Tuesday, 31 May 2011

လကုန်အတွေး

တနေ့ တနေ့ကလည်း အကုန်မြန်လိုက်တာ။ ဘာလိုလိုနဲ့ ၂၀၁၁ က တဝက်ကျိုးတဲ့လကို ရောက်ပြီ။ လုပ်နေတဲ့အလုပ်တွေ နေ့ရွှေ့ ညရွှေ့နဲ့ တကယ့်တကယ် ပြီးရမယ့်အချိန်ရောက်ရင် ပြစရာဘာမှ မရှိဘူး။ လူ့သက်တန်းလည်း ထက်ဝက်နီးတော့မယ်။ ပေးရမယ့်စာမပြီးတိုင်း ကုန်ခဲ့တဲ့အချိန်တွေမှာ ငါဘာတွေလုပ်နေမိပါလိမ့်ဆိုတဲ့ အဖြေမရှိတဲ့မေးခွန်းပဲ ခေါင်းထဲရောက်ရောက်လာတယ်။ ဒီတခါတော့ တကယ်ကို အဖြေရှိချင်မိပြီ။ ဒါမှမဟုတ်လည်း ပေးလို့ရတဲ့၊ ပေးလို့လည်း လှလောက်တဲ့ စာရှိချင်ပြီ။ ရှက်ရတာတွေထဲမှာ ကိုယ့်ကိုယ်ကိုယ်ကို ရှက်ရတာ တော်တော်ရှက်စရာကောင်းမှန်း ခုမှသိလာတယ်။ မှန်တောင် တတ်နိုင်ရင် မကြည့်ချင်ဘူး။ ကျောင်းသားလည်း လုပ်မစားချင်တော့ပါဘူးကွယ်။

Saturday, 28 May 2011

ဗလာ

အချိန်တန်ရင်တော့
ပြန်လာလေမလား
စိုးစိတ်လေးနဲ့
တိုးတိတ်ကြေကွဲ (၁၃ ၀၅ ၂၀၀၉)

ရင်မှာခံစား 
ပူလောက်မှုများ
ကုစားမဲ့သူ
မင်းတယောက်ထဲသာ (၁၃ ၀၅ ၂၀၀၉)

ပြန်ဆုံနိုင်မလား
အိပ်မက်အဖြစ်များ
မျှော်လင့်တမ်းတ
တကယ့် အပြင်ဖက်မှာ (၁၄ ၀၅ ၂၀၀၉)

ရင်ခုန်သံများ
ကာရံညီမလား
တမ်းတရင်းနဲ့
နှစ်လရှည်ခဲ့ (၂၁ ၀၅ ၂၀၀၉)

နွေရာသီဦး
ပျော်မြူးခဲ့ချိန်
မိုးလယ်ဆောင်းနှောင်း
ရာသီပြောင်းခဲ့
အချိန်တိုင်းပဲ 
စိုးမိုးဆဲပါ
မင်းတယောက်သာ (၁၃ ၀၅ ၂၀၀၉)

နေ့ရက်နာရီ
အိုရီဟောင်းလည်း
မပြောင်းသစ်စွာ
ရင်ထဲမှာဖြင့်
ဖြစ်ကျန်ဆဲပါ
မင်းရုပ်လွှာ။     ။ (၁၃ ၀၅ ၂၀၀၉)
*****


ဒီတပုဒ်ကို သီချင်းအနေနဲ့စပ်ကြည့်ရင်း ကဗျာလိုလို ဘာလိုလိုဖြစ်သွားပြန်ရော။ verse အပိုဒ်တွေ ဆိုလို့ရပေမယ့် chorus ကို ဘယ်လိုမှ မလုပ်တတ်တော့ပြန်တော့ သီချင်းစစ်စစ်တပုဒ် မဟုတ်ရတော့ပြန်ဘူး။ ၁၃ ရက်နေ့က တော်တော်များများ စိတ်ထဲကထွက်လာပေမယ့် ၁၄ ရက်နဲ့ ၂၁ ရက်မှာတော့ တပိုဒ်ဆီပဲ ထွက်တော့တယ် chorus ကိုလုံးဝ သဘောမကျတော့ တော့ ဘာမှထပ်မထွက်လာတော့ဘူး။ ဒါပေမယ့်ခံစားချက်ကတော့ အဲဒီအချိန်တုန်းက ရှိနေခဲ့ဆဲပါ။ ခုတော့လည်း အတိတ်ကို အတိတ်မှာပဲ ပျော်ပျော်ကြီးထားခဲ့လိုက်ပါဘီ။ ဒါပေမယ့် ကိုယ့်စာလေးတွေကို နှမြောတာနဲ့ လွှင့်မပစ်ရက်တော့ ဒီပေါ်ရောက်လာရပြန်တာပေါ့။ ပစ္စုပန်မှာတော့ ခံစားချက်တွေ ခမ်းခြောက်နေပီး ရေးစရာ ဘာမှကို မပေါ်လာသေးပြန်ဘူး။


Friday, 27 May 2011

၁၃ ၀၇ ၂၀၀၉ မှ အမှတ်တမဲ့ ကဗျာ

တွယ်ငင်တဲ့ ရင်ထဲကသစ်ပင်
ရှင်သန်အောင်သူပျိုးလို့
မညှိုးစေခဲ့အစဉ်။     ။

လေပြည်တိုး မကျိုးစေရ
နေခြည်ထိုး မညှိုးစေရ
ရေစင်သွန်း မမွန်းစေရ။     ။

သို့ပေမယ့်လည်းကွယ်
ပန်းပျိုးတဲ့လက် မုန်းမီးသက်၍
နှုတ်ခြွေရက်စက် ရှင်ဖို့ခက်ပြီ။     ။

ကိုယ့်ရင်ထဲက သစ်ပင်လေး။    

တခါက အတွေးများ

ဝေးလွင့်မသွားသေးတဲ့ ချစ်ခြင်းများနဲ့
နောက်ထပ်အချစ်သစ်တခု ထပ်ပိုးရင်းက
မနိုင်တော့တဲ့စိတ်ဝန်ကို လွှတ်ချရတော့မလား
အဖြေရှာမရနိုင်တော့
ကံကိုသာရိုးမယ်ဖွဲ့တဲ့အဖြစ်ကိုမုန်းလာပြီ
မသက်ဆိုင်တဲ့ကံတရားကိုဘေးချပြီး
သက်ဆိုင်သူ ကိုယ်ကိုယ်တိုင်သာကြိုးစားဖြေရှင်းမယ်။

ပြောင်းလဲမသွားသေးတဲ့ ချစ်ခြင်းအဟောင်းနဲ့
လတ်ဆတ်သန့်ရှင်းတဲ့ နောက်အချစ်တခုကို
ဘာကြောင့်များ ရယူခဲ့လဲ
အစားထိုးခြင်းရဲ့ ခါးသီးမှုတွေ
ကိုယ်ခံစား...ကိုယ့်အမှားသာပဲ။

ရင်မဆိုင်နိုင်စိတ်ရှုပ်မှုများ
ယှဉ်မပြိုင်နိုင် ဒွိဟတရားများ
မဖြူစင်နိုင် ကိုယ့်ရဲ့စိတ်ထား

ဘယ်မှာလဲ အကြင်နာစစ်ဟာ။
ဖွေရှာဆဲ နေရာသစ်မှာ
ဗျာပါများ ဝေဒနာကြား

အဖြေရှာမရသေးတဲ့ ပုစ္ဆာတနင့်တပိုး
ရင်ဝယ်ပိုက်မနိုင်ဝန်ထမ်းရင်း
ရှေ့ဆက်နေရတဲ့ဘဝမှာ
ဘာကိုမှ ထပ်ပြီး မယူချင်တော့ဘူး။
*****

ဆရာစာသင်နေတုန်း ဘာမှ အာရုံစိုက်လို့မရတာနဲ့ ကဗျာထိုင်ရေးနေလိုက်မိတုန်းက စာလေးပါ။ ဆရာပေးတဲ့ စာရွက်နောက်မှာရေးထားမိတာ။ တကယ်တော့ ဆရာကစာသင်တာကောင်းပါတယ်။ ကိုယ့်ဘာသာကိုယ် အာရုံစိုက်လို့မရဖြစ်နေတာ။ ကဗျာဖြစ်စေတော့ရယ်လို့ ရေးတာမဟုတ်ပေမယ့် ရေးလိုက်တဲ့စာမှာ အချိတ်အဆက်လေးတွေဖြစ်သွားရင် သဘောကျမိတယ်။  ဒါလေးရေးနေရင်း သံစဉ်လေးတခုက ခေါင်းထဲရောက်လာပြန်ရော။ အဲ့ဒါနဲ့ သံစဉ်ထည့်လိုက်တော့လည်း သီချင်းလိုလို၊ ဒီတိုင်းဖတ်ကြည့်တော့လည်း ကဗျာမဟုတ်ဘာမဟုတ်။ တီးတတ်တဲ့ လက်ကွက်လေး မဖြစ်စလောက်နဲ့ သီချင်းမဟုတ်၊ ကဗျာမဟုတ်တခုရလာတော့ အဲ့ဒါလေးကို အမှတ်တရ ရှိစေရုံလေး ဒီနေရာမှာ ပြန်ကူးထားလိုက်တယ်။ အရင်က ခံစားရရင် စာတွေချရေးတတ်တဲ့သူတွေကို ဟားခဲ့တဲ့သူ၊ ကိုယ်ကိုယ်တိုင်ရေးမိသွားခါကျမှ ဟားခဲ့မိတဲ့သူတွေကို စိတ်ထဲကတောင်းပန်လိုက်မိတယ်။ (စိတ်ထဲကပဲလည်း ဟားခဲ့တာပါ။)

Tuesday, 12 April 2011

မှ...သို့...သူငယ်ချင်း

သမုဒယကြိုး နှောင်မည်စိုး၍
သွေတိမ်းရှောင်ဖယ် ဖြေပါလေလည်း
တွယ်ငင်ရစ်ပတ် နှောင်ကြိုးထပ်ပြီ
မဖြေရက်ဘူး သိရဲ့လား...။

သန္တာန်စိတ်ထွေ ဖီလာလေလည်း
တုံ့လှည့်မေတ္တာ ရောင်ပြန်လင်းလက်
ဒီတသက်ဖြင့် မှိန်ဖို့ခက်ပြီ
တသက်အလင်း တည်စေသား...။

ဝေးကွာခြင်းတွေ တားဆီးနေလည်း
ကိုယ်စီစိတ်ထဲ မြတ်နိုးဆဲမို့
*ထားခဲ့မေတ္တာ ပြန်ရေတွက်ရင်း*
မိုင်တိုင်တွေကို ရီပြစ်မယ်...။

*...* ထပ်တိုးစာကြောင်း (၂၇ ၀၅ ၂၀၁၁)

အသိ၊ သူငယ်ချင်း၊ ဆွေမျိုးဆိုလို့ တယောက်မှမရှိဘဲ ရောက်လာခဲ့ရတဲ့နေရာသစ်တခုမှာ အရာအားလုံးမဟုတ်ပေမယ့် တန်ဖိုးထားတဲ့၊ လက်ခံတဲ့အရာတော်တော်များများ တူညီနေတဲ့ သူငယ်ချင်းလေးတွေ ရခဲ့တယ်။ ကိုယ့်မောင်နှမချင်းတောင် ကိုယ့်နဲ့ ထပ်တူထပ်မျှ မဖြစ်တဲ့ လောကကြီးမှာ သူတို့နဲ့လည်း အခြေအတင်တွေအများကြီးရှိခဲ့ပါတယ်။ ဒါတွေကို ကြိုးစားနားလည်ပေးကြရင်းနဲ့ ကိုယ့်ဘေးမှာ လိုအပ်မှုတိုင်းနီးပါးအတွက် အမြဲအဆင်သင့်ရှိပေးတဲ့ သူငယ်ချင်းနှစ်ယောက်အတွက် အမှတ်တရပါ။ ကိုယ်ကိုယ်တိုင်က သံယောဇဉ်တွယ်မိရင် မီးခိုးမဆုံး မိုးမဆုံးမို့ အစကတော့ ရှောင်ဖယ်ဖယ်ရှိခဲ့ပေမယ့် ကြာတော့လည်း အချစ်ဆုံးတွေ ဖြစ်လာကြတာပါပဲ။

Saturday, 26 March 2011

အင်ဥဟင်း



ဒီမှာနေလာတဲ့ သုံးနှစ်ကျော်အတွင်းမှာ ပထမဆုံးအကြိမ် အင်ဥကို တွေ့ တာပါပဲ။

အိမ်မှာ အင်ဥချက်ရင် အမေက ဘယ်တော့မှ ကိုယ့်ကို မချက်ခိုင်းချင်ဘူး။ တစ်ပိဿာ ချက်ရင် ငါးဆယ်သားတောင် အနိုင်နိုင်ကျန်တတ်လို့ပါ။ ချက်ရင်းနဲ့ မြည်းတယ်ဆိုပြီး စား စား ပစ်လိုက်လို့။ အင်ဥတမျိုးတည်း အဲလိုလုပ်တာပါ။

ဟင်းမြည်း ချင်လို့သာချက်ချင်တာ။ အင်ဥကိုတော့လုံးဝမဆေးချင်ဘူး။ တစ်လုံးချင်းဆေးရတာ တော်တော်မသက်သာတဲ့အလုပ်။ အဲဒီ တစ်လုံးချင်းကို လေးခါလောက်ဆေးမှ တော်ရုံကျတာ။ မဟုတ်ရင် သဲတရှပ်ရှပ်နဲ့ လုံးဝစားလို့မကောင်းဘူး။

ပြီးရင် ပါးပါးလှီးရသေးတယ်။ အထဲမှာ အနှစ်က အဖြူရောင် နဲ့  အမဲရောင် နှစ်မျိုးရှိတယ်။

တခါသား အဖွားက ဟင်းကူပြီးချက်ပေးမယ်ဆိုပြီး မီးဖိုထဲဝင်လာရော။ အင်ဥလှီးနေတာလဲတွေ့ရော ကျွန်မကို ဟဲ့ မကောင်းတဲ့အမဲတွေကို ဘာလို့ ထည့်လှီးနေတာလဲတဲ့။ အဖွား အင်ဥကို မသိတာ တော်တော်လေးအံ့သြသွားမိတယ်။ အဖွားက မော်လမြိုင်လဲ မော်လမြိုင်သူ၊ ဟင်းချက်လဲအရမ်းကောင်းတဲ့သူလေ။ အင်းလေ မော်လမြိုင်မှာ အင်ဥမရှိလို့နေမှာပေါ့။

သီး သီး တုန်းကလဲတခါ အသီးခွဲကြည့်တော့ အထဲမှာ မဲကုန်ဘီဆိုပီး လွှင့်ပစ်တာလေ။ သီး သီး အရမ်းကြိုက်တဲ့ ကျွန်မ တော်တော်ငိုချင်သွားတယ်။

အင်ဥအကြောင်းကနေ ဘေးရောက်ကုန်ပါဘီလေ။ ပြန်ဆက်ရရင်က ဒီမှာ ကိုယ်တွေ့ ခဲ့တဲ့အင်ဥက ရေကို ပြောင်အောင်ဆေးပြီးသားတွေ။ တော်တော်လေးတော့ ၀မ်းသာသွားတယ်။

အိမ်ပြန်ရောက်တော့ ရေတခါလောက် အာပတ်လွတ် ထပ်ဆေး၊ ပါးပါးလှီးထား။ ကြက်သွန်ဖြူ နီထောင်း၊ ဆနွင်းထည့် ဆီသတ်၊ ခရမ်းချဉ်သီးထည့်၊ အရောင်တင်မှုန့်ထည့်။ ခရမ်းချဉ်သီးလိပ်ပြီဆို လှီးထားတဲ့အင်ဥထည့်။ အပေါ့အငန် လိုသလိုမြည်း၊ ရေထည့်ပြီး ခန်းအောင်တည်။ လိုသေးရင် ရေထပ်ထည့်ပေါ့လေ။

ဒီကအင်ဥမှာ ပြောစရာတခုရှိတာက မြန်မာပြည်က အင်ဥလို မနုဘူး။ သားရေဖတ်နဲ့  နည်းနည်းဆင်တယ်။ ဒါပေမယ့်လည်း အလွမ်းပြေ ရှားရှားပါးပါး လူတကာ မနာလိုဖြစ်ရတဲ့ဟင်းတော့ စားလိုက်ရတာပေါ့လေ။ ချက်ပြီး FB ပေါ်တင်လိုက်လို့။

အိုးမဲ့အိမ်မဲ့နေ့ ရက်

ပင့်ကူလေးကတော့
အစေးအမျှင်
သူ့ ချည်ခင်တွေနဲ့ 
နှောင်ငင်ရက်ချုပ်
အိမ်လုပ်ပြီးနေတယ်။

ငှက်ကလေးကလည်း
မြက်ခြောက်ထုံးသီ
ကောက်ရိုးတွေစီထည့်
အိမ်ဖွဲ့ ပြီးနေတယ်။

ခါချဉ်နဂျီ
ခြတိုင်းပြည်မှာလည်း
ကိုယ်စီသက်ဆိုင်
အိုးပိုင်အိမ်ပိုင်လေးတွေနဲ့ ။

လူတွေခမြာမှာတော့
ခြံမြေရောင်းတမ်း
ကိန်းဂဏန်းတွေကြောင့်
အိမ်ခန်းအငှားတွေအဖြစ်
မြို့ ပြရဂုံ
အပူဘုံမှာ
သိုက်မြုံမဲ့နေရှာလေရဲ့ ။

မောင်နန်းဝေ (ဗန်းမော်)
*****

ရန်ကုန်မှာနေတုန်းက တိုက်ခန်းခ တနှစ်စာချုပ်ရေးအတွက် စိတ်တွေညစ်ကြရတိုင်း အမြဲပြန်ပြန်ဖတ်ဖြစ်တဲ့ကဗျာလေးပေါ့။ ကူးထားတဲ့နေ့ စွဲရယ်၊ မဂ္ဂဇင်းနာမည်ရယ် မှတ်မထားမိဘူး။ ဘာရယ်မဟုတ်ပါဘူးလေ။ အတူနေခဲ့တဲ့သူတွေကို သတိရလို့ ။ 

မိဘတွေနဲ့ ဆယ်တန်းအောင်ကတည်းကခွဲပြီး တနယ်တကျေးမှာပဲ အလုပ်လုပ်တဲ့ကိုယ့်အတွက်တော့ အတူနေတဲ့အခန်းဖော်တွေကပဲ ညီအစ်မတွေဖြစ်လာကြတယ်။ ရန်ကုန်မှာက ငါးယောက်နေတဲ့အသိုက်အမြုံလေးပေါ့။ ခုတော့ သုံးယောက်နေတဲ့ အသိုက်အမြုံလေးထဲရောက်နေပြန်ရော။ ဒါပေမယ့် အဲဒါလဲကြာကြာမခံပါဘူး။ ခုတော့ နှစ်ယောက်ထဲကျန်တော့တယ်။ အမကတော့လွတ်ရာလွတ်ကြောင်းပြေးပြီး)။ ရှေ့မှာ ဘယ်လိုအသိုက်အမြုံလေးတွေနဲ့  ထပ်ကြုံရအုန်းမယ်မသိ။ 

တခါတလေလည်း ဘာကြောင့်များအတည်တကျမနေရပါလိမ့်လို့စဉ်းစားမိတယ်။ ခုဆို လူများများနဲ့ သိုက်သိုက်ဝန်းဝန်းမနေတတ်တော့တာခက်တယ်။ နားညည်းစိတ်ရှုပ်လာရော။ ကိုယ့်ရဲ့ရင့်ကျက်မှုအတိုင်းအတာက အသက်နဲ့ပြောင်းပြန်များ အချိုးကျနေလားဆိုတာ ပြန်စဉ်းစားရအုန်းမယ်။ အမေပြောသလို တယောက်ထဲဒီလောက်တောင်နေချင်နေရင် လယ်ကွင်းထဲက သစ်ပင်ခွကြားမှာ သွားထိုင်နေတဲ့။ ဘာသွားစားရပါ့။ ခက်တယ်။