Sunday, 18 November 2012

ချစ်လို့

ခရီးထွက်ပြီးပြန်လာတဲ့သူကိုတော့ ခရီးထွက်စဉ်က အတွေ့အကြုံတွေအကြောင်း ပြောစေချင်မှာကတော့ ခန့်မှန်းလို့ရပါတယ်။ ဒါပေမဲ့ ပထမဦးဆုံးတော့ ခရီးထွက်တယ်ဆိုတာကို ဘယ်လိုကျွန်မနားလည်လဲဆိုတာကို ပြောပြချင်ပါတယ်။ အရိုးဆုံး၊ အရှင်းဆုံးပြောရမယ်ဆိုရင်တော့ ခရီးသွားတယ်ဆိုတာ မိမိနေရာအရပ်မှ အခြားသို့သွားခြင်းပါပဲ။ ကိုယ့်နေရာအရပ်ကနေ အခြားအရပ်တစ်ခုကို သွားတယ်ဆိုတာကတော့ အကြောင်းရှိတတ်ပါတယ်။ ပညာကိစ္စ၊ အလုပ်ကိစ္စတွေကြောင့်၊ မိသားစုကိစ္စ၊ လူမှုရေးကိစ္စတွေကြောင့် ဘာသာရေးအရ ဘုရားဖူး၊ အဓိဌာန်ပြုစသည်တို့ကြောင့်၊ မွေးရာပါခြေဖဝါးက ဗွေရဲ့လှုံ့ဆော်မှုကို မလွန်ဆန်နိုင်တာကြောင့် စသဖြင့် အကြောင်းအမျိုးမျိုးတွေ စဉ်းစားလို့ရပါတယ်။ အခြေခံအားဖြင့်တော့ ကိုယ့်ရဲ့သာမန်နေရာကနေ အခြားသောနေရာကို အချိန်တိုကာလလေးအတွက်ပဲဖြစ်စေ၊ ကာလရှည်ကြာစွာပဲဖြစ်စေ ရွှေ့ပြောင်းသွားတဲ့သဘောပါပဲ။
 
အင်္ဂလိပ်အဆိုတစ်ခုအရ “ခရီးသွားခြင်းသည် စိတ်ကူးဥာဏ်ကို ကျယ်ပြန့်စေတယ်” တဲ့။ ကျွန်မက ဒီသဘောတရားကို သိပ်ကြိုက်ပါတယ်။ နေရာဟောင်းကနေ နေရာသစ်ကို သွားခွင့်ရပြီးမှ အတွေးအခေါ်သစ်တွေ ဘာမှကိုမရခဲ့ဘူးဆိုရင် သွားရကျိုးက ဘာရှိမှာလဲ။ ရုပ်ပိုင်းဆိုင်ရာ ပစ္စည်းသစ်အမျိုးမျိုးဝယ်ခဲ့၊ ရနိုင်ခဲ့လို့ ကျေနပ်သူတွေ ရှိကြမှာပါ။ ဒါကတော့ သာမညအကျိုးမျှသာလို့ ကျွန်မထင်ပါတယ်။ တကယ်တန်ဖိုးရှိတဲ့ ရလဒ်မဟုတ်ပါဘူး။

ကျွန်မ ပထမဦးဆုံးထွက်ခဲ့ဖူးတဲ့ ခရီးကို ပြန်စဉ်းစားကြည့်ပါတယ်။ ၁၉၄၇ ခုနှစ် ဖေဖေအထက်မြန်မာပြည်သွားတုန်းက လိုက်ပါသွားခဲ့ရတဲ့ခရီး။ မမှတ်မိတော့ပါဘူး။ မိတ္ထီလာကန်ပေါင်ပေါ် ရိုက်ထားတဲ့ပုံ၊ မန္တလေးတောင်ပေါ်က ကျောက်မြွေကြီးတွေနားမှာ ရိုက်ထားတဲ့ပုံ၊ ဘွားဘွားဒေါ်စုအိမ်မှာ မိသားစုစုံညီရိုက်ထားတဲ့ပုံ၊ မေမြို့ (ယခုပြင်ဦးလွင်) မှာ ရိုက်ထားတဲ့ပုံ၊ ဓါတ်ပုံတွေတော့ ရှိနေပါတယ်။ ခရီးသွားစဉ်က အတွေ့အကြုံတွေကိုတော့ လူကြီးတွေပြောပြလို့ သိရပါတယ်။ ကားပြတင်းပေါက်ကနေ အဆက်မပြတ်ကြည့်နေပြီး၊ နွားတွေတွေ့ရင်
“နွားတွေ၊ နွားတွေ၊ နွားတွေ၊”
ဆိုပြီး ရေရွတ်လိုက်၊ မစ်ချောင်း-ရေကန် တွေ့ရင်
“ရေတွေ၊ ရေတွေ၊ ရေတွေ”
ဆိုပြီး ရေရွတ်လိုက်နဲ့ ခရီးသွားရှုခင်းအပေါ် သုံးသပ်ချက်ချရတာ၊ ကျွန်မရော၊ ကြားရသူပါ အမောပါပဲတဲ့၊ ဖေဖေနဲ့ မေမေက ရှေ့ကားမှာ အစ်ကိုနှစ်ယောက်နဲ့ ကျွန်မက ကျွန်မတို့အဒေါ်နဲ့ နောက်ကားမှာ၊ ခရီးလမ်းမှာ ကားရပ်ပြီးနားတဲ့အခါမှပဲ ဆုံကြရပါတော့တယ်။ ကားရပ်တာနဲ့ (လူကြီးတွေအပြောပါ၊ ကျွန်မကိုယ်တိုင် မမှတ်မိပါဘူး။) နှစ်နှစ်မပြည့်သေးတဲ့ ကျွန်မက ဖေဖေ့ဆီ တန်းပြေးပြီး
“ဖေဖေ… ဖေဖေ၊ ကလေးလေးက ချီပါတဲ့၊ ချီပါတဲ့”
လို့ပြောပါသတဲ့၊ ဖေဖေကလည်း အင်မတန်ဥာဏ်ကောင်းတဲ့ ပုဂ္ဂိုလ်ဟုတ်လား၊ ဘယ်လိုတုံ့ပြန်ရမလဲ သိတာပေါ့။
“ဘယ်ကလေးလေးကလဲ သမီးရဲ့”
လို့ပြန်မေးတယ်။ ဒီတော့ ကျွန်မဆိုတဲ့ ကလေးလည်က ရင်ဘတ်ကို လက်ကလေးနဲ့ပြပြီး
“ဒီကလေးလေးက”
လို့ ပြန်ပြောတော့ ဖေဖေက သဘောကျလို့ မဆုံးပေါ့။ ခရီးသွားတယ်ဆိုတာနဲ့ စိတ်ကူးဥာဏ်တွေ ကျယ်ပြန့်လာပြီး ဖေဖေကျအောင် ချွဲနည်းတစ်မျိုးတတ်လာတာလေ။ ခရီးသွားရကျိုး မနပ်ပေဘူးလား။
 
ဖေဖေ မရှိတော့တဲ့နောက်ပိုင်းမှာ မေမေခရီးထွက်တာတွေကိုတော့ ကောင်းကောင်းသတိရပါတယ်။ အိန္ဒိယကိုသွားတာက ပထမဦးဆုံးပါပဲ။ လေယာဉ်ပျံကွင်းကို လိုက်ပို့ကြတယ်။ မေမေက မသွားခင် ကျွန်မကိုချီထားတုန်း (ဓါတ်ပုံထဲမှာ ကတုံးလေးနဲ့ဆိုတော့ ကျွန်မ သုံးနှစ်လောက်ရှိပါလိမ့်မယ်။) လေယာဉ်ကွင်းက အမျိုးသားတစ်ယောက်က ကြွေပန်းအိုးကြီးကိုင်လာပြီး မေမေ့ကို ရေနဲ့လောင်းမယ်လို့ ကျွန်မကို စပါတယ်။ အဲဒီတုန်းက စိတ်ထဲမှာ ဝမ်းနည်းခဲ့တာကို အခုထိ ကောင်းကောင်းမှတ်မိနေတယ်။ ဘာကြောင့်မှန်းတော့မသိပါဘူး။ မေမေရေစိုသွားမှာကို တကယ့်ကြေကွဲဖွယ်ရာဖြစ်ရပ်ကြီးလို့ စိတ်ထဲမှာထင်မိတယ်။ ဒါနဲ့ငိုပါလေရော။ မေမေချီထားရင်း ပါးစပ်ပြဲကြီးနဲ့ ငိုနေတဲ့ ကျွန်မနဲ့ ပန်းအိုးကြီးနဲ့ မေမေ့ကိုလောင်းမလို့လုပ်နေတဲ့ အမျိုးသားကိုရိုက်ထားတဲ့ ဓါတ်ပုံတွေ ခုထိရှိပါသေးတယ်။ အဲဒီတုန်းက ဓါတ်ပုံရိုက်နေတာကို လုံးဝသတိမပြုမိဘူး။ မေမေရေစိုမှာကို သောကဖြစ်နေတာ၊ အိုးကို မှောက်လိုက်တော့ ရေမထွက်လာဘဲ သဲကလေး အနည်းငယ်ကျလာတောကိုတော့ ကောင်းကောင်းမှတ်မိပါတယ်။ ကျွန်မရဲ့ အဦးဆုံးမှတ်မိတဲ့ဖြစ်စဉ်တခုပါပဲ။ ခရီးသွားခြင်းနဲ့ ဆက်စပ်နေတော့ ကျွန်မမှာ ခရီးသွားခြင်းကိစ္စတွေနဲ့ များများပတ်သက်ရမဲ့ ဇာတာပါတယ်လို့ ပြောနိုင်မှာပေါ့နော်။
 
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ကျင်းပတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) နှစ်ပတ်လည်ညီလာခံကို တက်ဖို့သွားတာ မေမေ့ရဲ့ ပထမဦးဆုံး ဥရောပခရီးစဉ်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဇွန်လ ၁၃ ရက်က ကျွန်မစထွက်ခဲ့တဲ့ ဥရောပခရီးဟာ ဂျီနီဗာမြို့မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ညီလာခံသွားတာနဲ့ စခဲ့ရတာဟာ တစ်နည်းအားဖြင့် မိသားစုအစဉ်အလာကို ထိန်းလိုက်ရသလိုပါပဲ။
 
ဒီတစ်ပတ် ဒီမျှသာ…။ 

အောင်ဆန်းစုကြည်
 
 
ဒီစကား မှ

Saturday, 10 November 2012

အတွေးများ

ကိုယ့်ဘာသာကိုယ် ဘာလိုချင်မှန်း၊ ဘာကိုကြိုက်မှန်း၊ မကြိုက်မှန်းတောင်မသိဘူးတဲ့။ သူငယ်ချင်းတယောက်က ပြောတယ်။ သူပြောမှ စဉ်းစားမိတယ်။ ဟုတ်နေတာပဲ။ အဲဒီလိုမသိရင် ဘာဖြစ်မလဲ၊ သိရင်ရော။ ကိုယ်လဲ မတွေးတတ်တော့ဘူး။ ရေရှည်အတွက် တခါမှ မစဉ်းစားကြည့်မိဘူး။ ကိုယ်အခုလုပ်နေတာကို လုပ်နေနိုင်သေးသရွေ့လုပ်မယ်။ မတတ်နိုင်တဲ့ တနေ့ ထားခဲ့လိုက်မယ်။ အဲ့ဒီလိုပဲ စိတ်ကူးနေမိသေးတယ်။ အခုထိတော့။

သူပြောတော့မှ တသီကြီး တွေးနေမိတယ်။ ကိုယ်အခုအထိ လုပ်ခဲ့သမျှအရာတိုင်းဟာ ရက်လွန်ဒိတ်သတ်မှတ်ထားတဲ့ အရာတွေချည်းလို ဖြစ်နေခဲ့တယ်။ အဲ့ဒီတော့ တချိန် ကိုယ်ထားခဲ့နိုင်တယ်၊ ဒါမှမဟုတ် ရက်မလွန်ခင် ကုန်အောင် သုံးလိုက်၊ လုပ်လိုက်နိုင်မယ်။ ခုထိတော့ မနေချင်ရင် ထွက်ပြေးလို့ရသေးတဲ့ နေရာတွေမှာ ကိုယ်ရှိနေသေးတယ်။ ဒါပေမယ့် ကာလအပိုင်းအခြားတခုအထိတော့ ကိုယ်ဟာ ကိုယ်မဟုတ်သေးသလိုတော့ ခံစားရလိမ့်မယ်။ ဒီလိုနေတာ ကြာလာရင် အစတခုခု တွေ့တာနဲ့ ထွက်ပြေးချင်ပြေးလို့ရမယ့် အစလား၊ ထားခဲ့မယ်ဆို ထားခဲ့လို့ရမယ့် အစလား ကိုယ်တွေးနေမိတော့မယ်နဲ့တူတယ်။ သိပ်စိတ်ချလို့ရတာမဟုတ်ဘူး။ တာဝန်ယူလိုစိတ်မရှိတာလည်း ဖြစ်နေမလားပဲ။ အင်းးး ပြစ်ချက်တွေကလည်း များလိုက်တာ။

စကားမစပ် ခုတလော ကင်ဆာ ဆိုတဲ့ စကားလုံး ကိုယ့်အနားမှာ တဝဲလည်လည်ဖြစ်နေတာကို မုန်းတယ်။

စိတ်အခြေအနေတွေဟာ လုပ်ငန်း ကျွမ်းကျင်လာတာနဲ့အမျှ၊ လုပ်ငန်းခွင်မှာ ကောင်းတဲ့ ကူညီတတ်တဲ့ သူတွေရှိနေတာနဲ့အမျှ တက်လိုက်ကျလိုက်ဖြစ်နေတယ်။ ဒါဟာ ပုံမှန်လား။ ဟုတ်မှာပါ။ မျှတတွေး၊ ဖြန့်ထွက်တွေး၊ ဖြန့်ကျက်တွေး၊ သူ့နေရာဝင်တွေး၊ တွေး... တွေး... တွေး...။ ဒါတွေနဲ့ တည့်တည့်တိုးတော့ တွေးရမှာ ပျင်းတဲ့ကိုယ်နဲ့ အတွေးတွေနဲ့ ရန်ဖြစ်သလားလည်း မမေးနဲ့။ ဒါပေမယ့် တွေးတာကောင်းပါတယ်။ အတွေးနောက် အလုပ်ပါ ပါနိုင်ရင် အကောင်းဆုံးပေါ့။ 

အလုပ်ထဲမယ် ကိုယ်ခေါင်းခနခနမော့ဖြစ်တယ်။ ဒါပေမယ့် ဘာကြောင့်မှန်းမသိဘူး၊ အဲ့ဒီလိုမော့မိတာ။ မနေ့က ဖဘ ထဲမယ် လျောက်ဖတ်ရင်း တွေ့တာက စိတ်ဖိဆီးမှုများလာရင် ခေါင်းမော့ပေးရတယ်ဆိုပဲ။ အဲ့ဒါဆို သက်သာတယ်တဲ့။ ကိုယ့်ခန္ဒာခမျာ သနားပါတယ်။ ကိုယ်ဂရုမစိုက်တော့ သူ့ဟာသူ သက်သာရာသက်သာကြောင်း ကြည့်ကျက်နေရှာတယ်။ စိတ်မပူပါနဲ့ဟယ်၊ ငါရေကူးဝတ်စုံဝယ်ပြီးသွားပြီ...နော်။

Monday, 29 October 2012

အာလူး ကတ်တလတ်

ညကျ ရေးပေးမယ်ပြောပြီး ကတိမတည်လိုက်နိုင်ဘူး။ ချစ်ပေါက် ခွင့်လွှတ်ပါလေ။

အာလူးအနေတော် ၈လုံး
Gee (မခမ်း) တဇွန်း
ဆား အနည်းငယ်
ကြက်ဥ နှစ်လုံး (အနှစ်နဲ့ အကာခွဲထားပါ)
ဆီ

 
အာလူးတွေကို ပြုတ်လိုက်ပါတယ်။

ပြုတ်ထားတုန်း ခွဲထားတဲ့ ကြက်ဥအကာကို ခလောက်ထားပါ။

အာလူးကျက်ပြီဆို အခွံနွှာပြီး ခြေ ပါ။

ခြေပြီးရင် မခမ်း၊ ဆားနဲ့ ကြက်ဥအနှစ်ကိုထည့်ပါ။ ပြီးတော့ ရောနယ်လိုက်ပါ။
 
ဆီပူအောင်တည်ပြီးလို့ ဆီကျက်ရင် နယ်ထားတဲ့ အာလူးအရောကို စိတ်ကြိုက် အရွယ်တော် လေးတွေလုပ်ပြီး ခလောက်ထားတဲ့ ကြက်ဥအကာထဲ နှစ်လိုက်ပါ။
 
ပြီးရင် ဒယ်အိုးထဲထည့်ပြီး ကြော်လို့ရပါပြီ။ တယောက်နှစ်ခုနှုန်းဆို ငါးယောက်စားလို့ရပါတယ်။

ဒါက တတ်နိုင်သရွေ့ ချုံ့ထားတဲ့ အာလူးကတ်တလတ် လုပ်နည်းပါ။ အပျင်းနည်း လို့ လဲ ထောပနာ ပြုကြပါတယ်။
 
ကိုယ့်မေမေလုပ်တဲ့ ကတ်တလတ်က အသားပါပါတယ်။ အမဲသားပါ။ တောက်တောက်စင်းထားတဲ့ အမဲသားကို ကြက်သွန်ဖြူ နီ ငြုပ်သီးမှုန့် ဆနွင်း ဆီ နဲ့ ဆီသတ်ပြီး ခွက်ထဲလှယ်ထည့်ပါတယ်။ ကြက်သွန်ဖြူ အတုံးလိုက်လှီးထားတာ ကို အစိမ်းလိုက်ထည့်ပြီး ရောလိုက်ပါတယ်။ အာလူးအရောကို လက်ထဲမှာ ပြားထားပြီး နည်းနည်းလေး ခွက်အောင်လုပ်၊ ပြီးတော့ အသားရောကိုထည့်ပြီး ထာပနာလိုက်ပါတယ်။ ပြီးရင် ကြက်ဥ အကာထဲထည့်ပြီး ကြော်လိုက်ရင် အမေလုပ်တဲ့ ကတ်တလတ်ရပါတယ်။ အမေက မခမ်း မထည့်ပါဘူး။ ဒီနည်းက ရေးတော့သာ မြန်တာပါ။ လုပ်ရတာ သိပ်လက်ဝင်ပါတယ်။  အသား ထာပနာထားတော့ ကတ်တလတ် အလုံးကြီးက ကြီးသွားရော။ အဲ့ဒီတော့ ကြော်ရတာ ကြာပါတယ်။ ထာပနာထားတာ ပွင့်ဖို့လည်း လွယ်တော့ သိပ်ရှုပ်တယ်။ တကယ်တော့ အမေ့ဒီဟင်းချက်ရင် ကိုယ်က အလယ်သားတွေ အကုန်ဖယ်ပြီး အာလူးပဲစားတာ။
 
အဲဒီတော့ ကိုယ်လုပ်တဲ့ကတ်တလတ်က ကိုယ်ကြိုက်တဲ့ အာလူးပဲပါတော့တာပေါ့။ မခမ်းကလည်း ကိုယ့်ဟာကိုယ် ကြိုက်လို့ထည့်တာ။ ကြက်ဥ အကာနဲ့ အပြင်က မံတာက အာလူးအစလေးတွေ ဖွာမထွက်ဘဲ သပ်သပ်ရပ်ရပ်လေးလည်းဖြစ် ကြော်တဲ့သူအတွက်လည်း အလုပ်မရှုပ်တော့အောင်လို့ပါ။ ကြော်တဲ့အခါလည်း လက်မှာ ကပ်မကျန်ခဲ့တော့ဘူးပေါ့။ ရောနယ်တဲ့အထဲ အကာထည့်နယ်ရင်ကြတော့ အာလူးက မစေးတော့ပဲ ပြားပြားလေးလုပ်လို့မရတော့ပါဘူး၊ အလုံးလေးလည်း မရပါဘူး။ ရောနယ်ရင် အနှစ်ပဲ ထည့်ရမှာပါ။ ရွှေဝါရောင်သန်းလာရင်တော့ ဆယ်လို့ရပါပြီ။
 
အာလူးခြေတာမှာ တချို့က ထောင်းပါတယ်။ ကိုယ်လဲ အစက ထောင်းပါတယ်။ တနေ့ အဒေါ်တယောက်အိမ်လာတုန်း အိမ်မှာ ကတ်တလတ်လုပ်စားတာနဲ့ကြုံတော့ သူသင်ပေးသွားတဲ့နည်းနဲ့လုပ်တာ အင်မတန်လူသက်သာသွားပါတယ်။ အာလူးထောင်းရင် အားသိပ်စိုက်ရတယ်။ အဒေါ်ကတော့ အာလူးလေး ဘယ်လက်ပေါ်တင်ပြီး ခရင်းပက်လက်နဲ့ အာလူးကို ဘယ်ညာခြစ်လိုက်တော့ ထောင်းစရာမလိုတော့ပဲ ကြေမွနေတဲ့အာလူးတွေရလာပါတယ်။ အောက်က လင့်ကတော့ လက်ပေါ်တင်ခြေတာတော့မဟုတ်ပါဘူး။ ဒါပေမယ့် ခက်ရင်းနဲ့တော့ ခြေပြထားတာပါ။
 
 
ကိုယ်လုပ်တဲ့ ကတ်တလတ်က မခမ်းများသွားလို့ တော်တော်ပျော့ပြဲသွားပါတယ်။ ကြော်မရအောင် မဖြစ်သွားတာ တော်သေးတယ်။ စားတော့လည်း အီစိမ့်အစ်သွားရော။ ထမင်းနဲ့စားဖို့ဆို မခမ်း မထည့်တာ ကောင်းပါလိမ့်မယ်။ အနံ့ကြိုက်ရင်တော့ ပါလေကာလေး ထည့်တာပဲ ကောင်းပါလိမ့်မယ်။
 
ကိုယ်က ဂျေးများတယ်။ မခမ်းဆို ကိုယ့်မြို့က မခမ်းမှ မခမ်းထင်တာ။ ရန်ကုန်မှာ နေတုန်းက ရန်ကုန်ကရောင်းတဲ့ မခမ်း ဘယ်တော့မှ မဝယ်ဘူး။ မယုံတာလဲပါတာပေါ့လေ။ မြို့လူကြုံရှိမှ မှာတာ။ ဒီရောက်လာတော့လည်း အာလူးသာ ဝယ်ထားတာ လုပ်မစားဖြစ်သေးဘူး။ တနေ့ကတော့ သူငယ်ချင်းတယောက်က လစ်တဲလ်အင်းဒိယ သွားမယ် လိုက်မလားဆိုလို့ လိုက်ဖြစ်သွားရင် မခမ်း တွေ့တာနဲ့ အိမ်ခေါ်လာလိုက်တာ။ တနင်္ဂနွေမှာ ဘုရားကျောင်းတက်ရင်း အမျိုးတွေအကုန်ဆုံမှာဆိုတော့ သူတို့ပါစားရအောင် လုပ်ဖြစ်သွားတယ်။
 
ခေါ်နေကြက အာလူးကတ်တလိပ်ဆိုတော့ ဖဘမှာ ဒါတ်ပုံတင်တော့ ဒါဘာလဲလို့ လာမေးတဲ့ မလေးသူငယ်ချင်းကို ရှင်းပြဖို့ရာ ဂူဂဲတာ ဘယ်လိုမှ ဂဲ မရဘူး။ ဘယ်ရပါ့မလဲ potato catlate တွေရော catalate တွေရော နဲ့သွားရှာတာကိုး။ နောက်မှ ဂူဂဲလည်း သနားလာလို့နဲ့တူတယ်  potato cutlet  လို့အကြံပေးရှာတယ်။ အဲ့ဒီအတိုင်းလိုက်ရှာတော့ မှ အဆင်ပြေသွားတယ်။ အဲ့ဒါကြောင့် မှတ်မိနေအောင် ကတ်တလတ်လုပ်ထားတာ။
 
 
ဒါပေမယ့် ကိုယ့်ဖာသာကိုယ် ဖတ်တာတောင် ကန့်လန့်ကြီး။
 
 

Friday, 12 October 2012

တော်ရာ

ငါလိုအိုင်းစတိုင်းကို ယူလ်ဘရိုင်းနား နီးနီး လုပ်နိုင်တဲ့ရေတွေရှိတဲ့ ကျွန်းကလေးပေါ်မှာ မနေချင်ဘူးကွယ်။

Thursday, 11 October 2012

မျက်ရှု


မနေ့က အိမ်နဲ့ ဖုန်းပြောဖြစ်တယ်။ viber ကျေးဇူးက ကြီးလှပါတယ်။ အခုဆို ပိုက်ဆံလည်း မကုန်၊ အရင်လို နှစ်ပတ်တခါလောက်မဟုတ်ဘဲ နေ့တိုင်းနီးပါးလည်း ပြောလို့ရပြီ။ ကြားလား၊ ကြားတယ် နဲ့ မကြားရဘူး တို့ကတော့ အဓိက ဇာတ်ဆောင်တွေပေါ့။ အိမ်က သခင်မက စိတ်လိုလက်ရရှိရင် စကားလာပြောတယ်။ သူမပြောချင်တော့ဘူးဆို "ဟင်... ဘာမှ မကြားရဘူး" ဆိုပြီး သူ့အမေ ကိုယ့်ညီမကို ဖုန်းပြန်ပေးလိုက်တတ်တယ်။ တခါတလေများ ကိုယ်က ပြောချင်လွန်းရင် ဘာမှာမလဲ၊ မုန့်လား အင်းကျီလားလို့မေးခိုင်းတယ်ဆိုမှ ဖုန်းလာကိုင်တယ်။ "ဂါဝန်လေးလေ… ချောကလက်လေ" နဲ့ ဒါလေးတောင် မသိဘူးလားဆိုတဲ့ပုံနဲ့ ဖုန်းလာဖြေတော်မူတယ်။ မနေ့ကတော့ ထူးထူးခြားခြား သီချင်းတွေ ဆိုပြနေတယ်။ ဘာကောင်မလေးမှန်းကို မသိဘူး။ ညီမကလည်း အခု အတင်းတုပ်စရာ နောက်တယောက်အကြောင်း ထပ်ရသွားတယ်။ ကိုယ်နဲ့ညီမက အမေ့အတင်းတုတ်နေကြ။
 
ကိုယ့်အမေက သူ့မြေးနဲ့ တည့်လိုက် မတည့်လိုက်ပါပဲ။ မတည့်တဲ့အချိန်တွေကတော့ သူ့မြေးမုန့်စားချိန်နဲ့ ကိုယ့်ညီမ အိပ်ပြီး တီဗီကြည့်တဲ့အချိန်ပေါ့။ တနေ့ သမီးလေးက သူ့အဖေနဲ့အပြင်ကပြန်လာလို့ မုန့်ပါလာတယ်။ အိမ်ထဲလည်းဝင်လာတဲ့အချိန် ကိုယ့်အမေက ဧည့်ခန်းထဲမှာ ထိုင်နေတာလည်းတွေ့ရော မုန့်ထုပ်ကို သူ့ကိုယ်နောက်ကို ဖွက်လိုက်တယ်။ ညီမလေးက အိမ်အပေါ်ထပ်မှာဆိုတော့ လှေခါးရင်းသွားပြီး "မေမေရေ… မေမေရေ" နဲ့ အော်ခေါ်တော့တာပဲ။ ကိုယ့်အမေဆို ဆွေ့ဆွေ့ကို ခုန်နေရော။ ကိုယ်တို့တီဗီကြည့်ရင် တခါတလေ ဆက်တီပေါ်မှာ လှဲပြီး ကြည့်တတ်ကြတယ်။ ခါးနောက်ခုတဲ့ကူရှင်လေး ဒါမှမဟုတ် အရုပ်တွေကို ခေါင်းအုန်းရင်းပေါ့။ အဲ့ဒါ တနေ့ ကိုယ့်မေမေက ကူရှင်ခေါင်းအုန်းရင်း အိပ်ပျော်နေရော။ သမီးနဲ့ သူ့အမေ၊ ကိုယ့်ညီမက သမီး အကြိုက် ကာတွန်းကားကြည့်နေရင်း ညီမက ပျင်းလာတော့ လှဲအိပ်လိုက်တယ်။ အဲ့ဒီမှာ သမီးလေးက ဘာမပြော ညာမပြောနဲ့ ကိုယ့်အမေအိပ်နေတဲ့ ခုံကိုသွားပြီး ခေါင်းအုန်းကို သွားဆွဲထုတ်တယ်။ ပြီးတော့ မေမေရော့ ဆိုပြီး ကိုယ့်ညီမကို သွားပေးတယ်။ ကိုယ့်အမေက လန့်နိုးပြီး ပြုံးရမလို၊ ဆူရမလိုဖြစ်သွားရရော။ အဲ့ဒါမျိုးက သူ့အမေမှမဟုတ်ဘူး သူ့အဖေအိပ်နေလည်းအဲလိုပဲ။ သူ့အဖေကိုဆို ပိုသဲသေး။ အိမ်မှာက အဲ့ဒီလိုကူရှင်လေးက တခုပဲရှိတာ။ သူ့အဖေရော အမေရော အတူတူဆို သူ့အဖေကို ဦးစားပေးတယ်။

ဒင်းအကြောင်းကတော့ ပြောလို့ကို မကုန်နိုင်ဘူး။

Tuesday, 9 October 2012

ဂိုးဂွင့်ဂွက်ဂွေ

တရွေ့ရွေ့နဲ့ တွေ့လိမ့်နိုးနိုး
တိုးဝင်လာခဲ့မိတယ်…
လမ်းမသိတော့လည်း ဖြည်းဖြည်းလေးပဲပေါ့ကွယ်။

တမြေ့မြေ့နဲ့ မွေ့လိမ့်နိုးနိုး
တမ်းတနေခဲ့မိတယ်…
ကမ်းမရှိတော့လည်း ဝေး...ဝေး...သွားရင်းပေါ့ကွယ်။

တပွေ့ပွေ့နဲ့ ပြည့်လိမ့်နိုးနိုး
တိုင်တည်နေခဲ့မိတယ်
စန်းမရှိတော့လည်း ဆွေးဆွေးလေးပဲပေါ့ကွယ်။


တကယ်တော့ ဒီကဗျာက စပ်ရင်း စဉ်းစားရင်းနဲ့ ဂိုးဂွင့်ဂွက်ဂွေ ဖြစ်သွားရရှာတာ။ မဖျက်ရက်တာနဲ့ပဲ တင်လိုက်တာ။ ရုပ်ဆိုးပေမယ့်လည်း ကိုယ့်သားသမီးတော့ ချစ်ကြတာချည်းဆိုတော့လည်းလေ...။

Sunday, 16 September 2012

ဆီသည့်လက်သုတ်

စာမရေးဖြစ်တာ ကြာ ကြာလှပြီကော။ ဘယ်လိုမှလည်း ရေးလို့မထွက်။ ရေးမယ်ကြံလိုက်ရင် သင့်ပါမလား၊ ကောင်းပါ့မလား တွေက အရင် ခေါင်းထဲဝင်ဝင်လာတယ်။ ကိုယ့်စိတ်တွေ အရင်လိုပေါ့ပေါ့ပါးပါး ဘယ်လိုမှ ပြန်မဖြစ်နိုင်တော့ဘူးလား။ အရင်ရေးထားတဲ့ စာတချို့ပြန်ဖတ်ကြည့်ရင် ပေါ့ပေါ့ပါးပါးနဲ့ ရီသံစွက်နေသလို ခံစားရတယ်။ ကိုယ် အဲ့ဒီလိုပြန်ဖြစ်ချင်ပါရဲ့။

အသက်က ထိပ်စီးနောက်တခုပြောင်းတော့မယ် စိတ်ကတော့ ရင့်ကျက်မလာဘူးတဲ့အပြင် ပို ပိုပြီး နု နဲ့ လာသလိုပဲ။ ခံနိုင်ရည်တွေကလည်း ပို ပို ပါးလျားလာတယ်။ စိတ်မရှည်၊ စိတ်အလိုမကျတာတွေနဲ့ ဖြစ်မလာသေးတာတွေကို ကြိုပူပန်နေမိပြန်ရော။ ကိုယ့်ကိုယ်ကို ကိုယ်မပိုင်နိုင်သေးတာလောက် ခံရခက်တာ ကိုယ့်အတွက်တော့ ရှိမယ်မထင်ဘူး။ ခုထိပေါ့လေ။

ကြုံတွေ့ဆက်ဆံနေရတဲ့ လူတိုင်းနီးနီးကို စိတ်တိုင်းမကျပဲ၊ သာမန်ကာ လျှံကာပဲ သဘောထားနေမိတဲ့ကိုယ့်ကိုယ်ကိုလဲ စိတ်ပျက်ပါရဲ့။ အများနဲ့တယောက်မှာ ကိုယ်ကပဲ မှားနေတာလား၊ အများကပဲ မှားသလား။ ဒါမှမဟုတ် နှစ်ဖက်စလုံးမှားသလား၊ မှန်နေကြတာရော မဖြစ်နိုင်ဘူးလား။ ကိုယ့်အတ္တနဲ့ကိုယ်တော့ ကိုယ်မှန်တယ် ထင်နေမိတယ်။ 

အသက်ကြီးလာတာနဲ့အမျှ ကိုယ့်ဖာသာကိုယ် နေနိုင်ပြီဆို မိဘအတွက် ပူပန်နေရတဲ့စိတ်တွေ လျော့သွားမယ်လို့ ထင်မိတာ အမှားကြီးမှားတာပဲ။ ငယ်ရွယ်တုန်းမို့ မိဘကို အားကိုးနေရတာမို့ သူတို့မရှိတော့မှာ ပူပန်နေခဲ့မိတယ်လို့ ထင်ထားတာ၊ အသက်ကြီးလာလေ မစွန့်လွှတ်နိုင်စိတ်ပိုများလာလေပါပဲလား။ အဝေးရောက်နေတဲ့ သူတယောက်အနေနဲ့ သူတို့သာမန်လေး ဖျားနာတယ်ဆိုတဲ့စကားကိုတောင် မခံစားနိုင်လောက်အောင် ကိုယ်အသည်းငယ်နေတတ်ခဲ့ပြီ။  

သွားနေကျနေရာက မြင်နေကျသစ်ပင်တပင် မရှိတော့ရင်တောင် ခံစားရခက်တဲ့ကိုယ်... တနေ့နေ့ကို မတွေးရဲဘူး။ ဆေးလိပ်နဲ့ကွမ်း သိပ်ကြိုက်တဲ့အဖေ၊ သွေးတိုး၊ဆီးချို၊ သွေးချိုရှိပြီး ဗိုက်လေးခါခွဲထားတဲ့၊ ကျန်းမာရေးကို လုံးဝဂရုမစိုက်တဲ့အမေ၊ သူတို့နားမှာ မနေပေးနိုင်သေးတဲ့ကိုယ်။

သိပ်စိတ်ညစ်တာပဲ။