အကြွေးဆိုတာ ကိုယ့်အတွက်တော့ ကြာလေကောင်းလေများဖြစ်နေမလားမသိ။ တက်ဂ်ခံလိုက်ရတိုင်း နောက်ကျခါမှ မြင်မြင်နေတတ်သည်။ ခုလည်း ကန်ဒီတက်ဂ်ထားတဲ့ သြဂုတ်လထဲကပိုစ့်ကို ခုမှတွေ့သည်။ ဘာပဲပြောပြောပါလေ ခုသိတော့ ခုဆပ်ရုံပေါ့... နော့။
နိုင်ငံအပြင်ရောက်တော့ မြန်မာစာအုပ်ဆိုတာတွေနဲ့ဝေးခဲ့ရသည်။ အိမ်မှာရှိတဲ့စာအုပ်တွေကိုလည်း ကီလိုမျက်နှာနဲ့ ယူမလာနိုင်။ စာငတ်တာလောက်ခံရခက်တာဘာမှမရှိဘူးလို့တောင်ထင်မိတယ်။ အဲဒီမှာ သူငယ်ချင်းလေး ကောင်းမှုနဲ့ ပိုစ့်လေးတပုဒ် ကိုစမြင်ဖူးခဲ့ရသည်။ အဲ့ဒါကို ဘလော့လို့ခေါ်မှန်းလည်းမသိ။ ဘာဆိုဘာမှန်းကိုမသိ။ အဲ့အချိန်မှာ ကိုယ်သိတာတခုပဲရှိတယ်။ ငါမြန်မာလိုဖတ်လို့ရဘီဆိုတာပါပဲ။ ဖတ်ဖတ်ချင်းကိုပဲ ဇာတ်လမ်းရော အရေးအသားကိုရော အရမ်းကိုသဘောကျသွားမိသည်။ အဲ့ပိုစ့်ဖတ်လိုက်ရတဲ့အချိန်မှာ ခံစားရတဲ့ပျော်ရွှင်မှုကို အခုပြန်တွေးရင် ကိုယ်အခုပြန်ရတယ်။
အဲဒီဘလော့ကမှတဆင့် တခြားဘလော့တွေကို သွားလည်တတ်လာခဲ့တယ်။ တခုခုဆို ခြေလွန်လက်လွန်ဖြစ်တတ်တဲ့ကိုယ်ဟာ ဘလော့ဖတ်သူအဖြစ်ကို အချိန်ပြည့်ကိုရောက်သွားတော့တာပါပဲ။ အဲဒီတုန်းကဘလော်ဂါတွေကလည်း ရေးအားတော်တော်လေးကိုကောင်းကြပါတယ်။ တရက်လောက်လွတ်သွားရင် လိုက်ပေတော့ပဲ။ ဖဘ ကလည်း ခေတ်မှမစားသေးတာကိုးလေ။ ဘလော်ဂါတွေကို တိမ်းပွေအောင်လုပ်တဲ့ ဖဘကို ကိုယ်မုန်းတယ်။ သူ့ကြောင့် စာသိပ်မရေးဖြစ်ကြတော့သလိုလဲ ခံစားရတယ်။
ခုထက်ထိကိုယ်လွမ်းနေတဲ့ဘလော်ဂါတွေရှိတယ်။ မင်းတစေဆိုတဲ့ဘလော့ဂါကတော့ ကိုယ့်အကြိုက်ဆုံးပဲ။ ခုတော့သူမရေးတော့ဘူးတဲ့။ နောက်တခုက မလေးမ နဲ့ မဂျစ်တူး။ သူတို့လည်း မရေးကြတော့ဘူး။
လက်ရှိရေးနေတဲ့သူတွေထဲမှာ ကိုယ်အကြိုက်ဆုံးက ရီတာကို နဲ့ အမ ရွှေပြည်သူ ပဲ။
အသစ်တွေထဲက ကိုယ်မိတ်ဆက်ပေးချင်တာက (တကယ်တော့ ကိုယ်လဲအသစ်ပါပဲ။) အီးတီ။ ကိုယ်သိတဲ့ ဘလော့အသစ်က ဒါပဲရှိတာမို့ပါ။
ဘလော်ဂါတွေ စိတ်သွားတိုင်းလက်ပါစွာ စာရေးနိုင်ကြပါစေ။
Saturday, 24 September 2011
Saturday, 13 August 2011
စိတ်ရေပြင်ပေါ်က အတိတ်ခြေရာများ... ၁
ကျောင်းပေါက်ဝကိုရောက်တော့ ကိုယ်တို့ စီးလာသည့်ကားကြီးက ကဆုန်ဆိုင်းလာရာမှ ရုတ်တရက် ရပ်တန့်ပေးသည်။ ကျောင်းသား နှစ်ယောက် ယောင်နနနှင့် ဆင်းလာကြသည်။ ကိုယ်နဲ့ ကိုယ့်သူငယ်ချင်းပေါ့။
အစိမ်းရောင်နောက်ခံမှာ အဖြူရောင်စာသားတွေနဲ့ရေးထားတဲ့ သစ်တောကျောင်းဆိုတာ ကိုယ်တို့တက်ရမယ့် ကွန်ပြူတာကောလိပ်တဲ့။
ကျောက်စရစ်ခင်းထားတဲ့ ဝင်ပေါက်ကိုကျော်လာတော့ မြေနီလမ်း မကျဉ်းမကျယ်လေးက တမျှော်တခေါ် ဆီးကြိုနေသည်။ ကျောင်းပထမနေ့ဆို၍ ဝတ်လာသည့်ထမီနှင့် ဒီလမ်းကိုလျောက်ဖို့ တော်တော်လေးတော့စိတ်ညစ်သွားမိသည်။ အမေ့ဘီဘဲလ်ထမီက ခြေထောက်အလွန်ရှသည်။ ဒါပေမယ့် လမ်းကလေးအင်မတန်သာယာတာကိုတော့ စိတ်ညစ်ညစ်နှင့်ပင် သတိထားလိုက်မိ၏။
တလမ်းလုံးမှာ ကိုယ်တို့နှစ်ယောက်နဲ့ သစ်ပင်တွေချည်းပဲရှိသည်။ တာရိုးဖို့ထားသလိုလမ်းမြင့်မြင့်လေးနှင့် ယူကလစ်ပင်ကြီးတွေ၊ ဘေးတဖက်တချက်မြေအနိမ့်မှာ သီဟိုပင်တွေမျက်စေ့တဆုံး...။ လမ်းဆုံးရွာတွေ့ထုံး နှလုံးမူရင်း ဆက်လျောက်လာကြရာ တော်တော်လေးလှမ်းတော့ လမ်းကလေးက ညာဖက်ကို လမ်းသွယ်လေးတခုအဖြစ်ချိုးသွားသည်။ လှမ်းကြည့်လိုက်တော့ တိုက်တန်းပုလေးတလုံး။ လူကတယောက်မှမရှိ။ ဒါနဲ့မဖြစ်ချေဘူးဆိုပြီး ဆက်လျောက်ကြပြန်သည်။
ဒီတခါတော့ နောက်ထပ်လမ်းချိုးလေးတွေ့ဖို့အတွက် သိပ်မလျောက်ရတော့ပါ။ ဒီလမ်းလေးကတော့ နည်းနည်း ပိုရှည်သည်။
ကိုယ်တို့နှစ်ယောက်သား ရှေ့ဆက်လျောက်ရမလား ညာချိုးရမလား စဉ်းစားရင်း ညာဖက်ကိုကြည့်လိုက်မိတော့ အဆောက်အဉီလေးတွေ စီရရီ နှင့် လူငယ်တချို့ကို စတွေ့လိုက်ရ၏။ ဆက်လျောက်ဖို့အကြံကို စွန့်လွှတ်လိုက်ပြီး ညာဖက်ကိုပဲချိုးလိုက်ကြသည်။ ဒီလမ်းသည် ကိုယ့်ဘဝကို တဆစ်ချိုးပေးလိုက်တဲ့ ပထမဆုံး လမ်းချိုးလေးမှန်း နောက်များမှာတော့ သိလာရသည်။
ဒီလမ်းသွယ်လေးက တိုပါသည်။ ဆက်လျောက်သွားတော့ ဘယ်ဘက်မှာ ပျဉ်ထောင်အိမ် အမဲလေးတလုံးနှင့် ညာဖက်မှာ တိုက်တန်းလျားလေးတခု။ စာသင်ဆောင်ကတော့ ပျဉ်ထောင်အိမ်တော့မဟုတ်လောက်ဟု ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ကာ တိုက်တန်းလျားလေးဖက် ထပ် ချိုးလိုက်သည်။ မြေနီလမ်းကနေ လူတယောက်လျောက်စာ ကျောက်စရစ်လမ်းလေးဆီသို့ နိမ့်ဆင်းသွားရာအဆုံးတွင် ကိုယ်တို့တက်ရမည့် နှစ်ခန်းတွဲ စာသင်ခန်းရှိပါသည်။ တခန်းက ကျောင်းရုံးခန်းလုပ်ထားတော့ စာသင်ခန်းက တခန်းထဲပေါ့။
ကွန်ပြူတာတွေကို ဘယ်မှာထားမှန်းတော့ မသိသေးပေ။
*****
(ဆက်ရန်)

Friday, 12 August 2011
ကန်ဒီ့ အတွက်
ဘာတွေကြိုက်ပါလိမ့်လို့ စဉ်းစားလိုက်တော့...
အရောင်ဆိုရင် နုနုမှိုင်းမှိုင်းလေးတွေကြိုက်ပေမယ့် ကိုယ်နဲ့ကမလိုက်ဘူး။ တောက်ချင်သလိုတောက် ဝတ်လို့ရတယ်၊ မှိုင်းပြီဆို ရှေ့မှာခွက်သာလာချလိုက် ကွက်တိ ဆိုသလိုဖြစ်သွားတာ။ တချို့တွေများ မှိုင်းမှိုင်းလေးတွေဝတ်လဲ ရုပ်ထွက်တယ်။ တကယ်က အရောင်ကိုအားလုံးနီးပါးကြိုက်ပါတယ်။ အညိုကိုတော့ ပိုဝတ်ဖြစ်သလိုပဲ။ ဂျင်းဘောင်းဘီ တီရှပ်၊ ခါးတင်ရင်ဖုံး ကြယ်သီးဆန်းဆန်း လုံချည်ခြေဒလျင့်တိုက်ကြိုက်တယ်။ လက်ထိုး ဆွယ်တာကြိုက်တယ်။ သနပ်ခါးကြိုက်တယ်။
အစားအစာဆို ဒညင်းသီး၊ စပျစ်သီး၊ ဒူးရင်းသီး၊ ချယ်ရီသီး၊ ထောပတ်သီး၊ ပီဇာ၊ ကော်ဖီနဲ့ ရှမ်းစာတွေဆို မငြင်းဘူး။ လိုင်ချီးဝိုင်နဲ့ ဂျင်းဝိုင်ကြိုက်တယ်။ ငပိရည်ပျစ်ပျစ်ကို တို့စရာ ကဒက်ချဉ်၊ ကြောင်လျာချဉ်၊ ပဲပင်ပေါက်၊ သရက်သီးကင်းလေးတွေနဲ့ ဝက်သားနီချက်ကို ပဲနီလေးဟင်းချိုလေးနဲ့ စားရမှာ ကြိုက်တယ်။ ပူရီကြိုက်တယ်။ ဒိန်ချဉ်နဲ့ မလိုင်မုန့်အကုန်နီးပါးကြိုက်တယ်။ မေမြို့က ရှမ်း(မ်) ဆိုင်ဆို တဆိုင်လုံးဝယ်ချင်တယ်။
တောင်ပေါ်မြို့မှာ သစ်သားအိမ်လေးနဲ့နေရမှာ ကြိုက်တယ်။ စမ်းချောင်းလေးရှိတာကြိုက်တယ်။ တောပန်းလေးတွေကြိုက်တယ်။ အနံ့သင်းသင်းနဲ့ပန်းလေးတွေကြိုက်တယ်။ ဒါပေမယ့် ဘိန်းပန်း အကြိုက်ဆုံး။ ထင်းရှူးပင်ကြိုက်တယ်။
သူများအတွက်၊ ကိုယ့်အတွက်မျှစဉ်းစားတဲ့သူကိုကြိုက်တယ်။ အများအတွက်သက်သက်၊ ကိုယ့်အတွက်ပဲသက်သက် ကြည့်တဲ့သူကို မကြိုက်ဘူး။ ကိုယ့်လစ်မစ် ကိုယ်သိတဲ့သူကို ကြိုက်တယ်။ စကားကို ဟိုပို့ဒီပို့သဘောမျိုးမဟုတ်ပဲ ပြောသင့်တယ်ထင်လို့ ပြောတတ်တဲ့သူကို သဘောကျတယ်။ မျှကြည့်တတ်တဲ့သူကို ကြိုက်တယ်။
စာဖတ်ရတာကြိုက်တယ်။ အမြင်တွေဖလှယ်ရတာကြိုက်တယ်။ ပန်းအိုးထိုးရတာကြိုက်တယ်။ ပန်းခူး၊ အသီးခူးရတာကြိုက်တယ်။ စိတ်လိုလက်ရရှိရင် အိမ်ရှင်းရတာကြိုက်တယ်။ ပရိဘောဂတွေ နေရာရွှေ့ရတာကြိုက်တယ်။ သစ်ပင်တက်ရတာကြိုက်တယ်။ မြေပေါက်ရတာကြိုက်တယ်။ ခြံရှင်းရတာကြိုက်တယ်။
အင်း... ဒါအကုန်ပဲထင်တယ်။

Tuesday, 9 August 2011
မမ မိုး အတွက်...
စာမရေးဖြစ်တာ တော်တော်ကြီးကို ကြာနေပါပြီ။ ဘလော့ လည်တာတွေလည်း ရပ်ထားတော့ ဒီရပ်ဝန်းလေးထဲမှာ ဘာတွေဖြစ်နေမှန်းကို အဆက်အသွယ်ပြတ်သွားခဲ့တယ်။ ကိုယ့်စိတ်ကိုယ် နိုင်ပြီထင်လို့ ဘလော့ဂင်းပြန်လုပ်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီမှာတင် အကြွေးတခုနဲ့ မကြွေးတကြွေးတခု တင်နေမှန်း သိလိုက်မိတယ်။
အကြွေးစစ်စစ်တခုက ညီမလေး Candy ရဲ့ တက်ဂ်ကြွေးပါ။ မကြွေးတကြွေးက မမ မိုးရဲ့ မတက်ဂ် တတက်ဂ် ကြွေးပါ။
ဘယ်ဟာကို အရင်ဆပ်ရင်ကောင်းမလဲစဉ်းစားတော့ မမ မိုးက July 12 ကတည်းကဆိုတော့ အရင်ဆပ်ရမှာပါ။ မဟုတ်ရင် အတိုးတက်လာမလားလို့။ ဒါပေမယ့်လည်း ပို့စ်အောက်ဆုံးမှာ တက်ဂ် ပြန်ဖြုတ်ကြောင်း ပါလာပါတယ်။ ပင်ပန်းမှာစိုးလို့ပါတဲ့။ အပင်ပန်းခံပလိုက်ပါ့မယ်။
ကိုယ့်ဆီမှာလည်း ရေးပေးပါ ဆိုတဲ့ စာအုပ်တအုပ်ရှိပါတယ်။ ရန်ကုန်အိမ်မှာကျန်ခဲ့ပါရောလား။ ကိုယ်လဲ အဲ့ဒါမျိုးလေးတွေကို အရမ်းဝါသနာပါ ပါတယ်။ သူငယ်ချင်းတွေရဲ့ လက်ရေးလေးလဲ အမှတ်တရ သိမ်းထားလို့ရတာပေါ့လေ။ ပေါက်ကရရေးထားတာတွေကျရင်လည်း ကောက်ရိုးမီးဒေါသထွက်ရတာပေါ့။
လာပါဘီ... မမ မိုးအတွက်
မမ မိုးရေ...
ပျော်စရာလေးဖြစ်အောင်ရေးလိုက်ပါတယ်။ စိတ်ဆိုးစရာများ ပါသွားခဲ့ရင် မေးလ်ပို့လိုက်ပါနော်။

ကိုယ့်နာမည် |း ကက်သရင်း ဒရူးဘယ်ရီ ဇီတာမိုးဂျုန်း |
ကိုယ့်ကိုသူငယ်ချင်းတွေက ဒီလိုခေါ်တယ် |းခြင်သေ့ |
ကိုယ့်ကိုကိုယ့်ဒီလိုခေါ်တယ် |း ဟေ့ရောင် |
ကိုယ့်ကိုဒီနေ့မှာမွေးတယ် |းဗိုလ်ချုပ်ထက် ၃ရက်ကြီးတယ် |
ကိုယ်ဒီမှာနေတယ် |း အိမ်ဖြူတော် |
ကိုယ့်ဆီဖုန်းဆက်ချင်ရင် |း ဆက်ကရီထေရီ ကို အရင်ဆက် |
ကိုယ့်အကြိုက်ဆုံးတွေက | |
အရောင်ဆိုရင် |း နုတောက်တောက် |
အဝတ်အစားဆိုရင် |းအီဂျစ်မံမီဒီဇိုင်း |
ဆံပင်ပုံစံ |း ကတုံးရှည်ရှည် |
ဆံပင်အရောင် |း အနက်နုနု |
စားစရာ |း မညှီရင်ပြီးရော |
သောက်စရာ |း ပင်ကျရည် |
ပစ္စည်း |း စာအုပ် |
ပန်း |း ဘိန်းပန်း |
လိုချင်တဲ့လက်ဆောင် |း မရှိ |
အကြိုက်ဆုံးမင်းသား |း နတ်ရှင်နောင် |
အကြိုက်ဆုံးမင်းသမီး |း ဆင်ဖြူမရှင် |
ရုပ်ရှင်၊ဗီဒီယိုဇာတ်ကား |း ကိုယ့်ကား |
တီဗွီအစီအစဉ်၊ဇာတ်လမ်းတွဲ |း မကြည့် |
အဆိုတော် |းခြင်သေ့ |
သီချင်း |း လူနားလည်အောင်ဆိုနေသရွေ့နားထောင်တယ် |
ဝတ္ထု |း စိတ်ခံစားမှုပေါ်မှာမူတည်တယ် |
ဂျာနယ်၊ မဂ္ဂဇင်း |း ဘောလုံးနဲ့ ဆေးအကြောင်းကလွဲ အကုန်ဖတ် |
အကြိုက်ဆုံး ကာတွန်းဇာတ်ကောင် |း ဘာဘီကလွဲရင် |
အရုပ် |း ခွေးရုပ် |
ဂိမ်းကစားနည်း |း ထုပ်စည်းထိုး |
အားကစား |း မအားပါ |
အကြိုက်ဆုံးစာရေးဆရာ |း စိတ်ခံစားမှုပေါ်မှာမူတည်တယ် |
အလေးစားဆုံးပုဂ္ဂိုလ် |း မာဿာမေရီ |
ကိုယ်ကြိုက်တဲ့ဘဝပုံစံ |း မှန်ထဲကပုံရိပ်ကို မရွံမရှာချစ်ချစ်ခင်ခင်ကြည့်နေနိုင်တဲ့ဘဝ |
ကိုယ့်ရဲ့အချစ်ဆုံးသူ |း မသိ |
အမုန်းဆုံးသူ |း မရှိ |
အချစ်ဆုံးတိရစ္ဆာန် |း အောက်ကနှစ်ကောင်က လွဲ၍ |
အမုန်းဆုံးတိရစ္ဆာန် |း ကြမ်းပိုး၊ ပိုးဟပ် |
အပျော်ဆုံးနေ့ |း စိတ်ချမ်းသာတဲ့နေ့၊ နောင်တကင်းတဲ့နေ့ |
ဝမ်းအနည်းဆုံးနေ့ |း အပေါ်ကနဲ့ပြောင်းပြန့် |
ရင်အခုန်ဆုံးအချိန် |း မှန်းလို့မရတဲ့ အဖြေတွေ သိရမယ့်အချိန်များ |
ကိုယ့်ရဲ့ဝါသနာ |း နေရာအနှံ့လျောက်သွားချင်ခြင်း (မသွားဖြစ်) |
ကိုယ်စုဆောင်းတဲ့ ပစ္စည်းတွေက |း တိုလီမုတ်စ ဘာမှန်းမသိများ |
ကိုယ်ကျွမ်းကျင်တဲ့အတတ်ပညာ |း အားလုံးနီးပါဆိုတော့ တခုချင်းပြောဖို့ခက်တယ်ကွယ် |
ကိုယ့်ရဲ့ ရည်မှန်းချက် |း ကလေးလေးတွေ အေးချမ်းစေချင်တယ် |
ကိုယ့်ရဲ့အိပ်မက် |း လမ်းပန်းဆက်သွယ်ရေးကောင်းမွန်တဲ့နေ့ အမိမြန်မာနိုင်ငံရောက်ဖို့ |
အားလပ်ချိန်ကိုဒီလိုသုံးတယ် |း အိပ်၊ စာဖတ်၊ စဉ်းစား |
ကိုယ့်ကိုကိုယ်ဒီလိုမြင်တယ် |း ကိုယ့်ကိုယ်ကိုယ်ကြည့်ဖို့မှန် ပြဒါးသုတ်လို့မပြီးသေးဘူး |
စိတ်ညစ်ရင်လုပ်တတ်တဲ့အပြုအမူ |း အိပ် |
ပျော်ရင်လုပ်တတ်တဲ့အပြုအမူ |းစကားပေါက်ကရ တောင်မရောက်၊ မြောက်မရောက်တွေ လျောက်ပြောတယ် (အရမ်းခင်တဲ့သူတွေကို) |
၅ မိနစ်သာ အသက်ရှင်ရတော့မယ်ဆိုရင် လုပ်မယ့်အလုပ် |း ရေချိုးပြီး (အလှပြင်၊ ရေမွှေးဆွတ်ကာ အဝတ်လှလှ၊ သစ်သစ်ဝတ်၍) ပက်လက်ကလေးလှဲအိပ်နေလိုက်တော့မယ်။ (နှစ်သက်လွန်း၍ ဖြည့်စွက်ကာရေးပါသည်။) |
သိန်း ၁၀၀၀ ထီသာပေါက်ခဲ့ရင် |း နည်းလိုက်တာ |
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင် တောင်းမယ့်ဆု |း အသည်းကြီးကြီးရှိပါစေ။ |
ဘဝမှာ အရေးကြီးဆုံးက |း စိတ်ထားတတ်ဖို့ |
သူငယ်ချင်းဆိုတာ |း ကိုယ်ဘာကြောင့်ငိုတယ်၊ ဘာကြောင့်ရီတယ် အနီးစပ်ဆုံး ခန့်မှန်းတတ်တဲ့သူ |
အချစ်ဆိုတာ |း ရရစ်နဲ့ပဲကောင်းပါတယ် |
အမုန်းဆိုတာ |း ဇာတ်ရံ လူမုန်း ချစ်ဖို့ကောင်းတာတော့သိတယ် |
ဘဝဆိုတာ |း အစမသိခဲ့... အဆုံးမသိတော့ |
တယ်လီဖုန်းဆိုတာ |း ပိတ်ထားဖို့ |
အင်တာနက်ဆိုတာ |း ကူးစက်လွယ်ကုရခက်ရောဂါတမျိုး |
ကွန်ပျူတာဆိုတာ |း ဝယ်ရင်အရင်းကြီးသလောက် ရောင်းရင်ရှုံးတဲ့ ကုန် |
မင်းအပေါ်ကိုယ့်ရဲ့အမြင် | |
မင်းရဲ့စတိုင်လ် |း အင်းးးးးးးးးး ခက်သားလား အမရယ် |
ဥာဏ်ပညာ |း အင်းးးးးးးးးး အီးကရူလား အိုင်ကရူလား ဘာမေးလဲ စဉ်းစားနေဆဲ |
အကျင့် |း စာမှာတွေ့ရသလောက် ကောင်းမွန်ကြောင်းထောက်ခံပါသည်။ |
စိတ်ဓာတ် |း စာမှာတွေ့ရသလောက် ကောင်းမွန်ကြောင်းထောက်ခံပါသည်။ |
ခြုံပြောရရင် |း မမ မိုးသည် စတိုင်ပျောက်၍ ဉာဏ်ရည်နှစ်မျိုးလုံး စဉ်းစားဆဲရှိကာ အကျင့်နှင့် စိတ်ဓါတ် မှာ ဖတ်မှတ်ရသမျှ ကောင်းမွန်ကြောင်းထောက်ခံပါသည်။ |
မင်းနဲ့ကိုယ့်ရဲ့ အမှတ်တရဖြစ်ရပ် |း ကွန်မန့်လေး စတွေ့တဲ့နေ့ |
ကိုယ့်ရဲ့လက်စွဲဆောင်ပုဒ် |း This, too, will pass. |
မင်းအတွက်စကား |း လုပ်ချင်တာ၊ လုပ်သင့်တာ၊ လုပ်နေတာ သုံးခု အမြဲထပ်တူကျနိုင်ပါစေ။ |
ကိုယ်ရဲ့လက်မှတ် |း PV |
ဒီစာရေးတဲ့နေ့ |း စင်ကာပူ အမျိုးသားနေ့ (အမျိုးသမီးများမပါ) |
ပျော်စရာလေးဖြစ်အောင်ရေးလိုက်ပါတယ်။ စိတ်ဆိုးစရာများ ပါသွားခဲ့ရင် မေးလ်ပို့လိုက်ပါနော်။
Saturday, 2 July 2011
အစာမကြေခြင်း
စာမရေးတာကြာနေပေမယ့် ခေါင်းထဲမှာတော့ အတွေးတွေက အများကြီးရယ်ပါ။ ချမရေးဖြစ် ဖြစ်နေတာပဲရှိတယ်။ လုပ်မယ်လို့ရည်စူးပြီး မလုပ်ဖြစ်တဲ့သူတွေထဲမှာ ကိုယ်ကထိပ်ဆုံးကပဲ။ အဲ့ဒီလိုမဖြစ်ချင်ပေမယ့် ဖြစ်ဖြစ်နေမိတယ်။
ဒီနေ့ ရီးဒါးဒိုင်ဂျက်စ် ရောက်လာတော့မှ ရီးဒါးဒိုင်ဂျက်စ် အေးရှားကို စာပို့မယ်လုပ်ပြီး မပို့ဖြစ်သေးတာ သတိရသွားတယ်။ ဂျွန်လမှာပါတဲ့ သူတို့ စာတပုဒ်ကို သဘောမကျလို့ပါ။ အစားအသောက်အကြောင်းရေးထားတာပါ။ အာရှရဲ့ လမ်းမတန်း၊ တိတိကျကျပြောရရင် လမ်းဘေးအစားအသောက်တွေအကြောင်းပေါ့။ အဲ့ဒီစာပုဒ်ရဲ့ စစချင်းမှာ မြန်မာနိုင်ငံက ဈေးဆိုင်တွေပုံကို တင်ထားပါတယ်။ နိုင်ငံအမည်ရော အစားအစာအမည်ပါ ပုံမှာ မပါပါဘူး။ ပုံရဲ့ ကပ်(ပ်)ရှင်က "A typical busy street food scene in Asia" ပါတဲ့။ ထားပါလေဆိုပြီး ဆက်ဖတ်ပါတယ်။
စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား နဲ့ တိုင်ဝမ်က စားစရာတွေအကြောင်းကို နိုင်ငံတခုချင်းစီကို ခေါင်းစဉ်တပ်ပြီး ရေးထားပါတယ်။ အဲ့ဒီပုံတွေမှာ ကပ်(ပ်)ရှင်ကို နိုင်ငံအမည်နဲ့ အစားအစာအမျိုးအမည်နဲ့ပါ အတူတကွ ထိုးပါတယ်။ ပထမတော့ အော်...မြန်မာပြည်ကို သွားရလာရတဲ့အခါ သတင်းထောက်ဆိုသွားရခက်တော့ မသိနိုင်ဘူးပေါ့လို့တွေးမိပါတယ်။ ဒါပေမယ့် တကယ်တန်းသေချာပြန်စဉ်းစားကြည့်တော့ ရန်ကုန်ဆိုတာလောက်တော့ ပုံမှာထည့်ပေးသင့်ပါတယ်။ ဘာမြို့ဆိုတာလေးတောင် မထည့်ပေးနိုင်လောက်အောင် မြန်မာဟာ အာရှမှာ လူမသိသူမသိဖြစ်နေလို့လား။ အဲ့ဒီဓါတ်ပုံကို ရိုက်ယူခဲ့တဲ့ သတင်းထောက်ကရော မသိဘူးလား။ မြန်မာ့ အစားအစာမှာ လူသိများတဲ့ အရာနည်းတယ်ဆိုတာဝန်ခံပါတယ်။ မလေးရှားဆို နာစီလမက်၊ ထိုင်းဆို သင်္ဘောံသီးသုပ်နဲ့ တုန့်ယမ်းဟင်းချိုဆိုတာ လူတော်တော်များများသိကြပါတယ်။ ဒါပေမယ့် ခုဆောင်းပါးက အာရှက အစားအစာတွေကိုမိတ်ဆက်ပေးတဲ့ စာပါ။ ကိုယ်တော်တော်လေးကိုခံပြင်းမိတယ်။
ဆောင်းပါးမှာ အဲ့ဒီဓါတ်ပုံလည်းမပါ၊ မြန်မာနိုင်ငံကအစားအစာအကြောင်းလည်းမပါ ဆိုရင် ကိုယ်ဘာမှမပြောလိုပါဘူး။ သူတို့မှာ မြန်မာနိုင်ငံကိုသွားဖို့ အခက်အခဲရှိမှာပေါ့လေလို့ တွေးပေးလို့ရပါသေးတယ်။ ခုတော့...။
ခုပဲ ဂျူလိုင်လရောက်နေပါပြီ။ သိပ်နောက်မကျသေးခင် ရီးဒါးဒိုင်ဂျက်စ်ကို စာရေးဖြစ်ဖို့ကြိုးစားအုန်းမယ်။ ဘာမဟုတ်တာလေးနဲ့ အပိုတွေရေးနေသေးတယ်ပြောရင်လဲ ပြောတာခံရုံပါပဲ။ ကိုယ်ကတော့ လုံးဝမကျေနပ်ဘူး။
တွေးမိတာနောက်တခုကတော့ ချက်နည်းကိုမေးရင် စေ့စေ့ငှငှ ဖြေနိုင်လောက်တဲ့ အင်းဂလိပ်စာ မကြွယ်ဝလို့လားဆိုတာပါ။ အတွေးတွေကတော့ တော်တော်များသွားတယ်။ တင်ထားတဲ့ ပုံက မုန့်ဟင်းခါးဆိုင်ပုံပါ။ ဒါပေမယ့်လည်း ဒါသည် သူတို့အလုပ်၊ နည်းရအောင်ရှာသင့်တယ်ဆိုတာလည်း ဆက်တွေးမိသွားပြန်ရော။ မီးခိုးမဆုံး မိုးမဆုံး အတွေးအမျှင်တွေတန်းသွားစေတဲ့ ဆောင်းပါးတခုပါပဲလေ။

Sunday, 19 June 2011
DADDY
အဖေ့မွေးနေ့တုန်းက မွေးနေ့ကဒ်မှာ ကူးပေးလိုက်တဲ့ ကဗျာလေးပါ။
(စာသားအတိအကျတော့မဟုတ်ပါ)..."တဖက်ကရှေ့နေက ဖေဖေဖြစ်နေမှတော့ သမီးအတွက် ဘယ်ရှေ့နေမဆို မထူးတော့ပါဘူး" ဆိုတဲ့ စာသားလေးက ဂျူးရဲ့ ကြေမွသွားသော တိမ်တိုက်များအကြောင်း ဝထ္တုထဲက ဇာတ်ဆောင် ဖြူက သူ့ဖေဖေရှေ့နေကြီးကို ပြောတဲ့ စကားလေးပါ။ မြနှင်းဆီ ရဲ့ ရှေ့နေအဖြစ် သူ့ဖေဖေကလက်ခံလိုက်တဲ့အခါ သူ့ချစ်သူ မြတ်စုအတွက် ဘယ်ရှေ့နေမှ အမှုနိုင်အောင် လိုက်ပေးနိုင်တော့မယ်လို့ သူမထင်တော့တဲ့ အချိန် သူဒီလိုပြောလိုက်တာပါ။ အဲ့ဒါလေးကို စဖတ်ရတုန်းက အဖေ့ကို အရမ်းသတိရသွားတယ်။ ဖတ်တိုင်းလည်း အဲ့နေရာရောက်ရင် အဖေ့ကို ပိုပိုလွမ်းတယ်။
မိခင်က နူးညံ့ခြင်းတွေနဲ့ ဘဝကို သားသမီးတွေရဲ့ရှေ့မှာ ပုံဖော်ပြချိန်မှာ ဖခင်က ရဲရင့်ခြင်းတွေနဲ့ ဘဝကို ရင်ဆိုင်နိုင်အောင် သင်ကြားပေးကြပါတယ်။ ဒါတွေက သဘာဝအလျောက်ကို သင်ကြားပေးနေကြတာပါ။ မိခင်၊ ဖခင်တွေကလဲ သူတို့ကိုယ်တိုင်မသိလိုက်ဘဲနဲ့ကို လုပ်ဆောင်မိနေကြတာပါတဲ့။ ဖတ်ဖူးတဲ့ စာတအုပ်ထဲကနေ မှတ်မိသလောက်ပြန်ရေးတာပါ။ ဘယ်သူမှ ဘယ်လိုနူးညံ့အောင်၊ ရဲရင့်အောင် သင်ပေးလိုက်မဟဲ့ဆိုပြီး ဖတ်စာအုပ်ကိုင် သင်ကြားကြတာတော့ မဟုတ်ပါဘူး။
အဲ့ဒါကြောင့် အဖေအုပ်ထိန်းမှုနဲ့ ဝေးကွာကြီးပြင်းလာကြရတဲ့ သူတွေမှာ များသောအားဖြင့် လူတောသူတောတိုးဖို့ မဝံ့ရဲကြဘူးလို့ဆိုပါတယ်။ အကြောက်တရားလည်း ကြီးကြပါတယ်တဲ့။ ကိုယ်က စာအုပ်ဖတ်မိလို့ သူတို့ပြောတဲ့ သဘောတရားတွေ ကိုယ့်မှာလာတိုက်ဆိုင်ရင်၊ ကိုယ့်ကိုယ်ကိုနဲ့နှိုင်းကြည့်လို့ ဟုတ်နေရင် အများအားဖြင့် လက်ခံမိတတ်တယ်။
ကိုယ့်ဘဝမှာ အဖေနဲ့နေခဲ့တဲ့နေ့ရက်တွေကို ရေကြည့်ရင် မွေးစကနေ ခုထိ နှစ်နှစ် သာသာပဲ ရှိမယ်ထင်ပါတယ်။ အဖေက အမြဲခရီးထွက်နေရတာကိုး။ ခရီးက ပြန်လာလည်း ရန်ကုန်ကို သွားသွားပြီး ရုံးတက်ရပြန်သေးတယ်။ ပြီးတော့ အဖေက စည်းကမ်းအရမ်းကြီးတော့ အဖေရှိနေရင် စိတ်ကျဉ်းကြပ်တယ်။ မလွတ်လပ်ဘူးလေ။ အမေက ခေါင်းတချက် ဝှေ့စာပဲ ရှိတယ်။ လိုတာရရော။ မရတာတွေတော့လည်း ရှိတာပေါ့လေ။ အဖေနဲ့ပတ်သက်လို့ မှတ်မှတ်ရရ အမေပြောပြတာတခုက ကိုယ်တနှစ်နီးပါး အရွယ်အဖေအိမ်ပြန်ရောက်လာတော့ ညအိပ်ဖို့ ကုတင်ပေါ်တက်မယ်လည်း လုပ်ရော ဘယ်က လူကြီးလည်း သွား...မလာရဘူး လို့ ကိုယ်ကမောင်းချတယ်တဲ့။ ကိုယ့်အဖေမှာ နှုတ်ခမ်းမွှေးရှိတယ်။ အဲ့ဒါကို ကြောက်တာလည်း ပါမလားမသိ။ ဒါနဲ့ အဖေက ပန်းသီးပြပြီး တက်ရမလားပြောတော့ ပေး...ပန်းသီး ဆိုပြီး ပန်းသီးတော့ယူထားပြီး လူကိုတော့ ကုတင်ပေါ် အတက်မခံဘူးတဲ့။ အဖေ့ခမျာ ဧည့်သည်အိပ်တဲ့ အခန်းမှာ အိပ်ရရှာတယ်တဲ့။ နောက်တော့လည်း သွေးကစကားပြောတာလား၊ ပန်းသီးတွေကပြောတာလားတော့ မသိဘူး။ အဖေနဲ့ ကိုယ်နဲ့တည့်သွားတာပါပဲ။ ကြီးလာတော့ ကိုယ်က အဖေနဲ့တူတူလာတယ်လို့ အမေကတော့ပြောတယ်။ အမှတ်မထင်လုပ်လိုက်တဲ့ အမူအရာကပါတူတယ်တဲ့။
အဖေဖုန်းဆက်ပြီဆိုလည်း သားသမီးလေးယောက်ထဲကမှ ကိုယ့်ကိုပဲ ပြောမယ်လို့ပြောပြီး အမေ့ကို ခေါ်ခိုင်းတတ်တယ်။ ကိုယ်ကလဲ အဲဒါတခုတော့ မကြိုက်ဘူးလေ။ ကျန်တဲ့ မောင်နှမတွေလည်း ပြောချင်ကြရှာမှာပေါ့။ ဒါပေမယ့် သူတို့ဘာမှမပြောရှာပါဘူး။ ကိုယ့်ဘာသာကိုယ် တယောက်ထဲမကျေမနပ်ဖြစ်နေမိတာ။ ဘယ်သူ့ကိုမှလည်းတော့ မပြောဖြစ်ပါဘူး။ တနေ့က ကိုယ့်ဆီကိုဖုန်းခေါ်တာ ခေါ်မရလို့ ကိုယ်နဲ့မပြောလိုက်ရပြန်ဘူး။ ကိုယ့်ဖုန်းက အဲလိုပဲ ခေါ်မရဖြစ် ဖြစ်နေတတ်လို့ သူငယ်ချင်းဖုန်းနံပါတ်ပါပေးထားရတယ်။
အခု ကိုယ်နေ့တိုင်း ဘုရားရှိခိုးနေတယ်။ အဓိက က အဖေ့အတွက်ပေါ့လေ။ တလောက အမေ့ဆီဖုန်းဆက်တော့ အဖေဒီတခေါက်ခရီးသွားတာ လေယာဉ်က အင်ဂျင်မီးလောင်လို့ အရေးပေါ်ပြန်ဆင်းရတယ်တဲ့။ တော်သေးတာက ဆင်းလို့ရတဲ့ အမြင့်မှာ လောင်လို့ပေါ့။ အဲဒါကို အဖေက အမေ့ကို ဖုန်းဆက်တော့ ညည်းတို့ လျော်ကြေးရတော့မလို့ လို့ပြောတယ်တဲ့။
အဖေဘေးရန်ကင်းပါစေ။ ကမ္ဘာပေါ်ရှိ ရှိရှိသမျှ အဖေများအားလုံးအေးချမ်းကြပါစေ။
You brought me up from just a child,
You held my hand when all went wild.
You laughed and played and sang me songs.
You never gave up when all things went wrong.
You taught me what's right and what was wrong.
You warned me of places where I didn't belong.
Now I've grown into what is me,
But I'm never alone because of your company.
Don't ever let go my hand you hold,
Just loosen the grip so I can be bold.
I love you. Daddy, more and more each day,
May be I'm realizing what you've brought my way.
Happy Birthday (Father's Day) to you and more to come,
Because your days are free with room to run.
KRISTINE TIPTON
*****(စာသားအတိအကျတော့မဟုတ်ပါ)..."တဖက်ကရှေ့နေက ဖေဖေဖြစ်နေမှတော့ သမီးအတွက် ဘယ်ရှေ့နေမဆို မထူးတော့ပါဘူး" ဆိုတဲ့ စာသားလေးက ဂျူးရဲ့ ကြေမွသွားသော တိမ်တိုက်များအကြောင်း ဝထ္တုထဲက ဇာတ်ဆောင် ဖြူက သူ့ဖေဖေရှေ့နေကြီးကို ပြောတဲ့ စကားလေးပါ။ မြနှင်းဆီ ရဲ့ ရှေ့နေအဖြစ် သူ့ဖေဖေကလက်ခံလိုက်တဲ့အခါ သူ့ချစ်သူ မြတ်စုအတွက် ဘယ်ရှေ့နေမှ အမှုနိုင်အောင် လိုက်ပေးနိုင်တော့မယ်လို့ သူမထင်တော့တဲ့ အချိန် သူဒီလိုပြောလိုက်တာပါ။ အဲ့ဒါလေးကို စဖတ်ရတုန်းက အဖေ့ကို အရမ်းသတိရသွားတယ်။ ဖတ်တိုင်းလည်း အဲ့နေရာရောက်ရင် အဖေ့ကို ပိုပိုလွမ်းတယ်။
မိခင်က နူးညံ့ခြင်းတွေနဲ့ ဘဝကို သားသမီးတွေရဲ့ရှေ့မှာ ပုံဖော်ပြချိန်မှာ ဖခင်က ရဲရင့်ခြင်းတွေနဲ့ ဘဝကို ရင်ဆိုင်နိုင်အောင် သင်ကြားပေးကြပါတယ်။ ဒါတွေက သဘာဝအလျောက်ကို သင်ကြားပေးနေကြတာပါ။ မိခင်၊ ဖခင်တွေကလဲ သူတို့ကိုယ်တိုင်မသိလိုက်ဘဲနဲ့ကို လုပ်ဆောင်မိနေကြတာပါတဲ့။ ဖတ်ဖူးတဲ့ စာတအုပ်ထဲကနေ မှတ်မိသလောက်ပြန်ရေးတာပါ။ ဘယ်သူမှ ဘယ်လိုနူးညံ့အောင်၊ ရဲရင့်အောင် သင်ပေးလိုက်မဟဲ့ဆိုပြီး ဖတ်စာအုပ်ကိုင် သင်ကြားကြတာတော့ မဟုတ်ပါဘူး။
အဲ့ဒါကြောင့် အဖေအုပ်ထိန်းမှုနဲ့ ဝေးကွာကြီးပြင်းလာကြရတဲ့ သူတွေမှာ များသောအားဖြင့် လူတောသူတောတိုးဖို့ မဝံ့ရဲကြဘူးလို့ဆိုပါတယ်။ အကြောက်တရားလည်း ကြီးကြပါတယ်တဲ့။ ကိုယ်က စာအုပ်ဖတ်မိလို့ သူတို့ပြောတဲ့ သဘောတရားတွေ ကိုယ့်မှာလာတိုက်ဆိုင်ရင်၊ ကိုယ့်ကိုယ်ကိုနဲ့နှိုင်းကြည့်လို့ ဟုတ်နေရင် အများအားဖြင့် လက်ခံမိတတ်တယ်။
ကိုယ့်ဘဝမှာ အဖေနဲ့နေခဲ့တဲ့နေ့ရက်တွေကို ရေကြည့်ရင် မွေးစကနေ ခုထိ နှစ်နှစ် သာသာပဲ ရှိမယ်ထင်ပါတယ်။ အဖေက အမြဲခရီးထွက်နေရတာကိုး။ ခရီးက ပြန်လာလည်း ရန်ကုန်ကို သွားသွားပြီး ရုံးတက်ရပြန်သေးတယ်။ ပြီးတော့ အဖေက စည်းကမ်းအရမ်းကြီးတော့ အဖေရှိနေရင် စိတ်ကျဉ်းကြပ်တယ်။ မလွတ်လပ်ဘူးလေ။ အမေက ခေါင်းတချက် ဝှေ့စာပဲ ရှိတယ်။ လိုတာရရော။ မရတာတွေတော့လည်း ရှိတာပေါ့လေ။ အဖေနဲ့ပတ်သက်လို့ မှတ်မှတ်ရရ အမေပြောပြတာတခုက ကိုယ်တနှစ်နီးပါး အရွယ်အဖေအိမ်ပြန်ရောက်လာတော့ ညအိပ်ဖို့ ကုတင်ပေါ်တက်မယ်လည်း လုပ်ရော ဘယ်က လူကြီးလည်း သွား...မလာရဘူး လို့ ကိုယ်ကမောင်းချတယ်တဲ့။ ကိုယ့်အဖေမှာ နှုတ်ခမ်းမွှေးရှိတယ်။ အဲ့ဒါကို ကြောက်တာလည်း ပါမလားမသိ။ ဒါနဲ့ အဖေက ပန်းသီးပြပြီး တက်ရမလားပြောတော့ ပေး...ပန်းသီး ဆိုပြီး ပန်းသီးတော့ယူထားပြီး လူကိုတော့ ကုတင်ပေါ် အတက်မခံဘူးတဲ့။ အဖေ့ခမျာ ဧည့်သည်အိပ်တဲ့ အခန်းမှာ အိပ်ရရှာတယ်တဲ့။ နောက်တော့လည်း သွေးကစကားပြောတာလား၊ ပန်းသီးတွေကပြောတာလားတော့ မသိဘူး။ အဖေနဲ့ ကိုယ်နဲ့တည့်သွားတာပါပဲ။ ကြီးလာတော့ ကိုယ်က အဖေနဲ့တူတူလာတယ်လို့ အမေကတော့ပြောတယ်။ အမှတ်မထင်လုပ်လိုက်တဲ့ အမူအရာကပါတူတယ်တဲ့။
အဖေဖုန်းဆက်ပြီဆိုလည်း သားသမီးလေးယောက်ထဲကမှ ကိုယ့်ကိုပဲ ပြောမယ်လို့ပြောပြီး အမေ့ကို ခေါ်ခိုင်းတတ်တယ်။ ကိုယ်ကလဲ အဲဒါတခုတော့ မကြိုက်ဘူးလေ။ ကျန်တဲ့ မောင်နှမတွေလည်း ပြောချင်ကြရှာမှာပေါ့။ ဒါပေမယ့် သူတို့ဘာမှမပြောရှာပါဘူး။ ကိုယ့်ဘာသာကိုယ် တယောက်ထဲမကျေမနပ်ဖြစ်နေမိတာ။ ဘယ်သူ့ကိုမှလည်းတော့ မပြောဖြစ်ပါဘူး။ တနေ့က ကိုယ့်ဆီကိုဖုန်းခေါ်တာ ခေါ်မရလို့ ကိုယ်နဲ့မပြောလိုက်ရပြန်ဘူး။ ကိုယ့်ဖုန်းက အဲလိုပဲ ခေါ်မရဖြစ် ဖြစ်နေတတ်လို့ သူငယ်ချင်းဖုန်းနံပါတ်ပါပေးထားရတယ်။
အခု ကိုယ်နေ့တိုင်း ဘုရားရှိခိုးနေတယ်။ အဓိက က အဖေ့အတွက်ပေါ့လေ။ တလောက အမေ့ဆီဖုန်းဆက်တော့ အဖေဒီတခေါက်ခရီးသွားတာ လေယာဉ်က အင်ဂျင်မီးလောင်လို့ အရေးပေါ်ပြန်ဆင်းရတယ်တဲ့။ တော်သေးတာက ဆင်းလို့ရတဲ့ အမြင့်မှာ လောင်လို့ပေါ့။ အဲဒါကို အဖေက အမေ့ကို ဖုန်းဆက်တော့ ညည်းတို့ လျော်ကြေးရတော့မလို့ လို့ပြောတယ်တဲ့။
အဖေဘေးရန်ကင်းပါစေ။ ကမ္ဘာပေါ်ရှိ ရှိရှိသမျှ အဖေများအားလုံးအေးချမ်းကြပါစေ။
Thursday, 9 June 2011
ခေါင်းစဉ်မဲ့
မင်းကိုတွေ့လိုက်ရတဲ့ နေ့ကလေးတနေ့မှာ
မင်းတယောက်ထဲပဲ ပိုင်ဆိုင်တော့မဲ့ငါ့ချစ်ခြင်းအားလုံးဟာ
ရင်ထဲမှာဖြစ်တည်ခဲ့တယ်...
နေ့ လ အချိန်တွေ မတည်မြဲ ပြောင်းလဲသွားပေမယ့်လည်း
ငါ့ရင်ထဲက မင်းကိုပြန်တွေ့ရဖို့ မျှော်လင့်ချက်ကတော့
မပြောင်းမလဲ တည်ရှိဆဲပါ...
မျှော်လင့်ချက်တွေပြည့်တဲ့နေ့မှာတော့ မင်းကိုပြောစရာ စကားတွေ
ရင်နဲ့အပြည့်ပါ...
ဒါပေမယ့်... ... ...
ဘယ်လောက်ထိချစ်နေမိပြီလည်းဆိုတဲ့ ဝန်ခံချက်ကတော့
အရင်ဆုံးငါပြောမဲ့စကားလေးပေါ့...
*****
ဒီသီချင်းလေးက ကိုယ်အရမ်းကြိုက်ခဲ့တဲ့ ကရင်သီချင်းရဲ့ဘာသာပြန်လေးပါ။ သိချင်လွန်းလို့ သူငယ်ချင်းတယောက်ကို ဘာသာပြန်ခိုင်းကြည့်တော့ မြန်မာလိုလည်း အရမ်းလှတဲ့ အဓိပ္ပာယ်ရှိနေပြန်ရော။
ကိုယ်ဒီသီချင်းလေးကို ကရင်လိုပဲ သိခဲ့တာ။ ဒါတောင် Chorus အပိုဒ်ပဲ သိတာ။ တပုဒ်လုံးမကြားဖူးဘူး။ ကိုယ်ကသီချင်းတွေဆို သံစဉ်ကောင်းရင်လဲ ကြိုက်တယ်။ နားလည်လည် မလည်လည်။ တရုတ်သီချင်းတပုဒ်လည်း အရမ်းကြိုက်လို့ သူငယ်ချင်းကို အသံထွက်ဆိုခိုင်းပြီး တရုတ်အသံထွက်တွေကို တလုံးချင်း မြန်မာလိုပြန်ရေးပြီး ရေချိုးခန်းထဲမှာ ကပ်ထားပြီး ရေချိုးတိုင်းဆိုတယ်။ တခါတလေ ရေမချိုးလည်း ဆိုချင်လာရင် ရေချိုးခန်းထဲသွားသွားပြီး စာသားသွားကြည့်ပြီးဆိုတယ်။ အဲတော့ အလွတ်မရ ခံနိုင်ရိုးလား။ ဂျပန်သီချင်းတပုဒ်လည်းအဲဒီလိုပဲ။ ဒါပေမယ့် တရုတ်သီချင်းလောက်မကြိုက်တော့ ခု သိပ်မရတော့ဘူး။ ကုလား ဘုရားသီချင်း တိုတိုလေးတခုလဲ ကြိုက်လို့ ကျက်ပြီးဆိုဖူးတယ်။ လွန်ခဲ့တဲ့ လေးနှစ်လောက်က နိုရူး အိုင်လန်က သူငယ်ချင်းသင်ပေးဖူးတဲ့ သူတို့ဘာသာနဲ့ ဘုရားသီချင်းတိုလေး တပုဒ်လည်း ကျက်ခဲ့ဘူးတယ်။
ကရင် သီချင်းကနေ ဘယ်တွေရောက်ကုန်ဘီလည်းတောင် မသိတော့ပါဘူး။ အသက်ကြီးလာခြင်းရဲ့ လက္ခဏာပဲထင်ပါရဲ့။ တခုလေးစလိုက်ရင် ရှေးဟောင်းနှောင်းဖြစ်တွေအကုန် မီးခိုးကြွက်လျောက်လိုက်ကုန်ရော။
ဒီသီချင်းလေးရဲ့ဘာသာပြန်ကို စ စသိလိုက်ရခြင်း ကိုယ့်ခေါင်းထဲကို ဆရာနေဇင်လတ်ရဲ့ ဆောင်းပါးထဲက စာသားလေးရောက်လာတယ်။ တနေ့တလံ ပုဂံဘယ်ရွေ့မလဲဆိုတာက...ပုဂံကတော့ ဘယ်ရွေ့လိမ့်မလဲတဲ့...ဒါပေမယ့် ကိုယ်ရောက်သွားတဲ့အချိန်မှာ ကိုယ့်အတွက်နေရာကျန်တော့မှာ မဟုတ်တော့ဘူးတဲ့... သူကောင်မလေးကို ပြန်တွေ့လို့ သူပြောချင်တာတွေပြောနိုင်ဖို့ ကောင်မလေးဘက်ကလဲ ပိုင်ဆိုင်သူမရှိသေးဘူးဆိုရင်တော့ ကောင်းတာပေါ့လေ။
မလုပ်ချင်သေးတဲ့ အလုပ်တွေကျရင် ဒီစကားပုံလေးကို ကာဗာယူယူပြီး၊ လုပ်ချင်တာကျ လျောက်လျောက်လုပ်နေတတ်တဲ့ကိုယ့်ကို ဆရာ့စကားက လှုပ်နှိုးလိုက်သလိုပါပဲ။ ကိုယ်ကလဲ မနက် မနက်နိုးရင်တောင် ခဏဆိုပြီး ပြန်ပြန်အိပ်ပျော်သွားတော့ ဆရာ့စကားရဲ့ လှုပ်နှိုးချက်ကလည်း ထိုနည်းလည်းကောင်းဖြစ်မသွားဖို့ မနည်းသတိ ထားနေရလေရဲ့။
Subscribe to:
Comments (Atom)