံ့၍
အနီရောင်လေး တလုံး
အသံတွေ သုဉ်းနေလေရဲ့...။

Thursday, 17 April 2014

သီတာ

မင့် တချက် တိုက်အစား
ခပ်ပါးပါးလေး အမှတ်နဲ့
သေစေမညွှန်းခဲ့ပေမယ့်လည်း
ဦးစိုက် ကျွမ်းပြန်လို့
အမြစ်ကစ ပြို...လဲ...
ငါ့အတွက်တော့
တကမ္ဘာလုံးစာပါပဲ...



Wednesday, 16 April 2014

သူ့ အနမ်း

ပါးပြင်ပေါ်က အတွေ့တချက်
အနမ်းပီပီ ညံ့သက် နေရမယ့်အစား
ကတိုက် ကရိုက် နဲ့
အဖြစ် ဆန်လွန်း တာကြောင့်…
မော့… အကြည့်

 သြော… မင်းကိုး… ယုဒရယ်။ ။


ခရစ်ယာန်တွေရဲ့ ဝါတွင်းကာလရောက်နေတော့ လူငယ်ခေါင်းဆောင်က ဝါတွင်းဖတ်ရမယ့် ကျမ်းပိုဒ်ကို စာအုပ်ထဲကနေ ကူးရိုက်ပေးဖို့ အကူအညီတောင်းတာနဲ့ ရိုက်ပေးရင်း ခေါင်းထဲဝင်လာတဲ့ အပိုင်းအစလေးတွေကို ချရေးမိဖြစ်သွားတယ်။

Monday, 10 December 2012

သမီးငယ်

ဒီအချိန်ဆို ကိုယ်တို့မြို့မှာ အေးနေလောက်ပြီ။ နိုဝင်ဘာကနေ ဖေဖော်ဝါရီအထိဟာ ကိုယ်တို့မြို့လေးမှာပဲ ကိုယ်အနေချင်ဆုံး အချိန်လေးတွေပေါ့။ အခုနောက်ပိုင်း အိမ်ကိုလွမ်းတဲ့အလွမ်းမှာ သခင်မလေး တပါးပါ ပိုလာပေါ့။ အခုလဲ ရုံးမှာ အလုပ်တွေပါးနေတုန်း ဒေါင်းလုပ် လုပ်ထားတဲ့ပုံတွေပြန်ကြည့်ရင်း သူ့ပုံတွေတွေ့လို့ သူ့အကြောင်းရေးချင်လာမိတယ်။
 
ဒီပုံလေးက မိုးတွေရွာနေတာကို ငေးကြည့်နေတာဆိုပဲ။ ညီမလေးက ဒီပုံလေးပို့လိုက်ရင်းနဲ့ အဲ့လိုလေး ရေးပေးလိုက်တယ်။ ကိုယ် အရမ်းသဘောကျသွားတယ်။ ငယ်ငယ်လေးကတည်းက သဘာဝကိုချစ်တတ်တာကိုပေါ့။ ကိုယ်သူနဲ့ အကြာကြီးမနေလိုက်ရပါဘူး။ ဒါပေမယ့် နေဖြစ်သရွေ့လေးမှာ ကိုယ်တတ်နိုင်သလောက်လေး သူ့ကို ထိန်းပေးခဲ့တယ်။ သူက ဆိုင်ကယ်စီးရတာ အရမ်းသဘောကျတာ။ ညနေတိုင်း ဆိုင်ကယ်ပတ်စီးပေးရတယ်။ ငယ်သေးတော့ နောက်က ထိုင်ခိုင်းရင် ပြုတ်ကျမှာစိုးလို့ ကိုယ့်ရှေ့မှာ ခေါ်ထားပြီး လက်တဖက်က သူ့ကို ထိန်းပြီး ဖြေးဖြေးမောင်းပေးရတယ်။ အဲ့ဒါကို သခင်မက ဖြေးဖြေးမောင်းလို့ဆိုပြီး “မြန်…. မြန်...” နဲ့ တတ်တဲ့တလုံးထဲနဲ့ ဆရာလုပ်သေးတယ်၊ နောက်ပြီး သူ့ကို ကိုင်ထားလို့ဆိုပြီး လက်ကို ဆွဲဆွဲဖယ်တယ်။ သူနဲ့ဆိုင်ကယ်စီးတိုင်း တလမ်းလုံး ရန်ဖြစ်လာရတယ်။ တခါတခါများ မတ်တပ်ထရပ်လိုက်သေးတယ်။ တခါက အိမ်ပြန်ရင်း မိုးရွာလာတော့ ကိုယ့်က သူစိုမှာစိုးလို့ နည်းနည်းသက်သာလည်းတော်သေးတယ်ဆိုပြီး ခေါင်းပေါ်လက်အုပ်ထားတာ မမက ဆွဲဖယ်ပြီး မျက်နှာကိုမော့၊ မိုးစက်တွေ မျက်နှာပေါ်ကျလာတာ သဘောကျပြီး တဝေးဝေးနဲ့ ထအော်တော့တာပဲ။ ပြီးတော့ “ပြန်ဘူး၊ ပြန်ဘူး” က လုပ်သေးတယ်။
 
ဒုတိယတခေါက် သူနဲ့ပြန်တွေ့ချိန်မှာ သူစကားနည်းနည်းပါးပါးပြောတတ်နေပြီ။ ညတိုင်ကျရင် ကိုယ်က ကိုယ့်အကြိုက်ဆုံး ကလေးသီချင်း Twinkle Twinkle ဆိုဆိုပြတယ်။ ကိုယ်စာသင်ခဲ့တဲ့ တလျောက် ကလေးတွေက အဲ့ဒီသီချင်းလေးကို ကြိုက်ကြတယ်။ ညီမလေးက သမီးလေးကို ကိုယ်ဝန်ရှိကတည်းက ဘိုက်နား ရေဒီယိုကပ်ထားတတ်တယ်။ သူကလေးကမွေးပြီးတပတ်လောက်ကတည်းက ရေဒီယိုက သီချင်းသံကြားရင် ခေါင်းလည်နေအောင်ကို အသံလာရာဆီ လိုက်လိုက်ကြည့်တတ်နေရော။
 
သူ့ကို သိပ်ရင် အရမ်း သိပ်ရခက်တယ်။ အိပ်ချင်ပြီဆိုရင်၊ စိတ်ကြည်နေရင်တော့ ခန နဲ့အိပ်တယ်။ သူ့ကိုသိပ်ရင် ဆိုနေကြ ဘုရားသီချင်းလေးရှိတယ်။ အဲ့ဒါလေးနဲ့ ချော့သိပ်နေကြ။ တနေ့ သူ့နေ့လည်အိပ်ချိန်မှာ သူစိတ်ကြည်ကြည်လင်လင်နဲ့မိုလို့ ပုခက်ထဲထည့်လိုက်တာနဲ့ မျက်လုံးတန်းမှိတ်ပြီး အိပ်တော့မယ်ပေါ့။ ကိုယ်က ဆိုနေကျသီချင်းလေးဆိုလိုက်တယ်။ ဆိုရင်းနဲ့ ကိုယ်က ဒါကြီးပဲဆိုပြီး တခြားသီချင်းပြောင်းဆိုတာ မျက်လုံးဖျတ်ခနဲဖွင့်ပြီး တဟမ်းဟမ်းနဲ့ လုပ်တော့တာပဲ။ အဲဒါနဲ့ ဆိုနေကျသီချင်းပြန်ဆိုမှ ဟင်းးးးးး ဆိုပြီး သက်ပြင်းချပြီးမှ မျက်စိပြန်မှိတ် အိပ်သွားတယ်။
 
အဲ… အဲဒါနဲ့ အစပြန်ကောက်ရရင် Twinkle Twinkle Little Star သီချင်းလေးကို သူ့ဆိုပြရင်း မိုးပေါ်ကို လက်ညှိုးထိုးပြီး
 
“Star ဆိုတာ အဲ့ဒီကြယ်ကလေးတွေကိုပြောတာလေ သမီးရဲ့” 
 
လို့ ပြောပြတာပေါ့။ ညည ဆိုင်သိမ်းပြီး ပြန်လာလို့ သူ့ကို ချီလာရင် ပုံမှန်မချီပဲ ကိုယ့်လက်နှစ်ဖက်ပေါ်မှာ ပက်လက်ကြီးလုပ်ပြီး ကိုယ်က
 
“သမီး ကောင်းကင်ကြီးပေါ်မှာ ကြည့်စမ်း ကြယ်လေးတွေ”
 
လို့လည်း ပြောပြောပြနေကြ။ အဲ့ဒီတော့ သူက နောက်ဆို ညတိုင် ဆိုင်ကပြန်လာရင် ပုံမှန်ချီထားရင် ခေါင်းကြီးမော့မော့ပြီး မိုးပေါ်ကြည့်ရတာအမော။ အဲ့ဒီကျရင် ကိုယ်က အလိုက်တသိ ပက်လက်ကြီးဖြစ်အောင် ချီပေးရတယ်။ ဘေးကဆိုင်နီးချင်းတွေကတော့ထင်မှာပဲ။ ကလေးတောင်မချီတတ်ဘူးဆိုပြီး။ တိမ်ထူလို့ ကြယ်မထွက်ရင်၊
 
“တီတီ ကြယ် ရှိဘူး၊ ကြယ်ရော”
 
နဲ့ မေးတော့တာပဲ။
 
တနေ့ ညနေခင်း မမှောင်တမှောင်မှာ အိမ်ရှေ့ ဂိတ်အဝင်ဝမှာ ငုတ်တုတ်လေး ထိုင်ပြီး ဘာလုပ်နေမှန်းမသိလို့ ညီမလေးက
 
“သမီး ဘာလုပ်နေတာလဲ အိမ်ထဲဝင်”  ဆိုတော့ “ကြယ်ကြည့်နေတာ” တဲ့ ခပ်တည်တည်ပဲ။ 
 
အဲလိုပြန်ပြောပြီး ထိုင်ရာက မထဘူး။ ကိုယ်သူ့ဘေးနားသွားပြီး ဘယ်ကြယ်ကိုများကြည့်နေလဲလို့ သွားကြည့်တာ ကိုယ်လဲသတိထားမိတဲ့ မမှောင်ခင်မှာဆို မြင်ရလေ့ရှိတဲ့ ကြယ်တလုံးဖြစ်နေတယ်။ တကယ်တော့ ဂြိုလ် ဖြစ်မယ်ထင်ပါတယ်။ ကောင်းကင်ကြီးတခုလုံးမှာ အဲ့ဒီကြယ်လေးတလုံးပဲ မြင်ရသေးတာ တကယ်တော။့ ပြီးတော့ မျက်နှာချင်းဆိုင်အိမ်က အပင်တွေက ကွယ်နေတတ်သေးတယ်။ အဲ့ဒါကို သူမို့ တွေ့တတ်တယ်။ သူ့လို ငုတ်တုတ်ထိုင်လိုက်မှ အရွက်တွေကြားက အဲ့ဒီကြယ်ကလေးကိုမြင်ရတော့ ကိုယ်တို့ တူဝရီးနှစ်ယောက်သား ထိုင်ကြည့်ခဲ့ကြတယ်။
 
 
လွမ်းလိုက်တာ သမီးလေးရယ်။

Saturday, 10 November 2012

အတွေးများ

ကိုယ့်ဘာသာကိုယ် ဘာလိုချင်မှန်း၊ ဘာကိုကြိုက်မှန်း၊ မကြိုက်မှန်းတောင်မသိဘူးတဲ့။ သူငယ်ချင်းတယောက်က ပြောတယ်။ သူပြောမှ စဉ်းစားမိတယ်။ ဟုတ်နေတာပဲ။ အဲဒီလိုမသိရင် ဘာဖြစ်မလဲ၊ သိရင်ရော။ ကိုယ်လဲ မတွေးတတ်တော့ဘူး။ ရေရှည်အတွက် တခါမှ မစဉ်းစားကြည့်မိဘူး။ ကိုယ်အခုလုပ်နေတာကို လုပ်နေနိုင်သေးသရွေ့လုပ်မယ်။ မတတ်နိုင်တဲ့ တနေ့ ထားခဲ့လိုက်မယ်။ အဲ့ဒီလိုပဲ စိတ်ကူးနေမိသေးတယ်။ အခုထိတော့။

သူပြောတော့မှ တသီကြီး တွေးနေမိတယ်။ ကိုယ်အခုအထိ လုပ်ခဲ့သမျှအရာတိုင်းဟာ ရက်လွန်ဒိတ်သတ်မှတ်ထားတဲ့ အရာတွေချည်းလို ဖြစ်နေခဲ့တယ်။ အဲ့ဒီတော့ တချိန် ကိုယ်ထားခဲ့နိုင်တယ်၊ ဒါမှမဟုတ် ရက်မလွန်ခင် ကုန်အောင် သုံးလိုက်၊ လုပ်လိုက်နိုင်မယ်။ ခုထိတော့ မနေချင်ရင် ထွက်ပြေးလို့ရသေးတဲ့ နေရာတွေမှာ ကိုယ်ရှိနေသေးတယ်။ ဒါပေမယ့် ကာလအပိုင်းအခြားတခုအထိတော့ ကိုယ်ဟာ ကိုယ်မဟုတ်သေးသလိုတော့ ခံစားရလိမ့်မယ်။ ဒီလိုနေတာ ကြာလာရင် အစတခုခု တွေ့တာနဲ့ ထွက်ပြေးချင်ပြေးလို့ရမယ့် အစလား၊ ထားခဲ့မယ်ဆို ထားခဲ့လို့ရမယ့် အစလား ကိုယ်တွေးနေမိတော့မယ်နဲ့တူတယ်။ သိပ်စိတ်ချလို့ရတာမဟုတ်ဘူး။ တာဝန်ယူလိုစိတ်မရှိတာလည်း ဖြစ်နေမလားပဲ။ အင်းးး ပြစ်ချက်တွေကလည်း များလိုက်တာ။

စကားမစပ် ခုတလော ကင်ဆာ ဆိုတဲ့ စကားလုံး ကိုယ့်အနားမှာ တဝဲလည်လည်ဖြစ်နေတာကို မုန်းတယ်။

စိတ်အခြေအနေတွေဟာ လုပ်ငန်း ကျွမ်းကျင်လာတာနဲ့အမျှ၊ လုပ်ငန်းခွင်မှာ ကောင်းတဲ့ ကူညီတတ်တဲ့ သူတွေရှိနေတာနဲ့အမျှ တက်လိုက်ကျလိုက်ဖြစ်နေတယ်။ ဒါဟာ ပုံမှန်လား။ ဟုတ်မှာပါ။ မျှတတွေး၊ ဖြန့်ထွက်တွေး၊ ဖြန့်ကျက်တွေး၊ သူ့နေရာဝင်တွေး၊ တွေး... တွေး... တွေး...။ ဒါတွေနဲ့ တည့်တည့်တိုးတော့ တွေးရမှာ ပျင်းတဲ့ကိုယ်နဲ့ အတွေးတွေနဲ့ ရန်ဖြစ်သလားလည်း မမေးနဲ့။ ဒါပေမယ့် တွေးတာကောင်းပါတယ်။ အတွေးနောက် အလုပ်ပါ ပါနိုင်ရင် အကောင်းဆုံးပေါ့။ 

အလုပ်ထဲမယ် ကိုယ်ခေါင်းခနခနမော့ဖြစ်တယ်။ ဒါပေမယ့် ဘာကြောင့်မှန်းမသိဘူး၊ အဲ့ဒီလိုမော့မိတာ။ မနေ့က ဖဘ ထဲမယ် လျောက်ဖတ်ရင်း တွေ့တာက စိတ်ဖိဆီးမှုများလာရင် ခေါင်းမော့ပေးရတယ်ဆိုပဲ။ အဲ့ဒါဆို သက်သာတယ်တဲ့။ ကိုယ့်ခန္ဒာခမျာ သနားပါတယ်။ ကိုယ်ဂရုမစိုက်တော့ သူ့ဟာသူ သက်သာရာသက်သာကြောင်း ကြည့်ကျက်နေရှာတယ်။ စိတ်မပူပါနဲ့ဟယ်၊ ငါရေကူးဝတ်စုံဝယ်ပြီးသွားပြီ...နော်။

Thursday, 11 October 2012

မျက်ရှု


မနေ့က အိမ်နဲ့ ဖုန်းပြောဖြစ်တယ်။ viber ကျေးဇူးက ကြီးလှပါတယ်။ အခုဆို ပိုက်ဆံလည်း မကုန်၊ အရင်လို နှစ်ပတ်တခါလောက်မဟုတ်ဘဲ နေ့တိုင်းနီးပါးလည်း ပြောလို့ရပြီ။ ကြားလား၊ ကြားတယ် နဲ့ မကြားရဘူး တို့ကတော့ အဓိက ဇာတ်ဆောင်တွေပေါ့။ အိမ်က သခင်မက စိတ်လိုလက်ရရှိရင် စကားလာပြောတယ်။ သူမပြောချင်တော့ဘူးဆို "ဟင်... ဘာမှ မကြားရဘူး" ဆိုပြီး သူ့အမေ ကိုယ့်ညီမကို ဖုန်းပြန်ပေးလိုက်တတ်တယ်။ တခါတလေများ ကိုယ်က ပြောချင်လွန်းရင် ဘာမှာမလဲ၊ မုန့်လား အင်းကျီလားလို့မေးခိုင်းတယ်ဆိုမှ ဖုန်းလာကိုင်တယ်။ "ဂါဝန်လေးလေ… ချောကလက်လေ" နဲ့ ဒါလေးတောင် မသိဘူးလားဆိုတဲ့ပုံနဲ့ ဖုန်းလာဖြေတော်မူတယ်။ မနေ့ကတော့ ထူးထူးခြားခြား သီချင်းတွေ ဆိုပြနေတယ်။ ဘာကောင်မလေးမှန်းကို မသိဘူး။ ညီမကလည်း အခု အတင်းတုပ်စရာ နောက်တယောက်အကြောင်း ထပ်ရသွားတယ်။ ကိုယ်နဲ့ညီမက အမေ့အတင်းတုတ်နေကြ။
 
ကိုယ့်အမေက သူ့မြေးနဲ့ တည့်လိုက် မတည့်လိုက်ပါပဲ။ မတည့်တဲ့အချိန်တွေကတော့ သူ့မြေးမုန့်စားချိန်နဲ့ ကိုယ့်ညီမ အိပ်ပြီး တီဗီကြည့်တဲ့အချိန်ပေါ့။ တနေ့ သမီးလေးက သူ့အဖေနဲ့အပြင်ကပြန်လာလို့ မုန့်ပါလာတယ်။ အိမ်ထဲလည်းဝင်လာတဲ့အချိန် ကိုယ့်အမေက ဧည့်ခန်းထဲမှာ ထိုင်နေတာလည်းတွေ့ရော မုန့်ထုပ်ကို သူ့ကိုယ်နောက်ကို ဖွက်လိုက်တယ်။ ညီမလေးက အိမ်အပေါ်ထပ်မှာဆိုတော့ လှေခါးရင်းသွားပြီး "မေမေရေ… မေမေရေ" နဲ့ အော်ခေါ်တော့တာပဲ။ ကိုယ့်အမေဆို ဆွေ့ဆွေ့ကို ခုန်နေရော။ ကိုယ်တို့တီဗီကြည့်ရင် တခါတလေ ဆက်တီပေါ်မှာ လှဲပြီး ကြည့်တတ်ကြတယ်။ ခါးနောက်ခုတဲ့ကူရှင်လေး ဒါမှမဟုတ် အရုပ်တွေကို ခေါင်းအုန်းရင်းပေါ့။ အဲ့ဒါ တနေ့ ကိုယ့်မေမေက ကူရှင်ခေါင်းအုန်းရင်း အိပ်ပျော်နေရော။ သမီးနဲ့ သူ့အမေ၊ ကိုယ့်ညီမက သမီး အကြိုက် ကာတွန်းကားကြည့်နေရင်း ညီမက ပျင်းလာတော့ လှဲအိပ်လိုက်တယ်။ အဲ့ဒီမှာ သမီးလေးက ဘာမပြော ညာမပြောနဲ့ ကိုယ့်အမေအိပ်နေတဲ့ ခုံကိုသွားပြီး ခေါင်းအုန်းကို သွားဆွဲထုတ်တယ်။ ပြီးတော့ မေမေရော့ ဆိုပြီး ကိုယ့်ညီမကို သွားပေးတယ်။ ကိုယ့်အမေက လန့်နိုးပြီး ပြုံးရမလို၊ ဆူရမလိုဖြစ်သွားရရော။ အဲ့ဒါမျိုးက သူ့အမေမှမဟုတ်ဘူး သူ့အဖေအိပ်နေလည်းအဲလိုပဲ။ သူ့အဖေကိုဆို ပိုသဲသေး။ အိမ်မှာက အဲ့ဒီလိုကူရှင်လေးက တခုပဲရှိတာ။ သူ့အဖေရော အမေရော အတူတူဆို သူ့အဖေကို ဦးစားပေးတယ်။

ဒင်းအကြောင်းကတော့ ပြောလို့ကို မကုန်နိုင်ဘူး။

Tuesday, 19 June 2012

သူ

တမြို့လုံး အုံးအုံးကျွက်ကျွက်နဲ့ တွေ့သမျှလူ အပြုံးကိုယ်စီနဲ့ ပြည့်နေတဲ့နေ့ဆိုတာ ကိုယ်တိုင်သာမမြင်ခဲ့ရရင် ဘယ်လိုမှကို ယုံမှာမဟုတ်ဘူး။ အဲ့ဒီနေ့ပေါ့။ သူလာမယ်ဆိုတဲ့နေ့။

နေခြစ်ခြစ်တောက် ပူနေတဲ့နေ့။

မနက်ကတည်းက ညီအမနှစ်ယောက် ဆိုင်ပဲပိတ်ရမလား၊ ထိုင်ရမလား၊ ထရမလား ဘာလုပ်ရမယ်မှန်းကို မသိဘူး။ ပန်းသည်ကလည်း ဒီနေ့ကျမှ လာချိန်မှာ မလာသေးဘူး။ စိတ်ကလည်း ပူလာပြီ။ ကံ့ကော်ရော စံပယ်ရော နှင်းဆီရော အကုန်ပေးချင်နေတာ။

သူ့ကားတန်းဖြတ်မယ့် နေရာက လမ်းမတန်းကြီးကနေပဲ ဖြတ်မလိုလို၊ ကိုယ်တို့ဆိုင်ရှေ့လမ်းကပဲ ဖြတ်မလိုလိုနဲ့ သတင်းက နှစ်ခုထွက်နေတယ်။ ညီမက ဆိုင်တဖက် ကလေးတဖက်၊ ကိုယ်က မီးဖိုချောင်တဖက် အိမ်ရှေ့က အလုပ်သမားတွေတဖက် ဘာလုပ်လို့လုပ်ရမယ်မှန်းလဲမသိတော့ဘူး။ ဆိုင်ရှေ့ကသာ မဖြတ်ဖြစ်ရင်တော့ ဒုက္ခပဲလို့လဲ ခဏခဏတွေးမိတယ်။
လာမယ့်အချိန်ကလည်း အလုပ်သမားတွေ ထမင်းစားပြန်မယ့်အချိန်ဆိုတော့ သူတို့ကို အိမ်စောင့်ထားခဲ့လို့မရရင် ဒုက္ခဆိုတာလည်း စိတ်ထဲရောက်ရောက်လာပြန်တယ်။

အမေက ရန်ကုန်သွားနေတော့ အိမ်မှာ လူကြီးက ကိုယ်ပဲဖြစ်နေရတာ တဖူနာတာပဲ။

သူလာမယ့်အချိန်က ပထမကြားထားသလိုမဟုတ်ဘဲ ဟောတမျိုး ဟောတမျိုး ပြောတာ ကြားလာရပြန်တယ်။ အလုပ်သမားတွေလဲ ထမင်းသွားစားကြပြီ၊ ပန်းကလည်းမရသေး။ ဒီအချိန်မှာများလာလိုက်လို့ကတော့ကွာဆိုပြီး မချင့်မရဲတွေဖြစ်လာရပြန်ရော။

အဲ့ဒီအချိန်မှာပဲ ညီမလေးက နှင်းဆီပန်းစည်း၊ စံပယ်ကုံးနဲ့ ကံ့ကော်တွေကိုင်ပြီး အိမ်ထဲ ခပ်သုတ်သုတ်ဝင်လာတယ်။ အဲ့ဒါနဲ့ပဲ ကမန်းကတန်း ပန်းစည်း စည်းဖို့ပြင်ကြရော။ ခက်တာက တခါမှ မစည်းဖူးတာပဲ။ ဘာဖြစ်ဖြစ်ကွာဆိုပီး You Tube ထဲက တခါကြည့်ဖူးတဲ့အတိုင်း ပန်းတွေကို စီလိုက်တယ်။ ဆူးတွေကလဲ တုတ်ခိုင်လွန်းတော့ ရေစိုဝတ်နဲ့လဲသပ်ချလို့မရ။ အဲ့ဒါနဲ့ပဲ ညီမလေးကို အိမ်ရှေ့က သတင်းစာ သွားယူခိုင်းပြီး တစောင်လုံးနဲ့ပတ်ပလိုက်တယ်။ ပြီးရော။ ပြီးတော့ တိပ်နဲ့ပတ်၊ ပြီးတော့ အလှစက္ကူနဲ့ပတ်လိုက်တယ်။ အဲ့ဒါတွေ ကိုယ်လုပ်နေတဲ့အချိန်မှာ ညီမက အိမ်ရှေ့ပြေးလိုက် စနည်းနာလိုက် ပြန်လာလိုက်နဲ့။ သမီးလေးက ဟိုဖက်ပြေးလိုက် ဒီဖက်ပြေးလိုက်နဲ့။ မျက်နှာမှာလည်း သူ့ဦးလေးကပ်ပေးထားတဲ့ စတစ်ကာနဲ့ ဟုတ်နေတာ။

ကိုယ်အံ့သြမိတာ အဲ့ဒီ ပန်း စည်းတဲ့အချိန်မှာ ဖြစ်နေတဲ့ကိုယ့်စိတ်ကိုပဲ။ ပန်းတွေကလဲ ကိုယ့်မျက်စိထဲမှာ အရမ်းကို လှနေတာ။ ဒီလောက်လှတဲ့ပန်းတွေ သူရပါစေဆိုတဲ့စိတ်။ သူ့ကိုပေးဖို့ ငါပန်းစည်း စည်းနေပါ့လားဆိုတဲ့စိတ်က ရင်ထဲမယ် ဘယ်လိုအေးမြမှန်းကို မသိဘူး။ တခါမှလည်း အဲ့လောက် စေတနာစိတ် မဖြစ်ဖူးဘူး။ အဲ့ဒါနဲ့ ညီမလေးကိုပြောမိတော့ သမီးလည်း အဲ့လိုပဲတဲ့။ ပွင့်ပွင့်လင်းလင်းပြောရရင် ကိုယ်က သူ့ကို အရမ်းသဘောကျ နှစ်သက်တဲ့၊ ဘာလုပ်လုပ်အကောင်းမြင်ပေးနိုင်တဲ့ သူမဟုတ်ဘူး။ ကိုယ်တောင် အဲ့ဒီလိုဖြစ်ရင် သူ့ကို ကိုယ့်ထက်ချစ်ခင်နှစ်သက်တဲ့သူတွေရဲ့ သူ့အပေါ်ထားတဲ့ စိတ်စေတနာ ရိုက်ခတ်မှုတွေကို သူရမှာ မလွဲပါဘူး။ မေတ္တာဓါတ်ဟာ ဘယ်လောက်ဝေးဝေး သက်ရောက်တယ်ဆိုတာကို ကိုယ်ယုံတယ်။ တနိုင်ငံလုံးနီးပါးရဲ့ မေတ္တာဓါတ်ရတဲ့သူ့မှာ ခွန်အားတွေအနည်းနဲ့အများတော့ ပြည့်မှာပါ။

ကိုယ့်မေမေနဲ့ ညီမလေးက ကားအရမ်းမူးတတ်တယ်။ တကယ်ကို မခံနိုင်အောင် မူးတာ။ ကိုယ်အဲ့ဒီအချိန်ကျရင် သူတို့ကို အရမ်းသနားတာပဲ။ လူဆိုတာ မျော့မျော့ပဲကျန်တယ်။ သူလည်း အင်မတန်ကားမူးတတ်တယ်တဲ့။

ပန်းစည်း စည်းပြီးတာနဲ့ ဘုရားမလို့ အိမ်က လက်သမားတွေလဲပြန်လာတော့ သူတို့နဲ့အိမ်ကိုထားခဲ့ပြီး သမီးနဲ့ညီမလေးခေါ်ပြီး ဆိုင်ကိုထွက်ခဲ့တယ်။ အခုထိတော့ ကားကို မမြင်ရသေးဘူး။ လူတွေကတော့ တဖြည်းဖြည်းနဲ့ များလာပြီ။ ဟောပြောမယ့် ကွင်းထဲမှာလည်း သွားစောင့်နေရာဦးထားတာ အများကြီးပဲတဲ့။ အချိန်နောက်ကျရတာက လမ်းမှာ နှုတ်ဆက်တဲ့သူတွေ တအားများလို့ လို့ ပြောကြတယ်။ ကိုယ်လဲ ဆိုင်ကယ်ဆွဲပြီး တထောက်နား ထမင်းစားမယ့် ဟော်တယ်ကို ထွက်လာလိုက်တယ်။ အချိန် စနည်းနာရအောင်လို့ပါ။ နောက် ဘယ်လမ်းကလာမလဲ လဲ သိချင်လို့။ ဟော်တယ်ရှေ့မှာလဲ ဆိုင်ကယ်တွေဆိုတာ အောတိုက်။ ခဏနေ လာတော့မယ်ဆိုတာကလွဲလို့ ဘာသတင်းထူးမှ မရတာနဲ့ ဆိုင်ကို ပြန်လာလိုက်တယ်။ နောက်တနာရီလောက်ကြတော့

လာပါပြီ ကားတန်းကြီး။

ကြည့်မိတဲ့ သတင်းတွေ၊ တခြားမြို့တွေကသတင်းတွေအရဆို ကားက ဖြေဖြေးလေးပဲလာလို့ လူတွေ သူ့ကို သေချာမြင်ကြရတော့ ကိုယ်လဲ အဲ့လိုမျှော်လင့်ထားတာပေါ့။ ကိုယ်တို့မြို့ကျမှ တလွဲ။ လူတွေက ဟောမယ့်ကွင်းထဲ အကုန်နီးနီးရောက်နေရော။ တချို့ကျတော့ ဆိုင်ကယ်ကိုယ်စီနဲ့ ကားတန်းနောက်ကနေပါလာတယ်။ ဘေးတဖက်တချက်မှာ လူမရှိတော့ ကားက ဖြေးဖြေးလေး မောင်းစရာမလိုတော့ဘူးပေါ့။ ပြီးတော့ အချိန်က ဇယားအတိုင်းဆို နောက်ကျနေပြီဆိုတော့ ကားကို အမြန်မောင်းပါလေရော။ ပန်းစည်းပေးမယ့် မျှော်လင့်ချက်ကတော့ ယဲ့ယဲ့လေးပဲကျန်တော့တယ်။ သမီးလေးကတော့ ချီထားတဲ့ ညီမလေးပေါ်မှာ ပန်းစည်းကြီးကိုင်ပြီး "အမေသု အမေသု" လုပ်နေတော့တာပဲ။ ဒင်းက ဂျာနယ်တွေမှာ သူ့ပုံတွေ့ရင် ဘယ်သူမှလည်း သင်ထားတာမဟုတ်ဘဲ အမြဲနမ်းတယ်။ "ဒါ အမေစု လို့ခေါ်တယ် သိလားသမီး" လို့တော့ ပြောပြဖူးတယ်။ အဲ့ဒီမှာ မယ်မင်းကြီးမက တခွန်းမေးဖူးတယ် "အာ့ပါစု" ရောတဲ့။ ပထမ ဘာပြောလိုက်မှန်း နားမလည်လိုက်ဖူး။ သူက သူ့အမေကို အမေလို့ခေါ်ပြီး အဖေကို ကရင်လို အာ့ပါလို့ခေါ်တယ်လေ။ နောက်မှ သဘောပေါက်တယ်။ အမေစု ဆိုတာရှိရင် အာ့ပါစု ရောဘယ်မှာလည်းလို့ မေးတာ ဆိုတာကို။

အဲ့လိုပန်းစည်းပေးမယ့်သူက ကိုယ်တို့ဆိုင်ပဲရှိတော့ ကိုယ်နဲ့ညီမလေးကို တခြားဆိုင်တွေကလူတွေက ဝိုင်း ကြည့်နေကြရော။ တချို့ကျတော့လည်း သဘောတကျကျ နဲ့ "ဟဲ့ ရှေ့နားတိုးထားလေ တော်ကြာ မပေးလိုက်ရပဲနေမယ်" လို့ ပြောကြတယ်။ အိမ်မှာသာ ညီမနှစ်ယောက် ယောက်ယက်ခတ်နေတာ လူကြားထဲကြတော့မှ ရှက်နေကြရော။ အပြင်ထွက်စောင့်ရင်လဲ နေက တအားပူတော့ ပန်းတွေ ညှိုးမှာကလည်း ကြောက်ရသေးတယ်။

နောက်ဆုံး ပူပူကွာ ဆိုပြီး အပြင်ထွက်ရပ်တော့ အမျိုးသမီးတယောက်က ထီးလာဆောင်းပေးတယ်။ ကားတန်းလဲအနားရောက်လာရော နောက်နားကတယောက်က "ပန်းစည်းပေးချင်လို့၊ ပန်းစည်းပေးချင်လို့" လို့ အော်တော့ ကားက နည်းနည်းနှေးသွားတယ်။ အဲ့ဒီမှာ ဖျပ်ဆို ဘယ်နားကမှန်းမသိရောက်လာတဲ့မိန်းမတယောက်က ပန်းစည်းကို ဆွဲယူလိုက်ပြီး လှမ်းပေးလိုက်တယ်။ ညီမလေးဆိုတာလေ ဒေါသတွေထွက်လိုက်တာမှ။ ကိုယ်က အဲ့ဒါတွေ ဘာမှမသိလိုက်ဘူး။ ဓါတ်ပုံရိုက်နိုင်ဖို့နဲ့ သူ့မျက်နှာလေးမြင်ရဖို့ အလုပ်ရှုပ်နေလို့။

ကားက နှေးတယ်ဆိုပေမယ့် အရမ်းမနှေးတော့ ကိုယ် သူ့ကို မမြင်လိုက်ရဘူး။ ညီမလေးကတော့ မြင်လိုက်ရတယ်။ ဝတ်ထားတာက အနီရောင်လေး။ အသားဝင်းတာကတော့ တော်တော်လေးကို သိသာတာ။ ကိုယ့်မှာ လက်ဖျံလေးပဲမြင်လိုက်ရတယ်။ ညီမလေးကတော့ ကျေနပ်သွားတာပေါ့။

ကိုယ်လဲ အဲ့ဒါနဲ့ ညီမလေးကို ငါ ကွင်းထဲလိုက်သွားမယ်ပြောပြီး ကွင်းထဲ ထွက်ခဲ့တယ်။ ထင်တဲ့အတိုင်းပါပဲ။ တိုးလို့ကို မပေါက်ဘူး။ ခြေကျင်မဟုတ်တော့ စီးလာတဲ့ဆိုင်ကယ် ဘယ်သွားထိုးရမလဲမသိဘူး။ ဆိုင်ကယ်စီးရင်း ကိုယ်သတိထားမိတာတခုက နေပူတယ်လို့မထင်ရတာပဲ။ ကိုယ်လဲ ကိုယ့်နောက်ကပါလာတဲ့ ညီမလေးသူငယ်ချင်းကို "နေက ပူတယ်လို့မထင်ရဘူးနော်" ဆိုပြီး မနေနိုင်လို့ပြောမိတော့ သူကလည်း "ဟုတ်တယ်အမ သမီးလည်းအဲ့လိုပဲ" တဲ့။

ကံမကောင်းတတ်တဲ့ကိုယ် ကွင်းထဲမှာလည်း ဝေးဝေးကပဲလွမ်းခဲ့ရပြန်တယ်။ ပြောသမျှ ဆုံးတဲ့အထိနားထောင်ခဲ့ရင်း တနေ့နေ့တော့ အနီးကပ် တွေ့ကို တွေ့ခွင့်ရအောင်လုပ်အုန်းမယ်လို့ ကြုံးဝါးရင်း ပြန်လာခဲ့လိုက်တယ်။ တကယ်တော့ ဆက်သွားတဲ့ နောက်တမြို့ကို လိုက်ချင်သေးတာ။ အိမ်မှာ လူစောင့်မရှိတော့ ပြန်ရမှာမို့သာ။

တနေ့နေ့ပေါ့။ ။

Saturday, 4 February 2012

အသက်ပြန်ဝင်ခြင်း

ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်ဇွဲရှိလည်းဆိုတာ ဘလော့ရေးမှပဲ ပိုပို သိလာတော့တယ်။ အာရုံများလို့မရတဲ့ကိုယ်က ဘလော့ရေးဖို့ကို စမိလိုက်တာ ကျားမြီးဆွဲပြီးမှ လွှတ်မရတော့သလိုပါပဲ။ ဘလော့ပိတ်ဖို့ဆိုရင်လည်း ရေးသက်ဖြင့်ဘယ်လောက်မှမရှိဘဲနဲ့ ပိတ်ဖို့ကအရင်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်မိမှာ၊ ဆက်ရေးဖို့ကျပြန်တော့လည်း မထွက်၊ ဒါနဲ့ပဲ အပြောင်းအလဲလေးဖြစ်အောင် ဘလော့လေးကို ကိုယ်လိုချင်တဲ့ ပုံလေးပြောင်းထားလိုက်တယ်။ ဒါတွေတောင် တနေ့ကမှ လျောက်ကြည့်ရင်းနဲ့တွေ့တာ။ ကိုယ်က မတတ်ဘဲလျောက်လုပ်လို့ ရေးထားသမျှ အကုန် ကုန်သွားမှာ၊ ဘလော့ပုံပျက်သွားမှာကလည်း ကြောက်သေးတာ။ 

ဟိုးတနေ့က ကွန်ပြူတာထဲက ဖိုင်လ်တွေရှင်းရင်း ဖိုင်လ်အဟောင်းတွေထဲက ထွက်လာတဲ့ ဒီဘလော့လေးမှာ မတင်ရသေးတဲ့ ပိုစ့်လေးတပုဒ်ကို ပြန်တွေ့တယ်။ တကယ်တော့ အဲ့ဒီပိုစ့်လေးက ပြိုင်ပွဲဝင်ထားတာ။ နှစ်နဲ့ချီပြီးတော့ တော့ ကြာနေပါပြီ။ ဒါပေမယ့် ကိုယ့်ဖာသာကိုယ် ပြန်ဖတ်တိုင်း ရီချင်မိတယ်။ ဘယ်လိုလုပ်များ ရေးမိပါလိမ့်ဆိုပြီးလည်း တွေးမိတယ်။ ပြိုင်ပွဲလေးက အကြွားပြိုင်ပွဲလေးပေါ့။ တကယ်ဖြစ်နိုင်တဲ့အကြောင်းအရာလဲဖြစ်ရမယ်၊ ကြွားနိုင်သလောက်လည်း ကြွားရမယ်ပေါ့။ အဲ့ဒါနဲ့ ဝင်ပြိုင်ကြည့်မိရင်း ဒီပိုစ့်လေး ရလာတာပါပဲ။ ပြန်ဖတ်ကြည့်မှ ၂၅ ၀၉ ၀၉ တုန်းက ရေးထားမိတာပဲ။
*****

25 09 09
အစကတော့ သူ့ကို အပျော်သဘောအနေနဲ့ပဲ သဘောထားခဲ့တာပါ။ သူ့ဘက်က အရမ်းကြီးလေးနက်လာပြီး ကိုယ်မှကိုယ်။ ကိုယ်သာလျှင်သူ့ဘဝရဲ့ အရှင်သခင်၊ သူ့အသည်းနှလုံးရဲ့ ဧကရီ ဘုရင်မ၊ သူ့ရဲ့ကိုးကွယ်ရာ ဖြစ်လာရတော့ ကိုယ်ဘာတတ်နိုင်တော့မှာလဲကွယ်။ သူထားခဲ့သမျှ ရည်းစားတွေ၊ အပျော်တွဲခဲ့သမျှတွေကို အကုန် အဆက်အသွယ်ဖြတ်လိုက်တာကလည်း အပြောမဟုတ်၊ လက်တွေ့ဆိုတော့၊ ကိုယ်ကလည်း နဂိုကမှ ရုပ်အဆင်းလှသလို အသည်းဖြူအူစင်း၊ နှလုံးသားမာကျောတဲ့သူမဟုတ်လေတော့လည်း သနားမိတာတော့အမှန်ပါ။ ချစ်၊ မချစ်ကတော့ သေချာစဉ်းစားရအုန်းမယ်။ တဘဝလုံးအရေးမဟုတ်လား။ ဒယ်ဒီ၊ မာမီတို့ကတော့ သူ့ကို လုံးဝ အဖက်မလုပ်ဘူး။ သဘောလည်း လုံးဝ မတူဘူးလေ။ မတူလည်း မတူစရာကိုးလေ။ သူပေးတာတွေကို ကိုယ်လက်ခံနေတာ ကိုလည်းလုံးဝ မကြိုက်ဘူး။ တကယ်တော့ ကိုယ်ကလည်း တသက်လုံးသူများတကာကို အနိုင်ကျင့်လာတဲ့ သူ့ ကို ဒုက္ခ ပေးချင်လို့ပါ။

သွားစရာရှိရင် လေကြောင်း၊ ရေကြောင်း၊ မြေကြောင်း အရာရာကို အကောင်းဆုံးနေရာကနေ အဆင်သင့်။ ကမ္ဘာတပတ် ဘယ်နေရာသွားချင်တယ်ပဲပြောလိုက်။ သူတော့လိုက်လို့မရဘူးလေ။ ဆန်ရှင်ထိထားရှာသကိုး။ သနားစရာ။

စားစရာဆို  ”မ”  ဂျပ်(စ်)နိမ်း(မ)မစ်(ထ) ဆိုပြီး ဘာမဆို၊ ဘယ်နေရာကမဆို သူကိုယ်တိုင်ရအောင်ယူပေး၊ ဝတ်ချင်တာမှန်သမျှ မရဘူးမရှိစေရ။ ဘာဘရန်း၊ ဘယ်ဒီဇိုင်နာ ပဲပြော။ နောက်နေ့အသင့်။ ဟိုတလောကတောင် စုဖုရားလတ် ဝတ်ခဲ့တဲ့ အင်္ကျီဝတ်ချင်တယ်လို့နောက်မိတာ နောက်နေ့ရောက်လာရောလေ။ ဧည့်ခန်းထဲကသဉ္ဖာလီလည်း ပြန်ထားလိုက်လို့ပြောရအုန်းမယ်။ မဟုတ်ရင် ကိုယ်ကစမ်းသပ်လိုက်၊ သူကယူလာပေးလိုက်နဲ့ အမျိုးသားပြတိုက်မှာ ပြည်သူတွေကြည့်စရာ ဘာမှမကျန်ဘဲနေလိမ့်မယ်။

နေစရာအိမ်ဆိုလည်း သာကေတက ကိုယ့်အိမ်ကို မနေနဲ့တော့ဆိုပြီး မြန်မာပြည်အရပ်ရပ်က ရှိ ရှိသမျှမြို့ရွာတွေက ကောင်းပေ့ဆိုတဲ့နေရာတိုင်းမှာ အလှဆုံး၊ အဆန်းဆုံး၊ အခမ်းနားဆုံး အိမ်တွေကို အထိမ်းအမှတ်နေ့ ခေါင်းစဉ်တွေအမျိုးမျိုးတပ်ပြီး လက်ဆောင်ပေးရတာအမော။ ဒါပေမယ့် သိတယ်ဟုတ်၊ သူအလကားမတ်တင်းနဲ့ ရ ထားတဲ့ အဲဒါတွေ တခုမှကို မလိုချင်ဘူး၊ သူကိုယ်တိုင်ဆောက်ပေးတာပဲလိုချင်တယ်လို့ ပြောလိုက်တော့ ဖြစ်ရစေမယ်တဲ့လေ။

ပြီးတော့ နှစ် နှစ်လောက်ပျောက်သွားတယ်။

ကိုယ်လဲ ပြောပြီး၊ ပြီးပြီးပျောက်ပျောက် နေလာလိုက်တာ သာကေတက ကိုယ်တို့အိမ်မှာ အိမ်သာအသစ်ပြင်ဆောက်ဖို့ ရာနေတုန်း သူရောက်လာတယ်။ သူပျောက်နေတဲ့ နှစ် နှစ်အတွင်း ကိုယ့်ကိုစိတ်မချလို့ ထား ထားတဲ့ သူ့ ဘက်(စ်)မန်းတွေက သတင်းပေးလိုက်လို့ ခရီးရောက်မဆိုင် နားတောင်မနားပဲ ကိုယ့်အိမ် တန်းလာတာတဲ့လေ။ ကိုယ်လဲ တော်တော်စိတ်ဆိုးသွားတယ်။ ဟုတ်တယ်လေ။ ကိုယ့်ဘာသာကိုယ် လွတ်လွတ်လပ်လပ်မနေရဘူးပေါ့။ စဉ်းစားကြည့်ကြပါအုန်း။ ဒါနဲ့ကိုယ်လဲ သူ့ကို လုံးဝ ဂရုမစိုက်တော့ပဲ စာအုပ်ဖတ်နေလိုက်တယ်။ တော်တော်လေးကြာတော့ ခြံနောက်က တဒုန်းဒုန်း တဒိုင်းဒိုင်း အသံတွေကြားတာနဲ့ ကိုယ်လည်း ထွက်ကြည့်ရော 

လားးးးးးးးးးးး လားးးးးးးးးးးးးး                ကိုယ်တော်လေးရယ်လေ၊ ခေါ်ထားတဲ့ အလုပ်သမားတွေကိုမစောင့်ပဲ အိမ်သာကို သူကိုယ်တိုင်ဆောက်နေတာ တော်တော်တောင်ပြီးနေပါရောလား။ အမယ် ဒါတောင်လှမ်းပြောလိုက်သေးတယ်။ ကျွင်းတောင်တူးပြီးသားမိုလို့တဲ့။ ကိုယ်လည်း တော်တော်သနားသွားတယ်။ နေပူကြီးထဲမှာ ကိုယ်စိတ်ဆိုးသွားလို့ စိတ်ပြေပါစေတော့ဆိုပြီး လုပ်ပေးရှာတဲ့သူ့ကို ကိုယ်လေ တော်တော်လေးတော့ သနားသွားတယ်။ အလုပ်ပြီးလို့ သူအိမ်ပေါ်ပြန်တက်လာတော့ ပြောရှာတယ်။ တကယ်တော့ သူက ကိုယ့်အတွက် အရမ်းကြီးကျယ် ခမ်းနား တဲ့ အဆောက်အအုံ မျိုးကို ကိုယ်တိုင်ကိုယ်ကျ ဆောက်ပေးချင်လို့ ကမ္ဘာ့အကောင်းဆုံး ကျောင်းမှာ သွားတက်နေတာပါတဲ့။ ဘယ်ကျောင်းကို ပြောလဲတော့ ကိုယ်လဲမသိ။ အဲဒီတော့မှ သူ့ဖိုးဖိုး ကိုယ်တိုင်အိမ်ကိုလာပြီး ပေးသွားတဲ့ လက်ဆောင်တွေနဲ့ ကျေးဇူးတင်ကြောင်းသဝဏ်လွှာ အကြောင်းကို သဘောပေါက်တော့တယ်။ ကိုယ့်ကြောင်၊့ ကိုယ်သူ့ကိုလူရာသွင်းပြီးဆက်ဆံတာကြောင့် သူ့မြေး နဲနဲပါးပါး တော်လာလို့နေမှာပေါ့။ ကိုယ်နဲ့တောင်မတွေ့လိုက်ပါဘူး။ အိမ်ကကောင်မလေးကပဲ အိမ်မှာဘယ်သူမှမရှိတာနဲ့ခြံဝထွက်ပြီး ယူထားလိုက်တယ်လေ။ ဒယ်ဒီ၊ မာမီ တို့နဲ့သာတွေ့ရင် မောင်းထုတ်ခံရမှာ။

ကိုယ်လည်း ကိုယ့်အပေါ်ထားတဲ့ သူ့သဘောထားအမှန်တွေကို သိလာပြီ၊ ၂၀၁၀ လည်းနီးလာပြီ ဆိုတော့ မချစ်သော်လည်းအောင့်ကာနမ်း၊ သူ့ကို ကိုယ် လက်ခံလိုက်တော့မယ်လို့ ဆုံးဖြတ်လိုက်မိတယ်။ ကိုယ့်ကို အရမ်း ရူးသွပ် မြတ်နိုး တန်ဖိုးထား လေးစား အလေးထားတဲ့သူဆိုတော့ သူရွေးကောက်ပွဲမဝင်ဖို့ ကို ကိုယ်တားနိုင်လောက်ပါရဲ့လေ။ အမိမြန်မာပြည်ကြီးကို ကိုယ်တတ်နိုင်တဲ့ဖက်ကနေပြီး ရသလောက်လေးကယ်တင်ကြည့်တာပါ။
*****

ဒါတောင် သိပ်မကြွားသလိုဖြစ်သွားလို့ ပြိုင်ပွဲမှာ ဆုမရလိုက်ဘူး။ ဒိုင်လူကြီးက သူ့ပိုစ့်သူ ဆုပြန်ပေးလိုက်တာလည်း ပါသပေါ့လေ။ (စပျစ်သီးချဉ်ပုံတော့ ပေါက်သွားသလိုပဲ။)

Tuesday, 27 December 2011

ရီးဒါးစ် ဒိုင်ဂျက်စ်နှင့် စာတစောင်

ကိုယ် အင်္ဂလိပ်လိုရေးရမှာ တော်တော်ဝန်လေးတဲ့သူပါ။ ဒါပေမယ့် ဘာကြောင့်မှန်းမသိ ကိုယ်ဆောင်းပါးတစောင်ဖတ်ပြီး တော်တော်လေးကို စိတ်အနှောက်အယှက်ဖြစ်လို့ ဝန်အလေးဆုံးအလုပ် လုပ်ဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်။ ဒီမှာ ကိုယ်ရေးခဲ့ဖူးတယ်။ ရီးဒါးစ် ဒိုင်ဂျက်စ် ဆောင်းပါးတခုကို မကြေလည်ကြောင်းပါ။ သူ့တို့ပြန်စာကို လွန်ခဲ့တဲ့ တပတ်လောက်ကမှ ရတယ်။ ဒါတောင် အရင်စာကိုပဲ ဖော်ဝပ်ဒ် လုပ်ပီး ရီမိုင်ဒါ လို့ရေးပြီး ထပ်ပို့လိုက်တာ။ တကယ်တော့ နိုင်ငံအနှံ့ကစာတွေနဲ့ သူတို့လည်း အချိန်မီမပြန်နိုင်တာ နားလည်ပါတယ်။ 

 ကိစ္စက အယ်ဒီတာပြန်လိုက်တဲ့စာက ကိုယ်ဆိုလိုတာကို သူတမျိုး အဓိပါယ်ကောက်ပြီး ပြန်လိုက်တာပါ။ အဲ့ဒီစာကို ကိုယ်နဲ့ အီးဒီ နှစ်ခေါင်းပေါင်းပြီး ရေးထားတာ။ ကိုယ်တို့စာက ဒီလိုပါ။


Dear Editor of Reader's Digest,

I am a regular reader of RD for two years and I love most of the articles in RD.

But now, I have one thing which I am quite unhappy about. That is from the article on June 2011. I felt really sorry while I was reading "Street food: heaven on earth" by "K F Seetoh" on page 72.

In the article, the very first picture is the scene of Yangon, Myanmar street food and the food in that picture is the most famous food among Myanmar people called Mont-hin-ga (rice noodle with fish soup).

When I finished reading the article, I realized that the author mentioned almost all the famous foods in Asia and put the photos with captions in detail about the type of food and name of place or city where the food shop located. But in the first photo which is from Myanmar, the author just captioned as " A typical busy street food scene in Asia ". I wonder if  the author did not know that picture is from Myanmar? Even if the author did not, the photographer would definatly know that. Anyhow, the author has full responsibilities of what he or she writes about.

The author mentioned about the street food of Singapore, Thailand, Malaysia, Philippines, Indonesia and Taiwan but there is no single line about Myanmar food in the article even though he used the photo of Myanmar street food. And captioned the photo in randomly as I mentioned above.

I have nothing to comment about anything concern with that article if the author did not use the photo but since he or she used the photo, he or she should captioned in right way and explain about the Myanmar food. 

I expected RD to treat our country the same as other South East Asian countries and looking forward to read more articles under the umbrella of Equity and Justice.

Thank you very much for your time and wish RD could contribute the right information to the readers more and more.

Best wishes,

...


သူကဒီလိုစာပြန်လာပါတယ်။
 
Dear...,

Thanks for your email. I apologise for not responding sooner. Yes, we are aware that the opening photograph is from Myanmar. We chose to lead with the image because I felt it was a very strong picture which depicts a typical street food scene you can find in many cities across Asia and thus was captioned as such. Myanmar street food wasn't mentioned because page space was limited. I'd like to point out that though we included Taiwan, we did not include Japanese or Korean foods. We weren't able to include Vietnam or Cambodia either due to space constraints.

We do hope to publish a couple of Myanmar stories next year, but I hope to have your understanding on reaching out to our readers in our largest markets. I do hope you continue to enjoy reading the magazine and I do appreciate you writing in with your thoughts and comments.

Regards,

Dora Cheok
Editor-in-Chief
Reader's Digest Asia



အဲ့ဒါကို ကိုယ်က ဒီလိုထပ်ပြန်လိုက်ပါတယ်။


Dear Dora Cheok,


Thank you for your response. I do really appreciate that you take care of your reader's complaint. 


I understand the fact you pointed out but what I meant was different from what you explained.


I totally don't mind that there is no story about Myanmar food as Singapore, Thailand, Malaysia, Philippines, Indonesia and Taiwan.


What I meant was: since you used the picture of Myanmar street food, why don't you put the name of the country in the caption? All I want is a caption on the photo. Not a story. I am not complaining for the equal right. There is no equal right in this whole world; I understand, and accept it. But you captioned all the food pictures from different Asian countries and the names of the country. I know there's no Japanese or Korean foods in that month article. And one more thing is there's no pictures of Japanese or Korean foods, too.


This is the very first time of me writing a compliant so if I used any inappropriate words, I do sorry for that.


Wish RD for success as always anyway.


Best wishes and Happy Sweet December,
...
ကိုယ်ထင်တာတော့ ပထမဆုံး ကိုယ်တို့ပို့လိုက်တဲ့စာမှာ (ကိုယ် စာလုံးအပြာနဲ့ရေးထားတဲ့) ပါသွားတဲ့ စာကြောင်းကြောင့် သူလည်း ဒီလိုပြန်လိုက်တာနဲ့တူပါတယ်။ ကိုယ်ပေးချင်တဲ့ အဓိပါယ်ရောက်အောင်မပြောနိုင်ခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် တော်တော် အားမရဖြစ်သွားတယ်။ ဒုတိယတကြိမ်ပြန်လိုက်တဲ့စာမှာ နည်းနည်းလေးရင့်သီးနေသလိုဖြစ်သွားတယ်။ အဲဒီအချိန်တုန်းက ကိုယ်တို့နှစ်ယောက်လုံး ကိုယ့်ကိစ္စတွေနဲ့ကိုယ် ဒေါသတွေထွက်နေတဲ့ အချိန်ဖြစ်နေတယ်။ နောက်ဆုံးတောင်းပန်ထားတဲ့ စာတကြောင်းကတောင် ခုနေခါပြန်ဖတ်ကြည့်တာ ဒေါင့်မကျိုးသလိုပဲ။ ဒါပေမယ့်လည်း လုပ်ချင်တာလုပ်လိုက်နိုင်တဲ့အတွက် နောင်ပြန်စဉ်းစားရင် မလုပ်လိုက်မိလေခြင်းဆိုပြီး နောင်တမရ ရတော့ဘူးပေါ့။


ကိုယ့်ကို စာတွေကူရေး၊ ကူဖတ်ပေးခဲ့တဲ့ အီးဒီကိုလည်း တကယ်ကိုကျေးဇူးတင်ပါတယ်။

Sunday, 13 November 2011

ဒုတိယမိခင်

လူမျိုးစုံ၊ ဘဝစုံ၊ ဒေသစုံနဲ့ စဉ်ကာပတ်ဝန်း တင့်ရွှန်းတဲ့ မိခင်
ရသပေါင်းစုံ၊လမ်းပေါင်းစုံနဲ့ တံတားတည်ခင်း ဖြတ်လျောက်စေရင်းနဲ့ ပင့်တွန်းတဲ့မိခင်
လူမျိုးစိမ်းကျက်၊ ဓနနည်းများ အမှုမထား ပညာရင်နို့သောက်စို့စေ၍ ဝံ့စွမ်းစေတဲ့မိခင်
သြော်... မိခင်ရေ... ခွဲရတော့မှာပါလား။

လောကသစ္စာ

ပျိုမြစ်နုသစ်နေပေမယ့်
ယိုယွင်းပျောက်ရှင်းသွားနိုင်တဲ့
သွင်ပြင်ကြန်အင် ရုပ်လက်သွင်ကို
ထုဆစ်ပုံသွင်း အခြေတည်စေရင်းနဲ့
သင်္ခါရကိုမေ့ခဲ့တယ်။     ။

Saturday, 2 July 2011

အစာမကြေခြင်း

စာမရေးတာကြာနေပေမယ့် ခေါင်းထဲမှာတော့ အတွေးတွေက အများကြီးရယ်ပါ။ ချမရေးဖြစ် ဖြစ်နေတာပဲရှိတယ်။ လုပ်မယ်လို့ရည်စူးပြီး မလုပ်ဖြစ်တဲ့သူတွေထဲမှာ ကိုယ်ကထိပ်ဆုံးကပဲ။ အဲ့ဒီလိုမဖြစ်ချင်ပေမယ့် ဖြစ်ဖြစ်နေမိတယ်။ 

ဒီနေ့ ရီးဒါးဒိုင်ဂျက်စ် ရောက်လာတော့မှ ရီးဒါးဒိုင်ဂျက်စ် အေးရှားကို စာပို့မယ်လုပ်ပြီး မပို့ဖြစ်သေးတာ သတိရသွားတယ်။ ဂျွန်လမှာပါတဲ့ သူတို့ စာတပုဒ်ကို သဘောမကျလို့ပါ။ အစားအသောက်အကြောင်းရေးထားတာပါ။ အာရှရဲ့ လမ်းမတန်း၊ တိတိကျကျပြောရရင် လမ်းဘေးအစားအသောက်တွေအကြောင်းပေါ့။ အဲ့ဒီစာပုဒ်ရဲ့ စစချင်းမှာ မြန်မာနိုင်ငံက ဈေးဆိုင်တွေပုံကို တင်ထားပါတယ်။  နိုင်ငံအမည်ရော အစားအစာအမည်ပါ ပုံမှာ မပါပါဘူး။ ပုံရဲ့ ကပ်(ပ်)ရှင်က "A typical busy street food scene in Asia" ပါတဲ့။ ထားပါလေဆိုပြီး ဆက်ဖတ်ပါတယ်။ 

စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား နဲ့ တိုင်ဝမ်က စားစရာတွေအကြောင်းကို  နိုင်ငံတခုချင်းစီကို ခေါင်းစဉ်တပ်ပြီး ရေးထားပါတယ်။ အဲ့ဒီပုံတွေမှာ ကပ်(ပ်)ရှင်ကို နိုင်ငံအမည်နဲ့ အစားအစာအမျိုးအမည်နဲ့ပါ အတူတကွ ထိုးပါတယ်။ ပထမတော့ အော်...မြန်မာပြည်ကို သွားရလာရတဲ့အခါ သတင်းထောက်ဆိုသွားရခက်တော့ မသိနိုင်ဘူးပေါ့လို့တွေးမိပါတယ်။ ဒါပေမယ့် တကယ်တန်းသေချာပြန်စဉ်းစားကြည့်တော့ ရန်ကုန်ဆိုတာလောက်တော့ ပုံမှာထည့်ပေးသင့်ပါတယ်။ ဘာမြို့ဆိုတာလေးတောင် မထည့်ပေးနိုင်လောက်အောင် မြန်မာဟာ အာရှမှာ လူမသိသူမသိဖြစ်နေလို့လား။ အဲ့ဒီဓါတ်ပုံကို ရိုက်ယူခဲ့တဲ့ သတင်းထောက်ကရော မသိဘူးလား။ မြန်မာ့ အစားအစာမှာ လူသိများတဲ့ အရာနည်းတယ်ဆိုတာဝန်ခံပါတယ်။ မလေးရှားဆို နာစီလမက်၊ ထိုင်းဆို သင်္ဘောံသီးသုပ်နဲ့ တုန့်ယမ်းဟင်းချိုဆိုတာ လူတော်တော်များများသိကြပါတယ်။ ဒါပေမယ့် ခုဆောင်းပါးက အာရှက အစားအစာတွေကိုမိတ်ဆက်ပေးတဲ့ စာပါ။ ကိုယ်တော်တော်လေးကိုခံပြင်းမိတယ်။ 

ဆောင်းပါးမှာ အဲ့ဒီဓါတ်ပုံလည်းမပါ၊ မြန်မာနိုင်ငံကအစားအစာအကြောင်းလည်းမပါ ဆိုရင် ကိုယ်ဘာမှမပြောလိုပါဘူး။ သူတို့မှာ မြန်မာနိုင်ငံကိုသွားဖို့ အခက်အခဲရှိမှာပေါ့လေလို့ တွေးပေးလို့ရပါသေးတယ်။ ခုတော့...။ 

ခုပဲ ဂျူလိုင်လရောက်နေပါပြီ။ သိပ်နောက်မကျသေးခင် ရီးဒါးဒိုင်ဂျက်စ်ကို စာရေးဖြစ်ဖို့ကြိုးစားအုန်းမယ်။ ဘာမဟုတ်တာလေးနဲ့ အပိုတွေရေးနေသေးတယ်ပြောရင်လဲ ပြောတာခံရုံပါပဲ။ ကိုယ်ကတော့ လုံးဝမကျေနပ်ဘူး။

တွေးမိတာနောက်တခုကတော့ ချက်နည်းကိုမေးရင် စေ့စေ့ငှငှ ဖြေနိုင်လောက်တဲ့ အင်းဂလိပ်စာ မကြွယ်ဝလို့လားဆိုတာပါ။ အတွေးတွေကတော့ တော်တော်များသွားတယ်။ တင်ထားတဲ့ ပုံက မုန့်ဟင်းခါးဆိုင်ပုံပါ။ ဒါပေမယ့်လည်း ဒါသည် သူတို့အလုပ်၊ နည်းရအောင်ရှာသင့်တယ်ဆိုတာလည်း ဆက်တွေးမိသွားပြန်ရော။ မီးခိုးမဆုံး မိုးမဆုံး အတွေးအမျှင်တွေတန်းသွားစေတဲ့ ဆောင်းပါးတခုပါပဲလေ။

Thursday, 9 June 2011

ဗလာ

ဘယ်ဝဋ် ကြမ္မာ
မလွတ်သာ လို့ ၍့
လာကာဆုံဆည်း
ဤခရီးဝယ်
အချစ်ကြီးလျက်
နီးဖို့ခက်တယ်
ရက်စက်သူက ဘယ်သူလဲ???

Tuesday, 31 May 2011

လကုန်အတွေး

တနေ့ တနေ့ကလည်း အကုန်မြန်လိုက်တာ။ ဘာလိုလိုနဲ့ ၂၀၁၁ က တဝက်ကျိုးတဲ့လကို ရောက်ပြီ။ လုပ်နေတဲ့အလုပ်တွေ နေ့ရွှေ့ ညရွှေ့နဲ့ တကယ့်တကယ် ပြီးရမယ့်အချိန်ရောက်ရင် ပြစရာဘာမှ မရှိဘူး။ လူ့သက်တန်းလည်း ထက်ဝက်နီးတော့မယ်။ ပေးရမယ့်စာမပြီးတိုင်း ကုန်ခဲ့တဲ့အချိန်တွေမှာ ငါဘာတွေလုပ်နေမိပါလိမ့်ဆိုတဲ့ အဖြေမရှိတဲ့မေးခွန်းပဲ ခေါင်းထဲရောက်ရောက်လာတယ်။ ဒီတခါတော့ တကယ်ကို အဖြေရှိချင်မိပြီ။ ဒါမှမဟုတ်လည်း ပေးလို့ရတဲ့၊ ပေးလို့လည်း လှလောက်တဲ့ စာရှိချင်ပြီ။ ရှက်ရတာတွေထဲမှာ ကိုယ့်ကိုယ်ကိုယ်ကို ရှက်ရတာ တော်တော်ရှက်စရာကောင်းမှန်း ခုမှသိလာတယ်။ မှန်တောင် တတ်နိုင်ရင် မကြည့်ချင်ဘူး။ ကျောင်းသားလည်း လုပ်မစားချင်တော့ပါဘူးကွယ်။

Saturday, 28 May 2011

ဗလာ

အချိန်တန်ရင်တော့
ပြန်လာလေမလား
စိုးစိတ်လေးနဲ့
တိုးတိတ်ကြေကွဲ (၁၃ ၀၅ ၂၀၀၉)

ရင်မှာခံစား 
ပူလောက်မှုများ
ကုစားမဲ့သူ
မင်းတယောက်ထဲသာ (၁၃ ၀၅ ၂၀၀၉)

ပြန်ဆုံနိုင်မလား
အိပ်မက်အဖြစ်များ
မျှော်လင့်တမ်းတ
တကယ့် အပြင်ဖက်မှာ (၁၄ ၀၅ ၂၀၀၉)

ရင်ခုန်သံများ
ကာရံညီမလား
တမ်းတရင်းနဲ့
နှစ်လရှည်ခဲ့ (၂၁ ၀၅ ၂၀၀၉)

နွေရာသီဦး
ပျော်မြူးခဲ့ချိန်
မိုးလယ်ဆောင်းနှောင်း
ရာသီပြောင်းခဲ့
အချိန်တိုင်းပဲ 
စိုးမိုးဆဲပါ
မင်းတယောက်သာ (၁၃ ၀၅ ၂၀၀၉)

နေ့ရက်နာရီ
အိုရီဟောင်းလည်း
မပြောင်းသစ်စွာ
ရင်ထဲမှာဖြင့်
ဖြစ်ကျန်ဆဲပါ
မင်းရုပ်လွှာ။     ။ (၁၃ ၀၅ ၂၀၀၉)
*****


ဒီတပုဒ်ကို သီချင်းအနေနဲ့စပ်ကြည့်ရင်း ကဗျာလိုလို ဘာလိုလိုဖြစ်သွားပြန်ရော။ verse အပိုဒ်တွေ ဆိုလို့ရပေမယ့် chorus ကို ဘယ်လိုမှ မလုပ်တတ်တော့ပြန်တော့ သီချင်းစစ်စစ်တပုဒ် မဟုတ်ရတော့ပြန်ဘူး။ ၁၃ ရက်နေ့က တော်တော်များများ စိတ်ထဲကထွက်လာပေမယ့် ၁၄ ရက်နဲ့ ၂၁ ရက်မှာတော့ တပိုဒ်ဆီပဲ ထွက်တော့တယ် chorus ကိုလုံးဝ သဘောမကျတော့ တော့ ဘာမှထပ်မထွက်လာတော့ဘူး။ ဒါပေမယ့်ခံစားချက်ကတော့ အဲဒီအချိန်တုန်းက ရှိနေခဲ့ဆဲပါ။ ခုတော့လည်း အတိတ်ကို အတိတ်မှာပဲ ပျော်ပျော်ကြီးထားခဲ့လိုက်ပါဘီ။ ဒါပေမယ့် ကိုယ့်စာလေးတွေကို နှမြောတာနဲ့ လွှင့်မပစ်ရက်တော့ ဒီပေါ်ရောက်လာရပြန်တာပေါ့။ ပစ္စုပန်မှာတော့ ခံစားချက်တွေ ခမ်းခြောက်နေပီး ရေးစရာ ဘာမှကို မပေါ်လာသေးပြန်ဘူး။


Friday, 27 May 2011

၁၃ ၀၇ ၂၀၀၉ မှ အမှတ်တမဲ့ ကဗျာ

တွယ်ငင်တဲ့ ရင်ထဲကသစ်ပင်
ရှင်သန်အောင်သူပျိုးလို့
မညှိုးစေခဲ့အစဉ်။     ။

လေပြည်တိုး မကျိုးစေရ
နေခြည်ထိုး မညှိုးစေရ
ရေစင်သွန်း မမွန်းစေရ။     ။

သို့ပေမယ့်လည်းကွယ်
ပန်းပျိုးတဲ့လက် မုန်းမီးသက်၍
နှုတ်ခြွေရက်စက် ရှင်ဖို့ခက်ပြီ။     ။

ကိုယ့်ရင်ထဲက သစ်ပင်လေး။    

တခါက အတွေးများ

ဝေးလွင့်မသွားသေးတဲ့ ချစ်ခြင်းများနဲ့
နောက်ထပ်အချစ်သစ်တခု ထပ်ပိုးရင်းက
မနိုင်တော့တဲ့စိတ်ဝန်ကို လွှတ်ချရတော့မလား
အဖြေရှာမရနိုင်တော့
ကံကိုသာရိုးမယ်ဖွဲ့တဲ့အဖြစ်ကိုမုန်းလာပြီ
မသက်ဆိုင်တဲ့ကံတရားကိုဘေးချပြီး
သက်ဆိုင်သူ ကိုယ်ကိုယ်တိုင်သာကြိုးစားဖြေရှင်းမယ်။

ပြောင်းလဲမသွားသေးတဲ့ ချစ်ခြင်းအဟောင်းနဲ့
လတ်ဆတ်သန့်ရှင်းတဲ့ နောက်အချစ်တခုကို
ဘာကြောင့်များ ရယူခဲ့လဲ
အစားထိုးခြင်းရဲ့ ခါးသီးမှုတွေ
ကိုယ်ခံစား...ကိုယ့်အမှားသာပဲ။

ရင်မဆိုင်နိုင်စိတ်ရှုပ်မှုများ
ယှဉ်မပြိုင်နိုင် ဒွိဟတရားများ
မဖြူစင်နိုင် ကိုယ့်ရဲ့စိတ်ထား

ဘယ်မှာလဲ အကြင်နာစစ်ဟာ။
ဖွေရှာဆဲ နေရာသစ်မှာ
ဗျာပါများ ဝေဒနာကြား

အဖြေရှာမရသေးတဲ့ ပုစ္ဆာတနင့်တပိုး
ရင်ဝယ်ပိုက်မနိုင်ဝန်ထမ်းရင်း
ရှေ့ဆက်နေရတဲ့ဘဝမှာ
ဘာကိုမှ ထပ်ပြီး မယူချင်တော့ဘူး။
*****

ဆရာစာသင်နေတုန်း ဘာမှ အာရုံစိုက်လို့မရတာနဲ့ ကဗျာထိုင်ရေးနေလိုက်မိတုန်းက စာလေးပါ။ ဆရာပေးတဲ့ စာရွက်နောက်မှာရေးထားမိတာ။ တကယ်တော့ ဆရာကစာသင်တာကောင်းပါတယ်။ ကိုယ့်ဘာသာကိုယ် အာရုံစိုက်လို့မရဖြစ်နေတာ။ ကဗျာဖြစ်စေတော့ရယ်လို့ ရေးတာမဟုတ်ပေမယ့် ရေးလိုက်တဲ့စာမှာ အချိတ်အဆက်လေးတွေဖြစ်သွားရင် သဘောကျမိတယ်။  ဒါလေးရေးနေရင်း သံစဉ်လေးတခုက ခေါင်းထဲရောက်လာပြန်ရော။ အဲ့ဒါနဲ့ သံစဉ်ထည့်လိုက်တော့လည်း သီချင်းလိုလို၊ ဒီတိုင်းဖတ်ကြည့်တော့လည်း ကဗျာမဟုတ်ဘာမဟုတ်။ တီးတတ်တဲ့ လက်ကွက်လေး မဖြစ်စလောက်နဲ့ သီချင်းမဟုတ်၊ ကဗျာမဟုတ်တခုရလာတော့ အဲ့ဒါလေးကို အမှတ်တရ ရှိစေရုံလေး ဒီနေရာမှာ ပြန်ကူးထားလိုက်တယ်။ အရင်က ခံစားရရင် စာတွေချရေးတတ်တဲ့သူတွေကို ဟားခဲ့တဲ့သူ၊ ကိုယ်ကိုယ်တိုင်ရေးမိသွားခါကျမှ ဟားခဲ့မိတဲ့သူတွေကို စိတ်ထဲကတောင်းပန်လိုက်မိတယ်။ (စိတ်ထဲကပဲလည်း ဟားခဲ့တာပါ။)

Tuesday, 12 April 2011

မှ...သို့...သူငယ်ချင်း

သမုဒယကြိုး နှောင်မည်စိုး၍
သွေတိမ်းရှောင်ဖယ် ဖြေပါလေလည်း
တွယ်ငင်ရစ်ပတ် နှောင်ကြိုးထပ်ပြီ
မဖြေရက်ဘူး သိရဲ့လား...။

သန္တာန်စိတ်ထွေ ဖီလာလေလည်း
တုံ့လှည့်မေတ္တာ ရောင်ပြန်လင်းလက်
ဒီတသက်ဖြင့် မှိန်ဖို့ခက်ပြီ
တသက်အလင်း တည်စေသား...။

ဝေးကွာခြင်းတွေ တားဆီးနေလည်း
ကိုယ်စီစိတ်ထဲ မြတ်နိုးဆဲမို့
*ထားခဲ့မေတ္တာ ပြန်ရေတွက်ရင်း*
မိုင်တိုင်တွေကို ရီပြစ်မယ်...။

*...* ထပ်တိုးစာကြောင်း (၂၇ ၀၅ ၂၀၁၁)

အသိ၊ သူငယ်ချင်း၊ ဆွေမျိုးဆိုလို့ တယောက်မှမရှိဘဲ ရောက်လာခဲ့ရတဲ့နေရာသစ်တခုမှာ အရာအားလုံးမဟုတ်ပေမယ့် တန်ဖိုးထားတဲ့၊ လက်ခံတဲ့အရာတော်တော်များများ တူညီနေတဲ့ သူငယ်ချင်းလေးတွေ ရခဲ့တယ်။ ကိုယ့်မောင်နှမချင်းတောင် ကိုယ့်နဲ့ ထပ်တူထပ်မျှ မဖြစ်တဲ့ လောကကြီးမှာ သူတို့နဲ့လည်း အခြေအတင်တွေအများကြီးရှိခဲ့ပါတယ်။ ဒါတွေကို ကြိုးစားနားလည်ပေးကြရင်းနဲ့ ကိုယ့်ဘေးမှာ လိုအပ်မှုတိုင်းနီးပါးအတွက် အမြဲအဆင်သင့်ရှိပေးတဲ့ သူငယ်ချင်းနှစ်ယောက်အတွက် အမှတ်တရပါ။ ကိုယ်ကိုယ်တိုင်က သံယောဇဉ်တွယ်မိရင် မီးခိုးမဆုံး မိုးမဆုံးမို့ အစကတော့ ရှောင်ဖယ်ဖယ်ရှိခဲ့ပေမယ့် ကြာတော့လည်း အချစ်ဆုံးတွေ ဖြစ်လာကြတာပါပဲ။

Saturday, 26 March 2011

… (+ သို့ -) ...

လူတစ်ယောက်ကို တစ်ယောက်က ချစ်တဲ့အချစ်ဟာ ရိုးသားသန့်စင်ဖို့လိုအပ်မယ်လို့ ထင်မိတယ်။ အပြန်အလှန်နားလည်မှုတွေလိုသလို မျှော်လင့်ချက်တွေလည်း ပါမယ်။ မျှော်လင့်တဲ့အတိုင်းဖြစ်မလာတဲ့အခါ ကွာဟချက်တွေ၊ နားလည်မှုလွဲမှားတာတွေဖြစ်လာနိုင်တာပဲ။

ပေးဆပ်ခြင်းတွေရှိနိုင်သလို ပြန်လည်ရယူလိုမှုတွေလည်း ရှိမှာပဲ။ ချစ်တဲ့သူဆီကသာ လိုချင်တဲ့ လိုအပ်မှုမျိုးပေါ့။ “ကိုယ့်ရဲ့အချစ်ကတော့ ပေးဆပ်မှုသက်သက်ပဲ“ လို့ဆိုရင်တောင် ကိုယ်ချစ်တဲ့ အဲဒီလူကိုပဲပေးဆပ်ချင်တာလေ။ “အဲဒီလူ“ ဆိုတဲ့အရာကပဲ ကိုယ်ကပြန်ရလိုက်ခြင်း၊ ကိုယ့်ရဲ့ရယူလိုခြင်း ပဲဖြစ်မယ်။ သူ့ဆီက ဘာမှပြန်မမျှော်လင့်ပါဘူးဆိုရင်တောင် “သူ“ ဆိုတဲ့အရာကပဲ ကိုယ့်မျှော်လင့်ချက်လေ။

နာကျင်ခြင်းတိုင်း ဟာမခါးသီးပါဘူး။ ဒါပေမယ့် ဝမ်းနည်းရခြင်းကတော့ ကိုယ့်အတွက်ခါးသီးတယ်။ အဲဒါနဲ့အတူ သိမ်ငယ်မှုကပါ ရောပါလာနိုင်တယ်လေ။ တစ်ယောက်ကမြင့်မားပြီး ကျန်တစ်ယောက်ကနိမ့်ကျနေမှသာ သိမ်ငယ်တာမဟုတ်ပါဘူး။ ချစ်ရတဲ့သူရဲ့ သေးငယ်တဲ့ ဂရုစိုက်မှုလေးတစ်ခု၊ အသိအမှတ်လေးတစ်ခုကို ပိုင်ဆိုင်လိုချိန်မှာ မရရှိလိုက်ရင်လဲ ဝမ်းနည်းသိမ်ငယ်မိတာပါပဲကွယ်။

တွေးမိရောက်ရာ

ကိုယ်ကသာစာမရေးတတ်တာ၊ စာရေးကောင်းတဲ့သူဆို ကိုယ်အင်မတန်သဘောကျတာ။ ကြိုက်တဲ့စာတွေဆို သိမ်းထားပြီး ပြန်ပြန်ဖတ်ရတာအမော။ ဘာဖြစ်လို့လည်းဆိုတော့ သိမ်းထားရလောက်အောင်ကြိုက်ရတဲ့စာတွေက အမြဲလိုလိုမှမဖတ်ရတာ။ ဂျူး ဆို တအုပ်ဆို၊ ဆိုသလောက်ပဲ။ စောင့်ရတာ လည်ပင်းညောင်ရေအိုးမကတော့ဘူး။ ဒါပေမယ့် စာရေးဆရာစွဲ မထားတော့ ဖတ်စရာသိပ်တော့မရှားဘူးပေါ့။

ရှစ်တန်း ကိုးတန်းလောက်တုန်းကတော့ မဂ္ဂဇင်းထဲက ကြိုက်သမျှစာတွေကို ဖြဲထားပြီးသိမ်းတော့တာပဲ။ အတ္တကြီးတာလေ။ အိမ်ကလည်း အဲဒီအကျင့်ကိုလုံးဝမှမကြိုက်။ နောက်တော့မှပြန်စဉ်းစားမိတယ်။ သူများတွေလည်းဖတ်ချင်မှာပဲဆိုတာ။ အဲဒီအသိကလည်း ကိုယ်တိုင်ကြုံလိုက်ရမှ သိလိုက်တာပါ။ဘယ်မဂ္ဂဇင်း၊ ဘာအကြောင်းအရာလည်းတော့ မမှတ်မိတော့ပါဘူး။ ဒါပေမဲ့ နောက်ဆုံးနိဂုံးချုပ်ခါနီးဆိုတာတော့ မှတ်မိတယ်။ စာရွက်ကြီးက ပြဲနေရောလေ။ နောက်တမျက်နှာမှာပါတဲ့ မင်းသမီးပုံကိုလိုချင်လို့နေမှာပေါ့။ ကိုယ့်မှာတော့လေ တနေကုန်နေရခက်လိုက်တာ။ နောက်စာအုပ်ဆိုင်မှာထပ်ငှားရအောင်ကလည်း စာအုပ်က လွန်ခဲ့တဲ့သုံးလေးလလောက်ကဟာဆိုတော့ နှမလက်လျော့နေလေတော့ပေါ့။

အဲဒီကတည်းက ဘယ်တော့မှစာရွက်မဖြဲတော့ဘူး။ ကိုယ်လိုချင်တာရှိရင် မိတ္တူပဲသွားဆွဲလိုက်တော့တယ်။ မိတ္တူကလည်း ဆွဲသာဆွဲရတာ၊ ဈေးကလည်းကြီးသေး။ အဲဒီတော့ မိတ္တူဖိုးက ဘတ်ငွေလေးတွေဖြစ်ကုန်တာပေါ့။ (အမေပြောသလိုပေါ့လေ။ အဖေ့ပိုက်ဆံလည်း ကျမပိုက်ဆံ၊ ကျမပိုက်ဆံလည်း  ကျမပိုက်ဆံ…တဲ့။ ကိုယ်ကသူတို့နှစ်ယောက်လုံးသမီးပဲဟာ…နော့…။) တချို့ စာတိုတာလေးတွေဆို လက်ရေးနဲ့ကူးထားလိုက်ပါတယ်။ ဒါကတော့လည်းအရင်ကတည်းကပါ။ (အမှုလေးများ နည်းနည်းပေါ့မလားလို့။) အဲဒီတော့ ကောင်းလာတာလေးတွေက စာတွေပြန်ဖတ်ရင် ခိုးမဖတ်ရတော့ဘူးပေါ့။ စာရွက်တွေလည်းမဖွက်ရတော့ဘူးလေ။ မဟုတ်ရင်အိမ်ကဆူမှာစိုးလို့ခိုးဖတ်၊ ပြီး ဖွက်နေရတာ ရည်းစာစာ ကျနေတာပဲ။ အဲဒီတော့မှလည်း စဉ်းစားမိတယ်။ ငါတော်တော်စိတ်ပေါ့သွားပါလားပေါ့။ မဟုတ်ရင် အိမ်ကသိမှာ တထင့်ထင့်နဲ့လေ။ အမေကဆူလိုက်ရင် တော်ပါတော့၊ ရိုက်သာသတ်လိုက်ပါတော့လို့ ပြောရလောက်အောင်ကို ဆူတတ်တာ။

ဘယ်မဂ္ဂဇင်း၊ ဘယ်ခုနှစ်ကမှန်းမသိတော့တဲ့ ကဗျာလေးတပုဒ်ကို အမှတ်တရလေးသိမ်းထားချင်လို့ ဘလော့ပေါ်မှာ တင်ထားလိုက်တယ်။ (တော်သေးတယ် ကဗျာဆရာနာမည်ကိုသိလို့)။ ဘေဿဝိုင်း၊ ဒီကဗျာလေးကတော့ လက်နဲ့ကူးပြီးသိမ်းထားတဲ့ ထဲက တခုပါ။

*****

ကိုငြိမ်းအမေ
ပိုက်ဆံအကြွေအသိမ်းကောင်း
မီးဖိုဘေးကပြာပုံ
အကြွေမျိုးစုံအမေဝှက်တတ်

တစ်မူး၊ တစ်ပဲ၊ တစ်မတ်

အဖေကြီးက
စည်းကမ်းတင်းတင်း
ပုံသွင်းပြင်းတတ်

တစ်နေ့…အဖေ့ရှေ့မှာ
အမေ့ဆီမုန့်ဖိုးတောင်းမိ

”ဟေ့…စည်းမရှိ၊ ကမ်းမရှိ
ပိုက်ဆံကို ဂရီး ဂရီး မပေးနဲ့” တဲ့

အဖေ့အမိန့်စကား
ဓါးတစင်းလိုထက်လို့
ဇီးရွက်ရဲ့ အချင်း မျိုးဖြစ်အောင်
သားမျက်နှာ ကျဉ်းဖြစ်နေခဲ့

အမေ့ရဲ့စကားယမထာကလည်း
အော်…အမိန့်နောက်သံယောင်လိုက်သွား

အမိန့် တုဖုံးထားတဲ့ အမေ့ရဲ့စကား
ရတနာသိုက် ညွှန်းလိုက်ပုံက

”ဟဲ့…ကောင်လေး၊ မီးဖိုဘေးကပြာတွေ
သွား…အခုသွန်စမ်း”

(ကိုငြိမ်း)

***ကဗျာခေါင်းစဉ်လည်း မသိဘူးဗျ***