ကိုယ်ငယ်ငယ်တုန်းက တနေ့မှာ အမစာအုပ်ထဲကနေ စာရွက်ခေါက်လေးတခု ထွက်ကျလာလို့ ကောက်ယူကြည့်လိုက်တော့ ကဗျာလေးရေးထားတာ ဖြစ်နေတယ်။ ဒါနဲ့ အမကို ဖတ်ကြည့်ရမလားဆိုတော့ ဖတ်ခွင့်ပေးတယ်။သူလည်း ကြိုက်လို့ သူများဆီက ကူးထားတာတဲ့။
ကိုယ်လည်း ဖတ်ကြည့်လိုက်တော့ လတွေရော၊ ကြယ်တွေရော၊ ပန်းတွေရော၊ ရေတွေရောနဲ့ ဘယ်လိုလေးမှန်းမသိဘူး။ ကဗျာလေးက အရမ်းချစ်စရာကောင်းလွန်းနေတယ်။ နောက်ပြီး စာတပိုဒ်ဆုံးတိုင်း "နော့" "နော့" ဆိုတာလေးကလည်း ဘယ်လိုလေးမှန်းမသိဘူးပေါ့။ အဲလိုနဲ့ တောင်းကူးထားလိုက်တာပေါ့။ တကယ်တော့ အဲ့ဒီကဗျာကို အမဆီကနေ ကူးခွင့်တောင်းတုန်းက အမှန်ပြောရရင် ဘာဆိုလိုမှန်း နားမလည်ဘူး။ နောက်ပြီး အဲဒီအမက လက်ရေးသိပ်လှတယ်။ ကဗျာလေးရယ် သူ့လက်ရေးရယ်က သိပ်လိုက်လွန်းတော့ ဖတ်ရုံတင်မက ကြည့်ရတာလဲ မျက်စိပသာဒရှိတယ်လို့ အဲ့ဒီတုန်းကအတွေးနဲ့ ခံစားမိတယ်။ ကူးထားတာတောင် အမရေးထားတဲ့ ပုံစံအတိုင်း လိုက်ကူးထားတာ။ သူ့လိုများ လှမလားလို့။ ဒါပေမယ့် အခုပြန်ဖတ်ကြည့်တော့ တမျိုးပဲ။ အရင်ကကြိုက်ခဲ့သလောက် မကြိုက်တော့သလိုပဲ။ ဒါပေမယ့်လည်း ဒီဘလော့ပေါ်မှာ အမှတ်တရလေးအနေနဲ့တော့ တင်ထားချင်မိတယ်။ ခေါင်းစဉ်လေးက ချစ်သူအတွေး တဲ့။
* ' လမင်းက အရှင်
ကြယ်စင်က ကိုယ် ဆိုပါတော့
မြေကမ္ဘာ ပတ်ချာဝိုက်လို့
လိုက်ပါ့မယ် နော့'
* 'နှင်းဆီက ကလျာ
ဆူးညှာက ကိုယ် ဆိုပါတော့
ရွှေလိပ်ပြာ တောင်ပံကားကို
တားပါ့မယ့် နော့'
* 'ဗေဒါက သခင်
ရေပြင်က ကိုယ် ဆိုပါတော့
သောင်မတင် လိုရာကြွအောင်
ဆောင်ပါ့မယ် နော့'
* 'သို့ပေမယ့်
ကြွေပွင့်က ချစ်နှမ
အပင်က ကိုယ် သာလျှင်
ဖြစ်ချင်ဘူး ကိုယ်တွေး'
* 'ကြွေပွင့်ငယ် ချာချာဝဲ
လေထဲမှာ ပျံ ပျံ ကာ
သင်လွင့်ရာ ကိုယ်မကြွနိုင်ဘု
အထီးကျန် မျက်ရည်စငယ်နဲ့
လွမ်းရမယ်လေး'...။