Saturday, 10 November 2012

အတွေးများ

ကိုယ့်ဘာသာကိုယ် ဘာလိုချင်မှန်း၊ ဘာကိုကြိုက်မှန်း၊ မကြိုက်မှန်းတောင်မသိဘူးတဲ့။ သူငယ်ချင်းတယောက်က ပြောတယ်။ သူပြောမှ စဉ်းစားမိတယ်။ ဟုတ်နေတာပဲ။ အဲဒီလိုမသိရင် ဘာဖြစ်မလဲ၊ သိရင်ရော။ ကိုယ်လဲ မတွေးတတ်တော့ဘူး။ ရေရှည်အတွက် တခါမှ မစဉ်းစားကြည့်မိဘူး။ ကိုယ်အခုလုပ်နေတာကို လုပ်နေနိုင်သေးသရွေ့လုပ်မယ်။ မတတ်နိုင်တဲ့ တနေ့ ထားခဲ့လိုက်မယ်။ အဲ့ဒီလိုပဲ စိတ်ကူးနေမိသေးတယ်။ အခုထိတော့။

သူပြောတော့မှ တသီကြီး တွေးနေမိတယ်။ ကိုယ်အခုအထိ လုပ်ခဲ့သမျှအရာတိုင်းဟာ ရက်လွန်ဒိတ်သတ်မှတ်ထားတဲ့ အရာတွေချည်းလို ဖြစ်နေခဲ့တယ်။ အဲ့ဒီတော့ တချိန် ကိုယ်ထားခဲ့နိုင်တယ်၊ ဒါမှမဟုတ် ရက်မလွန်ခင် ကုန်အောင် သုံးလိုက်၊ လုပ်လိုက်နိုင်မယ်။ ခုထိတော့ မနေချင်ရင် ထွက်ပြေးလို့ရသေးတဲ့ နေရာတွေမှာ ကိုယ်ရှိနေသေးတယ်။ ဒါပေမယ့် ကာလအပိုင်းအခြားတခုအထိတော့ ကိုယ်ဟာ ကိုယ်မဟုတ်သေးသလိုတော့ ခံစားရလိမ့်မယ်။ ဒီလိုနေတာ ကြာလာရင် အစတခုခု တွေ့တာနဲ့ ထွက်ပြေးချင်ပြေးလို့ရမယ့် အစလား၊ ထားခဲ့မယ်ဆို ထားခဲ့လို့ရမယ့် အစလား ကိုယ်တွေးနေမိတော့မယ်နဲ့တူတယ်။ သိပ်စိတ်ချလို့ရတာမဟုတ်ဘူး။ တာဝန်ယူလိုစိတ်မရှိတာလည်း ဖြစ်နေမလားပဲ။ အင်းးး ပြစ်ချက်တွေကလည်း များလိုက်တာ။

စကားမစပ် ခုတလော ကင်ဆာ ဆိုတဲ့ စကားလုံး ကိုယ့်အနားမှာ တဝဲလည်လည်ဖြစ်နေတာကို မုန်းတယ်။

စိတ်အခြေအနေတွေဟာ လုပ်ငန်း ကျွမ်းကျင်လာတာနဲ့အမျှ၊ လုပ်ငန်းခွင်မှာ ကောင်းတဲ့ ကူညီတတ်တဲ့ သူတွေရှိနေတာနဲ့အမျှ တက်လိုက်ကျလိုက်ဖြစ်နေတယ်။ ဒါဟာ ပုံမှန်လား။ ဟုတ်မှာပါ။ မျှတတွေး၊ ဖြန့်ထွက်တွေး၊ ဖြန့်ကျက်တွေး၊ သူ့နေရာဝင်တွေး၊ တွေး... တွေး... တွေး...။ ဒါတွေနဲ့ တည့်တည့်တိုးတော့ တွေးရမှာ ပျင်းတဲ့ကိုယ်နဲ့ အတွေးတွေနဲ့ ရန်ဖြစ်သလားလည်း မမေးနဲ့။ ဒါပေမယ့် တွေးတာကောင်းပါတယ်။ အတွေးနောက် အလုပ်ပါ ပါနိုင်ရင် အကောင်းဆုံးပေါ့။ 

အလုပ်ထဲမယ် ကိုယ်ခေါင်းခနခနမော့ဖြစ်တယ်။ ဒါပေမယ့် ဘာကြောင့်မှန်းမသိဘူး၊ အဲ့ဒီလိုမော့မိတာ။ မနေ့က ဖဘ ထဲမယ် လျောက်ဖတ်ရင်း တွေ့တာက စိတ်ဖိဆီးမှုများလာရင် ခေါင်းမော့ပေးရတယ်ဆိုပဲ။ အဲ့ဒါဆို သက်သာတယ်တဲ့။ ကိုယ့်ခန္ဒာခမျာ သနားပါတယ်။ ကိုယ်ဂရုမစိုက်တော့ သူ့ဟာသူ သက်သာရာသက်သာကြောင်း ကြည့်ကျက်နေရှာတယ်။ စိတ်မပူပါနဲ့ဟယ်၊ ငါရေကူးဝတ်စုံဝယ်ပြီးသွားပြီ...နော်။

Monday, 29 October 2012

အာလူး ကတ်တလတ်

ညကျ ရေးပေးမယ်ပြောပြီး ကတိမတည်လိုက်နိုင်ဘူး။ ချစ်ပေါက် ခွင့်လွှတ်ပါလေ။

အာလူးအနေတော် ၈လုံး
Gee (မခမ်း) တဇွန်း
ဆား အနည်းငယ်
ကြက်ဥ နှစ်လုံး (အနှစ်နဲ့ အကာခွဲထားပါ)
ဆီ

 
အာလူးတွေကို ပြုတ်လိုက်ပါတယ်။

ပြုတ်ထားတုန်း ခွဲထားတဲ့ ကြက်ဥအကာကို ခလောက်ထားပါ။

အာလူးကျက်ပြီဆို အခွံနွှာပြီး ခြေ ပါ။

ခြေပြီးရင် မခမ်း၊ ဆားနဲ့ ကြက်ဥအနှစ်ကိုထည့်ပါ။ ပြီးတော့ ရောနယ်လိုက်ပါ။
 
ဆီပူအောင်တည်ပြီးလို့ ဆီကျက်ရင် နယ်ထားတဲ့ အာလူးအရောကို စိတ်ကြိုက် အရွယ်တော် လေးတွေလုပ်ပြီး ခလောက်ထားတဲ့ ကြက်ဥအကာထဲ နှစ်လိုက်ပါ။
 
ပြီးရင် ဒယ်အိုးထဲထည့်ပြီး ကြော်လို့ရပါပြီ။ တယောက်နှစ်ခုနှုန်းဆို ငါးယောက်စားလို့ရပါတယ်။

ဒါက တတ်နိုင်သရွေ့ ချုံ့ထားတဲ့ အာလူးကတ်တလတ် လုပ်နည်းပါ။ အပျင်းနည်း လို့ လဲ ထောပနာ ပြုကြပါတယ်။
 
ကိုယ့်မေမေလုပ်တဲ့ ကတ်တလတ်က အသားပါပါတယ်။ အမဲသားပါ။ တောက်တောက်စင်းထားတဲ့ အမဲသားကို ကြက်သွန်ဖြူ နီ ငြုပ်သီးမှုန့် ဆနွင်း ဆီ နဲ့ ဆီသတ်ပြီး ခွက်ထဲလှယ်ထည့်ပါတယ်။ ကြက်သွန်ဖြူ အတုံးလိုက်လှီးထားတာ ကို အစိမ်းလိုက်ထည့်ပြီး ရောလိုက်ပါတယ်။ အာလူးအရောကို လက်ထဲမှာ ပြားထားပြီး နည်းနည်းလေး ခွက်အောင်လုပ်၊ ပြီးတော့ အသားရောကိုထည့်ပြီး ထာပနာလိုက်ပါတယ်။ ပြီးရင် ကြက်ဥ အကာထဲထည့်ပြီး ကြော်လိုက်ရင် အမေလုပ်တဲ့ ကတ်တလတ်ရပါတယ်။ အမေက မခမ်း မထည့်ပါဘူး။ ဒီနည်းက ရေးတော့သာ မြန်တာပါ။ လုပ်ရတာ သိပ်လက်ဝင်ပါတယ်။  အသား ထာပနာထားတော့ ကတ်တလတ် အလုံးကြီးက ကြီးသွားရော။ အဲ့ဒီတော့ ကြော်ရတာ ကြာပါတယ်။ ထာပနာထားတာ ပွင့်ဖို့လည်း လွယ်တော့ သိပ်ရှုပ်တယ်။ တကယ်တော့ အမေ့ဒီဟင်းချက်ရင် ကိုယ်က အလယ်သားတွေ အကုန်ဖယ်ပြီး အာလူးပဲစားတာ။
 
အဲဒီတော့ ကိုယ်လုပ်တဲ့ကတ်တလတ်က ကိုယ်ကြိုက်တဲ့ အာလူးပဲပါတော့တာပေါ့။ မခမ်းကလည်း ကိုယ့်ဟာကိုယ် ကြိုက်လို့ထည့်တာ။ ကြက်ဥ အကာနဲ့ အပြင်က မံတာက အာလူးအစလေးတွေ ဖွာမထွက်ဘဲ သပ်သပ်ရပ်ရပ်လေးလည်းဖြစ် ကြော်တဲ့သူအတွက်လည်း အလုပ်မရှုပ်တော့အောင်လို့ပါ။ ကြော်တဲ့အခါလည်း လက်မှာ ကပ်မကျန်ခဲ့တော့ဘူးပေါ့။ ရောနယ်တဲ့အထဲ အကာထည့်နယ်ရင်ကြတော့ အာလူးက မစေးတော့ပဲ ပြားပြားလေးလုပ်လို့မရတော့ပါဘူး၊ အလုံးလေးလည်း မရပါဘူး။ ရောနယ်ရင် အနှစ်ပဲ ထည့်ရမှာပါ။ ရွှေဝါရောင်သန်းလာရင်တော့ ဆယ်လို့ရပါပြီ။
 
အာလူးခြေတာမှာ တချို့က ထောင်းပါတယ်။ ကိုယ်လဲ အစက ထောင်းပါတယ်။ တနေ့ အဒေါ်တယောက်အိမ်လာတုန်း အိမ်မှာ ကတ်တလတ်လုပ်စားတာနဲ့ကြုံတော့ သူသင်ပေးသွားတဲ့နည်းနဲ့လုပ်တာ အင်မတန်လူသက်သာသွားပါတယ်။ အာလူးထောင်းရင် အားသိပ်စိုက်ရတယ်။ အဒေါ်ကတော့ အာလူးလေး ဘယ်လက်ပေါ်တင်ပြီး ခရင်းပက်လက်နဲ့ အာလူးကို ဘယ်ညာခြစ်လိုက်တော့ ထောင်းစရာမလိုတော့ပဲ ကြေမွနေတဲ့အာလူးတွေရလာပါတယ်။ အောက်က လင့်ကတော့ လက်ပေါ်တင်ခြေတာတော့မဟုတ်ပါဘူး။ ဒါပေမယ့် ခက်ရင်းနဲ့တော့ ခြေပြထားတာပါ။
 
 
ကိုယ်လုပ်တဲ့ ကတ်တလတ်က မခမ်းများသွားလို့ တော်တော်ပျော့ပြဲသွားပါတယ်။ ကြော်မရအောင် မဖြစ်သွားတာ တော်သေးတယ်။ စားတော့လည်း အီစိမ့်အစ်သွားရော။ ထမင်းနဲ့စားဖို့ဆို မခမ်း မထည့်တာ ကောင်းပါလိမ့်မယ်။ အနံ့ကြိုက်ရင်တော့ ပါလေကာလေး ထည့်တာပဲ ကောင်းပါလိမ့်မယ်။
 
ကိုယ်က ဂျေးများတယ်။ မခမ်းဆို ကိုယ့်မြို့က မခမ်းမှ မခမ်းထင်တာ။ ရန်ကုန်မှာ နေတုန်းက ရန်ကုန်ကရောင်းတဲ့ မခမ်း ဘယ်တော့မှ မဝယ်ဘူး။ မယုံတာလဲပါတာပေါ့လေ။ မြို့လူကြုံရှိမှ မှာတာ။ ဒီရောက်လာတော့လည်း အာလူးသာ ဝယ်ထားတာ လုပ်မစားဖြစ်သေးဘူး။ တနေ့ကတော့ သူငယ်ချင်းတယောက်က လစ်တဲလ်အင်းဒိယ သွားမယ် လိုက်မလားဆိုလို့ လိုက်ဖြစ်သွားရင် မခမ်း တွေ့တာနဲ့ အိမ်ခေါ်လာလိုက်တာ။ တနင်္ဂနွေမှာ ဘုရားကျောင်းတက်ရင်း အမျိုးတွေအကုန်ဆုံမှာဆိုတော့ သူတို့ပါစားရအောင် လုပ်ဖြစ်သွားတယ်။
 
ခေါ်နေကြက အာလူးကတ်တလိပ်ဆိုတော့ ဖဘမှာ ဒါတ်ပုံတင်တော့ ဒါဘာလဲလို့ လာမေးတဲ့ မလေးသူငယ်ချင်းကို ရှင်းပြဖို့ရာ ဂူဂဲတာ ဘယ်လိုမှ ဂဲ မရဘူး။ ဘယ်ရပါ့မလဲ potato catlate တွေရော catalate တွေရော နဲ့သွားရှာတာကိုး။ နောက်မှ ဂူဂဲလည်း သနားလာလို့နဲ့တူတယ်  potato cutlet  လို့အကြံပေးရှာတယ်။ အဲ့ဒီအတိုင်းလိုက်ရှာတော့ မှ အဆင်ပြေသွားတယ်။ အဲ့ဒါကြောင့် မှတ်မိနေအောင် ကတ်တလတ်လုပ်ထားတာ။
 
 
ဒါပေမယ့် ကိုယ့်ဖာသာကိုယ် ဖတ်တာတောင် ကန့်လန့်ကြီး။
 
 

Friday, 12 October 2012

တော်ရာ

ငါလိုအိုင်းစတိုင်းကို ယူလ်ဘရိုင်းနား နီးနီး လုပ်နိုင်တဲ့ရေတွေရှိတဲ့ ကျွန်းကလေးပေါ်မှာ မနေချင်ဘူးကွယ်။

Thursday, 11 October 2012

မျက်ရှု


မနေ့က အိမ်နဲ့ ဖုန်းပြောဖြစ်တယ်။ viber ကျေးဇူးက ကြီးလှပါတယ်။ အခုဆို ပိုက်ဆံလည်း မကုန်၊ အရင်လို နှစ်ပတ်တခါလောက်မဟုတ်ဘဲ နေ့တိုင်းနီးပါးလည်း ပြောလို့ရပြီ။ ကြားလား၊ ကြားတယ် နဲ့ မကြားရဘူး တို့ကတော့ အဓိက ဇာတ်ဆောင်တွေပေါ့။ အိမ်က သခင်မက စိတ်လိုလက်ရရှိရင် စကားလာပြောတယ်။ သူမပြောချင်တော့ဘူးဆို "ဟင်... ဘာမှ မကြားရဘူး" ဆိုပြီး သူ့အမေ ကိုယ့်ညီမကို ဖုန်းပြန်ပေးလိုက်တတ်တယ်။ တခါတလေများ ကိုယ်က ပြောချင်လွန်းရင် ဘာမှာမလဲ၊ မုန့်လား အင်းကျီလားလို့မေးခိုင်းတယ်ဆိုမှ ဖုန်းလာကိုင်တယ်။ "ဂါဝန်လေးလေ… ချောကလက်လေ" နဲ့ ဒါလေးတောင် မသိဘူးလားဆိုတဲ့ပုံနဲ့ ဖုန်းလာဖြေတော်မူတယ်။ မနေ့ကတော့ ထူးထူးခြားခြား သီချင်းတွေ ဆိုပြနေတယ်။ ဘာကောင်မလေးမှန်းကို မသိဘူး။ ညီမကလည်း အခု အတင်းတုပ်စရာ နောက်တယောက်အကြောင်း ထပ်ရသွားတယ်။ ကိုယ်နဲ့ညီမက အမေ့အတင်းတုတ်နေကြ။
 
ကိုယ့်အမေက သူ့မြေးနဲ့ တည့်လိုက် မတည့်လိုက်ပါပဲ။ မတည့်တဲ့အချိန်တွေကတော့ သူ့မြေးမုန့်စားချိန်နဲ့ ကိုယ့်ညီမ အိပ်ပြီး တီဗီကြည့်တဲ့အချိန်ပေါ့။ တနေ့ သမီးလေးက သူ့အဖေနဲ့အပြင်ကပြန်လာလို့ မုန့်ပါလာတယ်။ အိမ်ထဲလည်းဝင်လာတဲ့အချိန် ကိုယ့်အမေက ဧည့်ခန်းထဲမှာ ထိုင်နေတာလည်းတွေ့ရော မုန့်ထုပ်ကို သူ့ကိုယ်နောက်ကို ဖွက်လိုက်တယ်။ ညီမလေးက အိမ်အပေါ်ထပ်မှာဆိုတော့ လှေခါးရင်းသွားပြီး "မေမေရေ… မေမေရေ" နဲ့ အော်ခေါ်တော့တာပဲ။ ကိုယ့်အမေဆို ဆွေ့ဆွေ့ကို ခုန်နေရော။ ကိုယ်တို့တီဗီကြည့်ရင် တခါတလေ ဆက်တီပေါ်မှာ လှဲပြီး ကြည့်တတ်ကြတယ်။ ခါးနောက်ခုတဲ့ကူရှင်လေး ဒါမှမဟုတ် အရုပ်တွေကို ခေါင်းအုန်းရင်းပေါ့။ အဲ့ဒါ တနေ့ ကိုယ့်မေမေက ကူရှင်ခေါင်းအုန်းရင်း အိပ်ပျော်နေရော။ သမီးနဲ့ သူ့အမေ၊ ကိုယ့်ညီမက သမီး အကြိုက် ကာတွန်းကားကြည့်နေရင်း ညီမက ပျင်းလာတော့ လှဲအိပ်လိုက်တယ်။ အဲ့ဒီမှာ သမီးလေးက ဘာမပြော ညာမပြောနဲ့ ကိုယ့်အမေအိပ်နေတဲ့ ခုံကိုသွားပြီး ခေါင်းအုန်းကို သွားဆွဲထုတ်တယ်။ ပြီးတော့ မေမေရော့ ဆိုပြီး ကိုယ့်ညီမကို သွားပေးတယ်။ ကိုယ့်အမေက လန့်နိုးပြီး ပြုံးရမလို၊ ဆူရမလိုဖြစ်သွားရရော။ အဲ့ဒါမျိုးက သူ့အမေမှမဟုတ်ဘူး သူ့အဖေအိပ်နေလည်းအဲလိုပဲ။ သူ့အဖေကိုဆို ပိုသဲသေး။ အိမ်မှာက အဲ့ဒီလိုကူရှင်လေးက တခုပဲရှိတာ။ သူ့အဖေရော အမေရော အတူတူဆို သူ့အဖေကို ဦးစားပေးတယ်။

ဒင်းအကြောင်းကတော့ ပြောလို့ကို မကုန်နိုင်ဘူး။

Tuesday, 9 October 2012

ဂိုးဂွင့်ဂွက်ဂွေ

တရွေ့ရွေ့နဲ့ တွေ့လိမ့်နိုးနိုး
တိုးဝင်လာခဲ့မိတယ်…
လမ်းမသိတော့လည်း ဖြည်းဖြည်းလေးပဲပေါ့ကွယ်။

တမြေ့မြေ့နဲ့ မွေ့လိမ့်နိုးနိုး
တမ်းတနေခဲ့မိတယ်…
ကမ်းမရှိတော့လည်း ဝေး...ဝေး...သွားရင်းပေါ့ကွယ်။

တပွေ့ပွေ့နဲ့ ပြည့်လိမ့်နိုးနိုး
တိုင်တည်နေခဲ့မိတယ်
စန်းမရှိတော့လည်း ဆွေးဆွေးလေးပဲပေါ့ကွယ်။


တကယ်တော့ ဒီကဗျာက စပ်ရင်း စဉ်းစားရင်းနဲ့ ဂိုးဂွင့်ဂွက်ဂွေ ဖြစ်သွားရရှာတာ။ မဖျက်ရက်တာနဲ့ပဲ တင်လိုက်တာ။ ရုပ်ဆိုးပေမယ့်လည်း ကိုယ့်သားသမီးတော့ ချစ်ကြတာချည်းဆိုတော့လည်းလေ...။

Sunday, 16 September 2012

ဆီသည့်လက်သုတ်

စာမရေးဖြစ်တာ ကြာ ကြာလှပြီကော။ ဘယ်လိုမှလည်း ရေးလို့မထွက်။ ရေးမယ်ကြံလိုက်ရင် သင့်ပါမလား၊ ကောင်းပါ့မလား တွေက အရင် ခေါင်းထဲဝင်ဝင်လာတယ်။ ကိုယ့်စိတ်တွေ အရင်လိုပေါ့ပေါ့ပါးပါး ဘယ်လိုမှ ပြန်မဖြစ်နိုင်တော့ဘူးလား။ အရင်ရေးထားတဲ့ စာတချို့ပြန်ဖတ်ကြည့်ရင် ပေါ့ပေါ့ပါးပါးနဲ့ ရီသံစွက်နေသလို ခံစားရတယ်။ ကိုယ် အဲ့ဒီလိုပြန်ဖြစ်ချင်ပါရဲ့။

အသက်က ထိပ်စီးနောက်တခုပြောင်းတော့မယ် စိတ်ကတော့ ရင့်ကျက်မလာဘူးတဲ့အပြင် ပို ပိုပြီး နု နဲ့ လာသလိုပဲ။ ခံနိုင်ရည်တွေကလည်း ပို ပို ပါးလျားလာတယ်။ စိတ်မရှည်၊ စိတ်အလိုမကျတာတွေနဲ့ ဖြစ်မလာသေးတာတွေကို ကြိုပူပန်နေမိပြန်ရော။ ကိုယ့်ကိုယ်ကို ကိုယ်မပိုင်နိုင်သေးတာလောက် ခံရခက်တာ ကိုယ့်အတွက်တော့ ရှိမယ်မထင်ဘူး။ ခုထိပေါ့လေ။

ကြုံတွေ့ဆက်ဆံနေရတဲ့ လူတိုင်းနီးနီးကို စိတ်တိုင်းမကျပဲ၊ သာမန်ကာ လျှံကာပဲ သဘောထားနေမိတဲ့ကိုယ့်ကိုယ်ကိုလဲ စိတ်ပျက်ပါရဲ့။ အများနဲ့တယောက်မှာ ကိုယ်ကပဲ မှားနေတာလား၊ အများကပဲ မှားသလား။ ဒါမှမဟုတ် နှစ်ဖက်စလုံးမှားသလား၊ မှန်နေကြတာရော မဖြစ်နိုင်ဘူးလား။ ကိုယ့်အတ္တနဲ့ကိုယ်တော့ ကိုယ်မှန်တယ် ထင်နေမိတယ်။ 

အသက်ကြီးလာတာနဲ့အမျှ ကိုယ့်ဖာသာကိုယ် နေနိုင်ပြီဆို မိဘအတွက် ပူပန်နေရတဲ့စိတ်တွေ လျော့သွားမယ်လို့ ထင်မိတာ အမှားကြီးမှားတာပဲ။ ငယ်ရွယ်တုန်းမို့ မိဘကို အားကိုးနေရတာမို့ သူတို့မရှိတော့မှာ ပူပန်နေခဲ့မိတယ်လို့ ထင်ထားတာ၊ အသက်ကြီးလာလေ မစွန့်လွှတ်နိုင်စိတ်ပိုများလာလေပါပဲလား။ အဝေးရောက်နေတဲ့ သူတယောက်အနေနဲ့ သူတို့သာမန်လေး ဖျားနာတယ်ဆိုတဲ့စကားကိုတောင် မခံစားနိုင်လောက်အောင် ကိုယ်အသည်းငယ်နေတတ်ခဲ့ပြီ။  

သွားနေကျနေရာက မြင်နေကျသစ်ပင်တပင် မရှိတော့ရင်တောင် ခံစားရခက်တဲ့ကိုယ်... တနေ့နေ့ကို မတွေးရဲဘူး။ ဆေးလိပ်နဲ့ကွမ်း သိပ်ကြိုက်တဲ့အဖေ၊ သွေးတိုး၊ဆီးချို၊ သွေးချိုရှိပြီး ဗိုက်လေးခါခွဲထားတဲ့၊ ကျန်းမာရေးကို လုံးဝဂရုမစိုက်တဲ့အမေ၊ သူတို့နားမှာ မနေပေးနိုင်သေးတဲ့ကိုယ်။

သိပ်စိတ်ညစ်တာပဲ။

Tuesday, 19 June 2012

သူ

တမြို့လုံး အုံးအုံးကျွက်ကျွက်နဲ့ တွေ့သမျှလူ အပြုံးကိုယ်စီနဲ့ ပြည့်နေတဲ့နေ့ဆိုတာ ကိုယ်တိုင်သာမမြင်ခဲ့ရရင် ဘယ်လိုမှကို ယုံမှာမဟုတ်ဘူး။ အဲ့ဒီနေ့ပေါ့။ သူလာမယ်ဆိုတဲ့နေ့။

နေခြစ်ခြစ်တောက် ပူနေတဲ့နေ့။

မနက်ကတည်းက ညီအမနှစ်ယောက် ဆိုင်ပဲပိတ်ရမလား၊ ထိုင်ရမလား၊ ထရမလား ဘာလုပ်ရမယ်မှန်းကို မသိဘူး။ ပန်းသည်ကလည်း ဒီနေ့ကျမှ လာချိန်မှာ မလာသေးဘူး။ စိတ်ကလည်း ပူလာပြီ။ ကံ့ကော်ရော စံပယ်ရော နှင်းဆီရော အကုန်ပေးချင်နေတာ။

သူ့ကားတန်းဖြတ်မယ့် နေရာက လမ်းမတန်းကြီးကနေပဲ ဖြတ်မလိုလို၊ ကိုယ်တို့ဆိုင်ရှေ့လမ်းကပဲ ဖြတ်မလိုလိုနဲ့ သတင်းက နှစ်ခုထွက်နေတယ်။ ညီမက ဆိုင်တဖက် ကလေးတဖက်၊ ကိုယ်က မီးဖိုချောင်တဖက် အိမ်ရှေ့က အလုပ်သမားတွေတဖက် ဘာလုပ်လို့လုပ်ရမယ်မှန်းလဲမသိတော့ဘူး။ ဆိုင်ရှေ့ကသာ မဖြတ်ဖြစ်ရင်တော့ ဒုက္ခပဲလို့လဲ ခဏခဏတွေးမိတယ်။
လာမယ့်အချိန်ကလည်း အလုပ်သမားတွေ ထမင်းစားပြန်မယ့်အချိန်ဆိုတော့ သူတို့ကို အိမ်စောင့်ထားခဲ့လို့မရရင် ဒုက္ခဆိုတာလည်း စိတ်ထဲရောက်ရောက်လာပြန်တယ်။

အမေက ရန်ကုန်သွားနေတော့ အိမ်မှာ လူကြီးက ကိုယ်ပဲဖြစ်နေရတာ တဖူနာတာပဲ။

သူလာမယ့်အချိန်က ပထမကြားထားသလိုမဟုတ်ဘဲ ဟောတမျိုး ဟောတမျိုး ပြောတာ ကြားလာရပြန်တယ်။ အလုပ်သမားတွေလဲ ထမင်းသွားစားကြပြီ၊ ပန်းကလည်းမရသေး။ ဒီအချိန်မှာများလာလိုက်လို့ကတော့ကွာဆိုပြီး မချင့်မရဲတွေဖြစ်လာရပြန်ရော။

အဲ့ဒီအချိန်မှာပဲ ညီမလေးက နှင်းဆီပန်းစည်း၊ စံပယ်ကုံးနဲ့ ကံ့ကော်တွေကိုင်ပြီး အိမ်ထဲ ခပ်သုတ်သုတ်ဝင်လာတယ်။ အဲ့ဒါနဲ့ပဲ ကမန်းကတန်း ပန်းစည်း စည်းဖို့ပြင်ကြရော။ ခက်တာက တခါမှ မစည်းဖူးတာပဲ။ ဘာဖြစ်ဖြစ်ကွာဆိုပီး You Tube ထဲက တခါကြည့်ဖူးတဲ့အတိုင်း ပန်းတွေကို စီလိုက်တယ်။ ဆူးတွေကလဲ တုတ်ခိုင်လွန်းတော့ ရေစိုဝတ်နဲ့လဲသပ်ချလို့မရ။ အဲ့ဒါနဲ့ပဲ ညီမလေးကို အိမ်ရှေ့က သတင်းစာ သွားယူခိုင်းပြီး တစောင်လုံးနဲ့ပတ်ပလိုက်တယ်။ ပြီးရော။ ပြီးတော့ တိပ်နဲ့ပတ်၊ ပြီးတော့ အလှစက္ကူနဲ့ပတ်လိုက်တယ်။ အဲ့ဒါတွေ ကိုယ်လုပ်နေတဲ့အချိန်မှာ ညီမက အိမ်ရှေ့ပြေးလိုက် စနည်းနာလိုက် ပြန်လာလိုက်နဲ့။ သမီးလေးက ဟိုဖက်ပြေးလိုက် ဒီဖက်ပြေးလိုက်နဲ့။ မျက်နှာမှာလည်း သူ့ဦးလေးကပ်ပေးထားတဲ့ စတစ်ကာနဲ့ ဟုတ်နေတာ။

ကိုယ်အံ့သြမိတာ အဲ့ဒီ ပန်း စည်းတဲ့အချိန်မှာ ဖြစ်နေတဲ့ကိုယ့်စိတ်ကိုပဲ။ ပန်းတွေကလဲ ကိုယ့်မျက်စိထဲမှာ အရမ်းကို လှနေတာ။ ဒီလောက်လှတဲ့ပန်းတွေ သူရပါစေဆိုတဲ့စိတ်။ သူ့ကိုပေးဖို့ ငါပန်းစည်း စည်းနေပါ့လားဆိုတဲ့စိတ်က ရင်ထဲမယ် ဘယ်လိုအေးမြမှန်းကို မသိဘူး။ တခါမှလည်း အဲ့လောက် စေတနာစိတ် မဖြစ်ဖူးဘူး။ အဲ့ဒါနဲ့ ညီမလေးကိုပြောမိတော့ သမီးလည်း အဲ့လိုပဲတဲ့။ ပွင့်ပွင့်လင်းလင်းပြောရရင် ကိုယ်က သူ့ကို အရမ်းသဘောကျ နှစ်သက်တဲ့၊ ဘာလုပ်လုပ်အကောင်းမြင်ပေးနိုင်တဲ့ သူမဟုတ်ဘူး။ ကိုယ်တောင် အဲ့ဒီလိုဖြစ်ရင် သူ့ကို ကိုယ့်ထက်ချစ်ခင်နှစ်သက်တဲ့သူတွေရဲ့ သူ့အပေါ်ထားတဲ့ စိတ်စေတနာ ရိုက်ခတ်မှုတွေကို သူရမှာ မလွဲပါဘူး။ မေတ္တာဓါတ်ဟာ ဘယ်လောက်ဝေးဝေး သက်ရောက်တယ်ဆိုတာကို ကိုယ်ယုံတယ်။ တနိုင်ငံလုံးနီးပါးရဲ့ မေတ္တာဓါတ်ရတဲ့သူ့မှာ ခွန်အားတွေအနည်းနဲ့အများတော့ ပြည့်မှာပါ။

ကိုယ့်မေမေနဲ့ ညီမလေးက ကားအရမ်းမူးတတ်တယ်။ တကယ်ကို မခံနိုင်အောင် မူးတာ။ ကိုယ်အဲ့ဒီအချိန်ကျရင် သူတို့ကို အရမ်းသနားတာပဲ။ လူဆိုတာ မျော့မျော့ပဲကျန်တယ်။ သူလည်း အင်မတန်ကားမူးတတ်တယ်တဲ့။

ပန်းစည်း စည်းပြီးတာနဲ့ ဘုရားမလို့ အိမ်က လက်သမားတွေလဲပြန်လာတော့ သူတို့နဲ့အိမ်ကိုထားခဲ့ပြီး သမီးနဲ့ညီမလေးခေါ်ပြီး ဆိုင်ကိုထွက်ခဲ့တယ်။ အခုထိတော့ ကားကို မမြင်ရသေးဘူး။ လူတွေကတော့ တဖြည်းဖြည်းနဲ့ များလာပြီ။ ဟောပြောမယ့် ကွင်းထဲမှာလည်း သွားစောင့်နေရာဦးထားတာ အများကြီးပဲတဲ့။ အချိန်နောက်ကျရတာက လမ်းမှာ နှုတ်ဆက်တဲ့သူတွေ တအားများလို့ လို့ ပြောကြတယ်။ ကိုယ်လဲ ဆိုင်ကယ်ဆွဲပြီး တထောက်နား ထမင်းစားမယ့် ဟော်တယ်ကို ထွက်လာလိုက်တယ်။ အချိန် စနည်းနာရအောင်လို့ပါ။ နောက် ဘယ်လမ်းကလာမလဲ လဲ သိချင်လို့။ ဟော်တယ်ရှေ့မှာလဲ ဆိုင်ကယ်တွေဆိုတာ အောတိုက်။ ခဏနေ လာတော့မယ်ဆိုတာကလွဲလို့ ဘာသတင်းထူးမှ မရတာနဲ့ ဆိုင်ကို ပြန်လာလိုက်တယ်။ နောက်တနာရီလောက်ကြတော့

လာပါပြီ ကားတန်းကြီး။

ကြည့်မိတဲ့ သတင်းတွေ၊ တခြားမြို့တွေကသတင်းတွေအရဆို ကားက ဖြေဖြေးလေးပဲလာလို့ လူတွေ သူ့ကို သေချာမြင်ကြရတော့ ကိုယ်လဲ အဲ့လိုမျှော်လင့်ထားတာပေါ့။ ကိုယ်တို့မြို့ကျမှ တလွဲ။ လူတွေက ဟောမယ့်ကွင်းထဲ အကုန်နီးနီးရောက်နေရော။ တချို့ကျတော့ ဆိုင်ကယ်ကိုယ်စီနဲ့ ကားတန်းနောက်ကနေပါလာတယ်။ ဘေးတဖက်တချက်မှာ လူမရှိတော့ ကားက ဖြေးဖြေးလေး မောင်းစရာမလိုတော့ဘူးပေါ့။ ပြီးတော့ အချိန်က ဇယားအတိုင်းဆို နောက်ကျနေပြီဆိုတော့ ကားကို အမြန်မောင်းပါလေရော။ ပန်းစည်းပေးမယ့် မျှော်လင့်ချက်ကတော့ ယဲ့ယဲ့လေးပဲကျန်တော့တယ်။ သမီးလေးကတော့ ချီထားတဲ့ ညီမလေးပေါ်မှာ ပန်းစည်းကြီးကိုင်ပြီး "အမေသု အမေသု" လုပ်နေတော့တာပဲ။ ဒင်းက ဂျာနယ်တွေမှာ သူ့ပုံတွေ့ရင် ဘယ်သူမှလည်း သင်ထားတာမဟုတ်ဘဲ အမြဲနမ်းတယ်။ "ဒါ အမေစု လို့ခေါ်တယ် သိလားသမီး" လို့တော့ ပြောပြဖူးတယ်။ အဲ့ဒီမှာ မယ်မင်းကြီးမက တခွန်းမေးဖူးတယ် "အာ့ပါစု" ရောတဲ့။ ပထမ ဘာပြောလိုက်မှန်း နားမလည်လိုက်ဖူး။ သူက သူ့အမေကို အမေလို့ခေါ်ပြီး အဖေကို ကရင်လို အာ့ပါလို့ခေါ်တယ်လေ။ နောက်မှ သဘောပေါက်တယ်။ အမေစု ဆိုတာရှိရင် အာ့ပါစု ရောဘယ်မှာလည်းလို့ မေးတာ ဆိုတာကို။

အဲ့လိုပန်းစည်းပေးမယ့်သူက ကိုယ်တို့ဆိုင်ပဲရှိတော့ ကိုယ်နဲ့ညီမလေးကို တခြားဆိုင်တွေကလူတွေက ဝိုင်း ကြည့်နေကြရော။ တချို့ကျတော့လည်း သဘောတကျကျ နဲ့ "ဟဲ့ ရှေ့နားတိုးထားလေ တော်ကြာ မပေးလိုက်ရပဲနေမယ်" လို့ ပြောကြတယ်။ အိမ်မှာသာ ညီမနှစ်ယောက် ယောက်ယက်ခတ်နေတာ လူကြားထဲကြတော့မှ ရှက်နေကြရော။ အပြင်ထွက်စောင့်ရင်လဲ နေက တအားပူတော့ ပန်းတွေ ညှိုးမှာကလည်း ကြောက်ရသေးတယ်။

နောက်ဆုံး ပူပူကွာ ဆိုပြီး အပြင်ထွက်ရပ်တော့ အမျိုးသမီးတယောက်က ထီးလာဆောင်းပေးတယ်။ ကားတန်းလဲအနားရောက်လာရော နောက်နားကတယောက်က "ပန်းစည်းပေးချင်လို့၊ ပန်းစည်းပေးချင်လို့" လို့ အော်တော့ ကားက နည်းနည်းနှေးသွားတယ်။ အဲ့ဒီမှာ ဖျပ်ဆို ဘယ်နားကမှန်းမသိရောက်လာတဲ့မိန်းမတယောက်က ပန်းစည်းကို ဆွဲယူလိုက်ပြီး လှမ်းပေးလိုက်တယ်။ ညီမလေးဆိုတာလေ ဒေါသတွေထွက်လိုက်တာမှ။ ကိုယ်က အဲ့ဒါတွေ ဘာမှမသိလိုက်ဘူး။ ဓါတ်ပုံရိုက်နိုင်ဖို့နဲ့ သူ့မျက်နှာလေးမြင်ရဖို့ အလုပ်ရှုပ်နေလို့။

ကားက နှေးတယ်ဆိုပေမယ့် အရမ်းမနှေးတော့ ကိုယ် သူ့ကို မမြင်လိုက်ရဘူး။ ညီမလေးကတော့ မြင်လိုက်ရတယ်။ ဝတ်ထားတာက အနီရောင်လေး။ အသားဝင်းတာကတော့ တော်တော်လေးကို သိသာတာ။ ကိုယ့်မှာ လက်ဖျံလေးပဲမြင်လိုက်ရတယ်။ ညီမလေးကတော့ ကျေနပ်သွားတာပေါ့။

ကိုယ်လဲ အဲ့ဒါနဲ့ ညီမလေးကို ငါ ကွင်းထဲလိုက်သွားမယ်ပြောပြီး ကွင်းထဲ ထွက်ခဲ့တယ်။ ထင်တဲ့အတိုင်းပါပဲ။ တိုးလို့ကို မပေါက်ဘူး။ ခြေကျင်မဟုတ်တော့ စီးလာတဲ့ဆိုင်ကယ် ဘယ်သွားထိုးရမလဲမသိဘူး။ ဆိုင်ကယ်စီးရင်း ကိုယ်သတိထားမိတာတခုက နေပူတယ်လို့မထင်ရတာပဲ။ ကိုယ်လဲ ကိုယ့်နောက်ကပါလာတဲ့ ညီမလေးသူငယ်ချင်းကို "နေက ပူတယ်လို့မထင်ရဘူးနော်" ဆိုပြီး မနေနိုင်လို့ပြောမိတော့ သူကလည်း "ဟုတ်တယ်အမ သမီးလည်းအဲ့လိုပဲ" တဲ့။

ကံမကောင်းတတ်တဲ့ကိုယ် ကွင်းထဲမှာလည်း ဝေးဝေးကပဲလွမ်းခဲ့ရပြန်တယ်။ ပြောသမျှ ဆုံးတဲ့အထိနားထောင်ခဲ့ရင်း တနေ့နေ့တော့ အနီးကပ် တွေ့ကို တွေ့ခွင့်ရအောင်လုပ်အုန်းမယ်လို့ ကြုံးဝါးရင်း ပြန်လာခဲ့လိုက်တယ်။ တကယ်တော့ ဆက်သွားတဲ့ နောက်တမြို့ကို လိုက်ချင်သေးတာ။ အိမ်မှာ လူစောင့်မရှိတော့ ပြန်ရမှာမို့သာ။

တနေ့နေ့ပေါ့။ ။