Sunday, 19 June 2011

DADDY

အဖေ့မွေးနေ့တုန်းက မွေးနေ့ကဒ်မှာ ကူးပေးလိုက်တဲ့ ကဗျာလေးပါ။ 

You brought me up from just a child,
You held my hand when all went wild.
You laughed and played and sang me songs.
You never gave up when all things went wrong.
You taught me what's right and what was wrong.
You warned me of places where I didn't belong.

Now I've grown into what is me,
But I'm never alone because of your company.
Don't ever let go my hand you hold,
Just loosen the grip so I can be bold.
I love you. Daddy, more and more each day,
May be I'm realizing what you've brought my way.
Happy Birthday (Father's Day) to you and more to come,
Because your days are free with room to run.

KRISTINE TIPTON
*****


(စာသားအတိအကျတော့မဟုတ်ပါ)..."တဖက်ကရှေ့နေက ဖေဖေဖြစ်နေမှတော့ သမီးအတွက် ဘယ်ရှေ့နေမဆို မထူးတော့ပါဘူး"  ဆိုတဲ့ စာသားလေးက ဂျူးရဲ့ ကြေမွသွားသော တိမ်တိုက်များအကြောင်း ဝထ္တုထဲက ဇာတ်ဆောင် ဖြူက သူ့ဖေဖေရှေ့နေကြီးကို ပြောတဲ့ စကားလေးပါ။ မြနှင်းဆီ ရဲ့ ရှေ့နေအဖြစ် သူ့ဖေဖေကလက်ခံလိုက်တဲ့အခါ သူ့ချစ်သူ မြတ်စုအတွက် ဘယ်ရှေ့နေမှ အမှုနိုင်အောင် လိုက်ပေးနိုင်တော့မယ်လို့ သူမထင်တော့တဲ့ အချိန် သူဒီလိုပြောလိုက်တာပါ။ အဲ့ဒါလေးကို စဖတ်ရတုန်းက အဖေ့ကို အရမ်းသတိရသွားတယ်။ ဖတ်တိုင်းလည်း အဲ့နေရာရောက်ရင် အဖေ့ကို ပိုပိုလွမ်းတယ်။ 

မိခင်က နူးညံ့ခြင်းတွေနဲ့ ဘဝကို သားသမီးတွေရဲ့ရှေ့မှာ ပုံဖော်ပြချိန်မှာ ဖခင်က ရဲရင့်ခြင်းတွေနဲ့ ဘဝကို ရင်ဆိုင်နိုင်အောင် သင်ကြားပေးကြပါတယ်။ ဒါတွေက သဘာဝအလျောက်ကို သင်ကြားပေးနေကြတာပါ။ မိခင်၊ ဖခင်တွေကလဲ သူတို့ကိုယ်တိုင်မသိလိုက်ဘဲနဲ့ကို လုပ်ဆောင်မိနေကြတာပါတဲ့။ ဖတ်ဖူးတဲ့ စာတအုပ်ထဲကနေ မှတ်မိသလောက်ပြန်ရေးတာပါ။ ဘယ်သူမှ ဘယ်လိုနူးညံ့အောင်၊ ရဲရင့်အောင် သင်ပေးလိုက်မဟဲ့ဆိုပြီး ဖတ်စာအုပ်ကိုင် သင်ကြားကြတာတော့ မဟုတ်ပါဘူး။ 

အဲ့ဒါကြောင့် အဖေအုပ်ထိန်းမှုနဲ့ ဝေးကွာကြီးပြင်းလာကြရတဲ့ သူတွေမှာ များသောအားဖြင့် လူတောသူတောတိုးဖို့ မဝံ့ရဲကြဘူးလို့ဆိုပါတယ်။ အကြောက်တရားလည်း ကြီးကြပါတယ်တဲ့။ ကိုယ်က စာအုပ်ဖတ်မိလို့ သူတို့ပြောတဲ့ သဘောတရားတွေ ကိုယ့်မှာလာတိုက်ဆိုင်ရင်၊ ကိုယ့်ကိုယ်ကိုနဲ့နှိုင်းကြည့်လို့ ဟုတ်နေရင် အများအားဖြင့် လက်ခံမိတတ်တယ်။ 

ကိုယ့်ဘဝမှာ အဖေနဲ့နေခဲ့တဲ့နေ့ရက်တွေကို ရေကြည့်ရင် မွေးစကနေ ခုထိ နှစ်နှစ် သာသာပဲ ရှိမယ်ထင်ပါတယ်။ အဖေက အမြဲခရီးထွက်နေရတာကိုး။ ခရီးက ပြန်လာလည်း ရန်ကုန်ကို သွားသွားပြီး ရုံးတက်ရပြန်သေးတယ်။ ပြီးတော့ အဖေက စည်းကမ်းအရမ်းကြီးတော့ အဖေရှိနေရင် စိတ်ကျဉ်းကြပ်တယ်။ မလွတ်လပ်ဘူးလေ။ အမေက ခေါင်းတချက် ဝှေ့စာပဲ ရှိတယ်။ လိုတာရရော။ မရတာတွေတော့လည်း ရှိတာပေါ့လေ။ အဖေနဲ့ပတ်သက်လို့ မှတ်မှတ်ရရ အမေပြောပြတာတခုက ကိုယ်တနှစ်နီးပါး အရွယ်အဖေအိမ်ပြန်ရောက်လာတော့ ညအိပ်ဖို့ ကုတင်ပေါ်တက်မယ်လည်း လုပ်ရော ဘယ်က လူကြီးလည်း သွား...မလာရဘူး လို့ ကိုယ်ကမောင်းချတယ်တဲ့။ ကိုယ့်အဖေမှာ နှုတ်ခမ်းမွှေးရှိတယ်။ အဲ့ဒါကို ကြောက်တာလည်း ပါမလားမသိ။ ဒါနဲ့ အဖေက ပန်းသီးပြပြီး တက်ရမလားပြောတော့ ပေး...ပန်းသီး ဆိုပြီး ပန်းသီးတော့ယူထားပြီး လူကိုတော့ ကုတင်ပေါ် အတက်မခံဘူးတဲ့။ အဖေ့ခမျာ ဧည့်သည်အိပ်တဲ့ အခန်းမှာ အိပ်ရရှာတယ်တဲ့။ နောက်တော့လည်း သွေးကစကားပြောတာလား၊ ပန်းသီးတွေကပြောတာလားတော့ မသိဘူး။ အဖေနဲ့ ကိုယ်နဲ့တည့်သွားတာပါပဲ။ ကြီးလာတော့ ကိုယ်က အဖေနဲ့တူတူလာတယ်လို့ အမေကတော့ပြောတယ်။ အမှတ်မထင်လုပ်လိုက်တဲ့ အမူအရာကပါတူတယ်တဲ့။

အဖေဖုန်းဆက်ပြီဆိုလည်း သားသမီးလေးယောက်ထဲကမှ ကိုယ့်ကိုပဲ ပြောမယ်လို့ပြောပြီး အမေ့ကို ခေါ်ခိုင်းတတ်တယ်။ ကိုယ်ကလဲ အဲဒါတခုတော့ မကြိုက်ဘူးလေ။ ကျန်တဲ့ မောင်နှမတွေလည်း ပြောချင်ကြရှာမှာပေါ့။ ဒါပေမယ့် သူတို့ဘာမှမပြောရှာပါဘူး။ ကိုယ့်ဘာသာကိုယ် တယောက်ထဲမကျေမနပ်ဖြစ်နေမိတာ။ ဘယ်သူ့ကိုမှလည်းတော့ မပြောဖြစ်ပါဘူး။ တနေ့က ကိုယ့်ဆီကိုဖုန်းခေါ်တာ ခေါ်မရလို့ ကိုယ်နဲ့မပြောလိုက်ရပြန်ဘူး။ ကိုယ့်ဖုန်းက အဲလိုပဲ ခေါ်မရဖြစ် ဖြစ်နေတတ်လို့ သူငယ်ချင်းဖုန်းနံပါတ်ပါပေးထားရတယ်။ 

အခု ကိုယ်နေ့တိုင်း ဘုရားရှိခိုးနေတယ်။ အဓိက က အဖေ့အတွက်ပေါ့လေ။ တလောက အမေ့ဆီဖုန်းဆက်တော့ အဖေဒီတခေါက်ခရီးသွားတာ လေယာဉ်က အင်ဂျင်မီးလောင်လို့ အရေးပေါ်ပြန်ဆင်းရတယ်တဲ့။ တော်သေးတာက ဆင်းလို့ရတဲ့ အမြင့်မှာ လောင်လို့ပေါ့။ အဲဒါကို အဖေက အမေ့ကို ဖုန်းဆက်တော့ ညည်းတို့ လျော်ကြေးရတော့မလို့ လို့ပြောတယ်တဲ့။  

အဖေဘေးရန်ကင်းပါစေ။ ကမ္ဘာပေါ်ရှိ ရှိရှိသမျှ အဖေများအားလုံးအေးချမ်းကြပါစေ။

Thursday, 9 June 2011

ခေါင်းစဉ်မဲ့

မင်းကိုတွေ့လိုက်ရတဲ့ နေ့ကလေးတနေ့မှာ
မင်းတယောက်ထဲပဲ ပိုင်ဆိုင်တော့မဲ့ငါ့ချစ်ခြင်းအားလုံးဟာ
ရင်ထဲမှာဖြစ်တည်ခဲ့တယ်...

နေ့ လ အချိန်တွေ မတည်မြဲ ပြောင်းလဲသွားပေမယ့်လည်း
ငါ့ရင်ထဲက မင်းကိုပြန်တွေ့ရဖို့ မျှော်လင့်ချက်ကတော့
မပြောင်းမလဲ တည်ရှိဆဲပါ...

မျှော်လင့်ချက်တွေပြည့်တဲ့နေ့မှာတော့ မင်းကိုပြောစရာ စကားတွေ
ရင်နဲ့အပြည့်ပါ...

ဒါပေမယ့်... ... ...

ဘယ်လောက်ထိချစ်နေမိပြီလည်းဆိုတဲ့ ဝန်ခံချက်ကတော့
အရင်ဆုံးငါပြောမဲ့စကားလေးပေါ့...
*****

ဒီသီချင်းလေးက ကိုယ်အရမ်းကြိုက်ခဲ့တဲ့ ကရင်သီချင်းရဲ့ဘာသာပြန်လေးပါ။ သိချင်လွန်းလို့ သူငယ်ချင်းတယောက်ကို ဘာသာပြန်ခိုင်းကြည့်တော့ မြန်မာလိုလည်း အရမ်းလှတဲ့ အဓိပ္ပာယ်ရှိနေပြန်ရော။

ကိုယ်ဒီသီချင်းလေးကို ကရင်လိုပဲ သိခဲ့တာ။ ဒါတောင် Chorus အပိုဒ်ပဲ သိတာ။ တပုဒ်လုံးမကြားဖူးဘူး။ ကိုယ်ကသီချင်းတွေဆို သံစဉ်ကောင်းရင်လဲ ကြိုက်တယ်။ နားလည်လည် မလည်လည်။ တရုတ်သီချင်းတပုဒ်လည်း အရမ်းကြိုက်လို့ သူငယ်ချင်းကို အသံထွက်ဆိုခိုင်းပြီး တရုတ်အသံထွက်တွေကို တလုံးချင်း မြန်မာလိုပြန်ရေးပြီး ရေချိုးခန်းထဲမှာ ကပ်ထားပြီး ရေချိုးတိုင်းဆိုတယ်။ တခါတလေ ရေမချိုးလည်း ဆိုချင်လာရင် ရေချိုးခန်းထဲသွားသွားပြီး စာသားသွားကြည့်ပြီးဆိုတယ်။ အဲတော့ အလွတ်မရ ခံနိုင်ရိုးလား။ ဂျပန်သီချင်းတပုဒ်လည်းအဲဒီလိုပဲ။ ဒါပေမယ့် တရုတ်သီချင်းလောက်မကြိုက်တော့ ခု သိပ်မရတော့ဘူး။ ကုလား ဘုရားသီချင်း တိုတိုလေးတခုလဲ ကြိုက်လို့ ကျက်ပြီးဆိုဖူးတယ်။ လွန်ခဲ့တဲ့ လေးနှစ်လောက်က နိုရူး အိုင်လန်က သူငယ်ချင်းသင်ပေးဖူးတဲ့ သူတို့ဘာသာနဲ့ ဘုရားသီချင်းတိုလေး တပုဒ်လည်း ကျက်ခဲ့ဘူးတယ်။

ကရင် သီချင်းကနေ ဘယ်တွေရောက်ကုန်ဘီလည်းတောင် မသိတော့ပါဘူး။ အသက်ကြီးလာခြင်းရဲ့ လက္ခဏာပဲထင်ပါရဲ့။ တခုလေးစလိုက်ရင် ရှေးဟောင်းနှောင်းဖြစ်တွေအကုန် မီးခိုးကြွက်လျောက်လိုက်ကုန်ရော။

ဒီသီချင်းလေးရဲ့ဘာသာပြန်ကို စ စသိလိုက်ရခြင်း ကိုယ့်ခေါင်းထဲကို ဆရာနေဇင်လတ်ရဲ့ ဆောင်းပါးထဲက စာသားလေးရောက်လာတယ်။ တနေ့တလံ ပုဂံဘယ်ရွေ့မလဲဆိုတာက...ပုဂံကတော့ ဘယ်ရွေ့လိမ့်မလဲတဲ့...ဒါပေမယ့် ကိုယ်ရောက်သွားတဲ့အချိန်မှာ ကိုယ့်အတွက်နေရာကျန်တော့မှာ မဟုတ်တော့ဘူးတဲ့... သူကောင်မလေးကို ပြန်တွေ့လို့ သူပြောချင်တာတွေပြောနိုင်ဖို့ ကောင်မလေးဘက်ကလဲ ပိုင်ဆိုင်သူမရှိသေးဘူးဆိုရင်တော့ ကောင်းတာပေါ့လေ။

မလုပ်ချင်သေးတဲ့ အလုပ်တွေကျရင် ဒီစကားပုံလေးကို ကာဗာယူယူပြီး၊ လုပ်ချင်တာကျ လျောက်လျောက်လုပ်နေတတ်တဲ့ကိုယ့်ကို ဆရာ့စကားက လှုပ်နှိုးလိုက်သလိုပါပဲ။ ကိုယ်ကလဲ မနက် မနက်နိုးရင်တောင် ခဏဆိုပြီး ပြန်ပြန်အိပ်ပျော်သွားတော့ ဆရာ့စကားရဲ့ လှုပ်နှိုးချက်ကလည်း ထိုနည်းလည်းကောင်းဖြစ်မသွားဖို့ မနည်းသတိ ထားနေရလေရဲ့။

ဗလာ

ဘယ်ဝဋ် ကြမ္မာ
မလွတ်သာ လို့ ၍့
လာကာဆုံဆည်း
ဤခရီးဝယ်
အချစ်ကြီးလျက်
နီးဖို့ခက်တယ်
ရက်စက်သူက ဘယ်သူလဲ???

Tuesday, 31 May 2011

လကုန်အတွေး

တနေ့ တနေ့ကလည်း အကုန်မြန်လိုက်တာ။ ဘာလိုလိုနဲ့ ၂၀၁၁ က တဝက်ကျိုးတဲ့လကို ရောက်ပြီ။ လုပ်နေတဲ့အလုပ်တွေ နေ့ရွှေ့ ညရွှေ့နဲ့ တကယ့်တကယ် ပြီးရမယ့်အချိန်ရောက်ရင် ပြစရာဘာမှ မရှိဘူး။ လူ့သက်တန်းလည်း ထက်ဝက်နီးတော့မယ်။ ပေးရမယ့်စာမပြီးတိုင်း ကုန်ခဲ့တဲ့အချိန်တွေမှာ ငါဘာတွေလုပ်နေမိပါလိမ့်ဆိုတဲ့ အဖြေမရှိတဲ့မေးခွန်းပဲ ခေါင်းထဲရောက်ရောက်လာတယ်။ ဒီတခါတော့ တကယ်ကို အဖြေရှိချင်မိပြီ။ ဒါမှမဟုတ်လည်း ပေးလို့ရတဲ့၊ ပေးလို့လည်း လှလောက်တဲ့ စာရှိချင်ပြီ။ ရှက်ရတာတွေထဲမှာ ကိုယ့်ကိုယ်ကိုယ်ကို ရှက်ရတာ တော်တော်ရှက်စရာကောင်းမှန်း ခုမှသိလာတယ်။ မှန်တောင် တတ်နိုင်ရင် မကြည့်ချင်ဘူး။ ကျောင်းသားလည်း လုပ်မစားချင်တော့ပါဘူးကွယ်။

Saturday, 28 May 2011

ဗလာ

အချိန်တန်ရင်တော့
ပြန်လာလေမလား
စိုးစိတ်လေးနဲ့
တိုးတိတ်ကြေကွဲ (၁၃ ၀၅ ၂၀၀၉)

ရင်မှာခံစား 
ပူလောက်မှုများ
ကုစားမဲ့သူ
မင်းတယောက်ထဲသာ (၁၃ ၀၅ ၂၀၀၉)

ပြန်ဆုံနိုင်မလား
အိပ်မက်အဖြစ်များ
မျှော်လင့်တမ်းတ
တကယ့် အပြင်ဖက်မှာ (၁၄ ၀၅ ၂၀၀၉)

ရင်ခုန်သံများ
ကာရံညီမလား
တမ်းတရင်းနဲ့
နှစ်လရှည်ခဲ့ (၂၁ ၀၅ ၂၀၀၉)

နွေရာသီဦး
ပျော်မြူးခဲ့ချိန်
မိုးလယ်ဆောင်းနှောင်း
ရာသီပြောင်းခဲ့
အချိန်တိုင်းပဲ 
စိုးမိုးဆဲပါ
မင်းတယောက်သာ (၁၃ ၀၅ ၂၀၀၉)

နေ့ရက်နာရီ
အိုရီဟောင်းလည်း
မပြောင်းသစ်စွာ
ရင်ထဲမှာဖြင့်
ဖြစ်ကျန်ဆဲပါ
မင်းရုပ်လွှာ။     ။ (၁၃ ၀၅ ၂၀၀၉)
*****


ဒီတပုဒ်ကို သီချင်းအနေနဲ့စပ်ကြည့်ရင်း ကဗျာလိုလို ဘာလိုလိုဖြစ်သွားပြန်ရော။ verse အပိုဒ်တွေ ဆိုလို့ရပေမယ့် chorus ကို ဘယ်လိုမှ မလုပ်တတ်တော့ပြန်တော့ သီချင်းစစ်စစ်တပုဒ် မဟုတ်ရတော့ပြန်ဘူး။ ၁၃ ရက်နေ့က တော်တော်များများ စိတ်ထဲကထွက်လာပေမယ့် ၁၄ ရက်နဲ့ ၂၁ ရက်မှာတော့ တပိုဒ်ဆီပဲ ထွက်တော့တယ် chorus ကိုလုံးဝ သဘောမကျတော့ တော့ ဘာမှထပ်မထွက်လာတော့ဘူး။ ဒါပေမယ့်ခံစားချက်ကတော့ အဲဒီအချိန်တုန်းက ရှိနေခဲ့ဆဲပါ။ ခုတော့လည်း အတိတ်ကို အတိတ်မှာပဲ ပျော်ပျော်ကြီးထားခဲ့လိုက်ပါဘီ။ ဒါပေမယ့် ကိုယ့်စာလေးတွေကို နှမြောတာနဲ့ လွှင့်မပစ်ရက်တော့ ဒီပေါ်ရောက်လာရပြန်တာပေါ့။ ပစ္စုပန်မှာတော့ ခံစားချက်တွေ ခမ်းခြောက်နေပီး ရေးစရာ ဘာမှကို မပေါ်လာသေးပြန်ဘူး။


Friday, 27 May 2011

၁၃ ၀၇ ၂၀၀၉ မှ အမှတ်တမဲ့ ကဗျာ

တွယ်ငင်တဲ့ ရင်ထဲကသစ်ပင်
ရှင်သန်အောင်သူပျိုးလို့
မညှိုးစေခဲ့အစဉ်။     ။

လေပြည်တိုး မကျိုးစေရ
နေခြည်ထိုး မညှိုးစေရ
ရေစင်သွန်း မမွန်းစေရ။     ။

သို့ပေမယ့်လည်းကွယ်
ပန်းပျိုးတဲ့လက် မုန်းမီးသက်၍
နှုတ်ခြွေရက်စက် ရှင်ဖို့ခက်ပြီ။     ။

ကိုယ့်ရင်ထဲက သစ်ပင်လေး။    

တခါက အတွေးများ

ဝေးလွင့်မသွားသေးတဲ့ ချစ်ခြင်းများနဲ့
နောက်ထပ်အချစ်သစ်တခု ထပ်ပိုးရင်းက
မနိုင်တော့တဲ့စိတ်ဝန်ကို လွှတ်ချရတော့မလား
အဖြေရှာမရနိုင်တော့
ကံကိုသာရိုးမယ်ဖွဲ့တဲ့အဖြစ်ကိုမုန်းလာပြီ
မသက်ဆိုင်တဲ့ကံတရားကိုဘေးချပြီး
သက်ဆိုင်သူ ကိုယ်ကိုယ်တိုင်သာကြိုးစားဖြေရှင်းမယ်။

ပြောင်းလဲမသွားသေးတဲ့ ချစ်ခြင်းအဟောင်းနဲ့
လတ်ဆတ်သန့်ရှင်းတဲ့ နောက်အချစ်တခုကို
ဘာကြောင့်များ ရယူခဲ့လဲ
အစားထိုးခြင်းရဲ့ ခါးသီးမှုတွေ
ကိုယ်ခံစား...ကိုယ့်အမှားသာပဲ။

ရင်မဆိုင်နိုင်စိတ်ရှုပ်မှုများ
ယှဉ်မပြိုင်နိုင် ဒွိဟတရားများ
မဖြူစင်နိုင် ကိုယ့်ရဲ့စိတ်ထား

ဘယ်မှာလဲ အကြင်နာစစ်ဟာ။
ဖွေရှာဆဲ နေရာသစ်မှာ
ဗျာပါများ ဝေဒနာကြား

အဖြေရှာမရသေးတဲ့ ပုစ္ဆာတနင့်တပိုး
ရင်ဝယ်ပိုက်မနိုင်ဝန်ထမ်းရင်း
ရှေ့ဆက်နေရတဲ့ဘဝမှာ
ဘာကိုမှ ထပ်ပြီး မယူချင်တော့ဘူး။
*****

ဆရာစာသင်နေတုန်း ဘာမှ အာရုံစိုက်လို့မရတာနဲ့ ကဗျာထိုင်ရေးနေလိုက်မိတုန်းက စာလေးပါ။ ဆရာပေးတဲ့ စာရွက်နောက်မှာရေးထားမိတာ။ တကယ်တော့ ဆရာကစာသင်တာကောင်းပါတယ်။ ကိုယ့်ဘာသာကိုယ် အာရုံစိုက်လို့မရဖြစ်နေတာ။ ကဗျာဖြစ်စေတော့ရယ်လို့ ရေးတာမဟုတ်ပေမယ့် ရေးလိုက်တဲ့စာမှာ အချိတ်အဆက်လေးတွေဖြစ်သွားရင် သဘောကျမိတယ်။  ဒါလေးရေးနေရင်း သံစဉ်လေးတခုက ခေါင်းထဲရောက်လာပြန်ရော။ အဲ့ဒါနဲ့ သံစဉ်ထည့်လိုက်တော့လည်း သီချင်းလိုလို၊ ဒီတိုင်းဖတ်ကြည့်တော့လည်း ကဗျာမဟုတ်ဘာမဟုတ်။ တီးတတ်တဲ့ လက်ကွက်လေး မဖြစ်စလောက်နဲ့ သီချင်းမဟုတ်၊ ကဗျာမဟုတ်တခုရလာတော့ အဲ့ဒါလေးကို အမှတ်တရ ရှိစေရုံလေး ဒီနေရာမှာ ပြန်ကူးထားလိုက်တယ်။ အရင်က ခံစားရရင် စာတွေချရေးတတ်တဲ့သူတွေကို ဟားခဲ့တဲ့သူ၊ ကိုယ်ကိုယ်တိုင်ရေးမိသွားခါကျမှ ဟားခဲ့မိတဲ့သူတွေကို စိတ်ထဲကတောင်းပန်လိုက်မိတယ်။ (စိတ်ထဲကပဲလည်း ဟားခဲ့တာပါ။)