Tuesday, 3 January 2012

ကွာရှင်းပြတ်စဲခြင်း - ၇

တရားသူကြီး အဗ်ဒူလ်ဟာ သူ့အံ့သြမှုကို ဖုံးကွယ်နိုင်စွမ်း မရှိဖြစ်နေပါတယ်။

"သမီးက... ကွာရှင်းချင်လို့"

"ဟုတ်ကဲ့"

"နေပါဦး... ဒါဆို... ညည်းက... ညည်းက လက်ထပ်ထားတယ်ပေါ့"

"ဟုတ်ကဲ့"

သူ့ဆီမှာ သမီးကို လေးစားချစ်ခင်တဲ့ အရိပ်အယောင်တွေ ပေါ်လာပါတယ်။ သူ့ရဲ့ အကျီအဖြူရောင်နဲ့ သံလွင်သီးရောင် သူ့အသားဟာ တခုနဲ့ တခု ပိုမိုထင်းလင်းစေရန် အပြန်အလှန် ကူညီနေကြသလိုပါပဲ။ သမီးရဲ့ အဖြေကို ကြားတော့ သူ့မျက်နှာဟာ ပိုလို့တောင် မည်းမှောင်သွားပါတော့တယ်။

"ဒီအရွယ်နဲ့... ဘယ်လိုလုပ်များ ဒီအရွယ်လေးက လက်ထပ်ပြီးသား ဖြစ်နေရတာလဲကွယ်..."

သမီးလည်း သူ့မေးခွန်းကို ပြန်မဖြေပဲ ဆုံးဖြတ်ချက်ချပြီးသားအတိုင်း   "သမီး ကွာရှင်းချင်ပါတယ်"   လို့ ထပ်ပြောလိုက်ပါတယ်။

သူဟာ သူ့နှုတ်ခမ်းမွှေးတွေကို  စိတ်လှုပ်ရှားလွန်းစွာ ပွတ်သပ်နေပါတော့တယ်။ သူ သမီးကို ကယ်မယ်လို့ ပြောမိမှာ စိုးလို့နဲ့ တူပါရဲ့လေ။

"ကဲ... ဒါဆို သမီးက ဘာဖြစ်လို့ ကွာရှင်းချင်ရတာလဲ..."   လို့ သူက ဆက်မေးပါတယ်။

သမီး သူ့ကို တည့်တည့် စိုက်ကြည့်ရင်းနဲ့ ပြောလိုက်တယ်။

"ဘာဖြစ်လို့လည်းဆိုတော့ သမီး ယောက်ကျားက သမီးကို ရိုက်တယ်..."

သမီးအဲ့ဒီလိုပြောလိုက်တာ သူ့မျက်နှာကို သမီးက ရိုက်လိုက်တဲ့အတိုင်းပါပဲ။ သူ ကြက် သေ သေသွားတယ်။ မယဉ်ကျေးပေမဲ့လဲ သူ သမီးကို မေးရတော့တာက

"သမီးက အခုအထိ အပျိုဘဝမှာပဲလား"

 ထွက်လာမဲ့ စကားလုံးတွေကို
သမီး ခက်ခဲစွာ ပြန်မြိုချမိတယ်။ ဒီအကြောင်းတွေကိုပြောဖို့ရာ သမီး ရှက်နေမိတယ်။ ဒါပေမယ့် တဆက်တည်းမှာပဲ သမီး နိုင်ဖို့ရာ ပြောမှဖြစ်မယ်။ ပြောကို ပြောရမယ်။

"ဟင့်အင်း သွေးထွက်သံယိုဖြစ်တဲ့အထိ ခံစားခဲ့ရပါတယ်..."

တရားသူကြီး တုန်လှုပ်သွားတယ်။ သူ့ခံစားချက်ကို ဖုံးကွယ်ဖို့ ကြိုးစားပေမယ့် သမီး သူ့ရဲ့ အံ့သြမှုတွေကို မြင်နေရတယ်။ သူ ပင့်သက် တချက်ရှိုက်လိုက်ရင်းနဲ့ သမီးကို ပြောတယ်။

"သမီးကို ဦးလေး ကူညီပါ့မယ်..."

သမီး လွတ်လပ်သွားတယ်လို့ ခံစားလိုက်ရတယ်။ တုန်ရီနေတဲ့
သူ့လက်တွေနဲ့ ဖုန်းကို ကိုင်လိုက်တာကို သမီးကြည့်နေတယ်။ ကံကောင်းခဲ့ရင်၊ သူက မြန်မြန်ဆန်ဆန် လုပ်ပေးခဲ့ရင် သမီး ဒီနေ့ ညနေပဲ မိဘတွေဆီ ပြန်နိုင်ပြီ၊   မောင်နှမတွေ အရင်လို့ ပြန်ဆော့နိုင်ပြီ။ ကွာရှင်းခြင်း။ တယောက်ထဲ ညတိုင်ကျ သမီး ယောက်ကျားဆိုတာကြီးနဲ့ တခန်းထဲ အတူရှိနေရဖို့ကို ကြောက်ရွံ့မနေရတော့ဘူး။ 

(ဆက်ရန်)

ကွာရှင်းပြတ်စဲခြင်း - ၆

သမီးအဖေက ဒေါင်လကို လုံးဝ လျစ်လျူရှုထားလိုက်ပါပြီ။ အဲ့ဒီရဲ့ အကျိုးဆက်က ဒေါင်လဟာ သူနဲ့ သူ့မိသားစု စားဝတ်နေရေးအတွက် လမ်းပေါ်မှာ တောင်းစားရပါတယ်။ ဒေါင်လက သမီးကို အိမ်ထဲဝင်ဖို့ပြောရင်း အိမ်တဝက်လောက်နေရာယူထားတဲ့ ကောက်ရိုးဖျာပေါ်မှာ ထိုင်ခိုင်းပါတယ်။ ဖျာဘေးက မီးဖိုသေးသေးလေးပေါ်မှာတော့ ရေနွေးတွေ ပွက်နေပါတယ်။

"နူဂျွတ်... သမီး ဘာတွေစိတ်ပူနေတာလဲ" လို့ မသေချာ မရေရာသလို မေးပါတယ်။ အဲ့ဒါနဲ့ သမီးလည်း သမီးရဲ့ ခံစားချက်တွေ အကုန်လုံးကို ဖွင့်ချလိုက်ပါတော့တယ်။ ဒေါင်လ လည်း သမီးရဲ့ စကားတွေ
အပေါ်မှာ တော်တော်လေးကို ခံစားသွားရသလိုပါပဲ။ တအောင့်လောက်ကြာအောင် တိတ်တဆိတ် စဉ်းစားနေပြီး သမီးအတွက် လဖက်ရည် ငှဲ့ပေးပါတယ်။ သမီးကို လှမ်းပေးရင်းနဲ့ ကိုယ်ကို ကိုင်းလိုက်ပြီး သမီးမျက်လုံးထဲကို စိုက်ကြည့်နေပါတယ်။

"နူဂျွတ်"   လို့ တိုးတိုးလေးခေါ်တယ်။  

"သမီးကို တယောက်မှ နားမထောင်ဘူးဆိုရင်တော့ သမီး တရားရုံးကိုသာ တန်းသွားပေတော့"

"ဘယ်ကို"

"တရားရုံး"

ဟုတ်ပါတယ်။ တရားရုံး ကိုဆိုတာ သမီး သိပါတယ်။ သမီးအာရုံထဲမှာ ခေါင်းပေါင်းကြီးနဲ့ တရားသူကြီးတွေရယ်၊ သုတ်သီးသုတ်ပြာဖြစ်နေတဲ့ ရှေ့နေကြီးတွေရယ်၊ မိသားစုအရေး ခိုးမှု အမွေမှုတွေကို လာရောက်တိုင်တန်းနေ တဲ့ ယောက်ကျား၊ မိန်းမကြီးတွေရယ်ဟာ တန်းစီပြီး ပေါ်လာပါတယ်။ တရားရုံးခန်းရဲ့ မြင်ကွင်းကိုလည်း ဟိုးအရင် ကြည့်နေကျ အိမ်နီးချင်းတွေအိမ်မှာ ပြတဲ့ ရုပ်မြင်သံကြား ရှိုးတခုမှာ မြင်ဖူးတယ်။

ဒေါင်လက ဆက်ပြောပြန်တယ်။ 

"တရားရုံးကိုသာ သွားပေတော့... ရောက်ရင် တရားသူကြီးနဲ့ တွေ့ချင်ပါတယ်လို့ ပြော... သူ့အလုပ်ဟာ မတရားခံရတဲ့သူတွေကို ကယ်ဖို့ပဲ..."

သမီး ဒေါင်လကို ကျေးဇူးတင်စွာနဲ့ တင်းတင်းကြပ်ကြပ်ဖက်ထားမိတယ်။ သမီးလက်ထဲကို ဒေါင်လ်စ် ၂၀၀ (70 cents) ထည့်ပေးတယ်။ သေချာပါတယ်။ ဒါ သူ တမနက်လုံး တောင်းလို့ ရထားတဲ့ ပိုက်ဆံ အကုန်ပဲဆိုတာ။

နောက်တနေ့မနက်မှာတော့ အမေနိုးဖို့ကို စိတ်မရှည်စွာနဲ့ စောင့်နေမိတယ်။ " နူဂျွတ်"  လို့ အမေက ခေါ်တယ်။ ပြီးတော့ ဒေါင်လ်စ် ၁၅၀ ပေးရင်း  "မနက်စာ ပေါင်မုန့်ဝယ်စား"  လို့ ပြောတယ်။

"ဟုတ်ကဲ့ အမေ" လို့  ရိုကျိုးစွာ ပြန်ဖြေလိုက်တယ်။

လမ်းထောင့်မှာရှိတဲ့ မုန့်ဖုတ်တဲ့ဆိုင်ကို ဦးတည်တဲ့လမ်း အတိုင်း လျောက်လာလိုက်တယ်။ နောက်ဆုံးမှာတော့ ဘာပဲဖြစ်ဖြစ်ဆိုပြီး မိန်းလမ်းမကြီးဆီကိုသွားဖို့ လမ်းပြောင်းလိုက်တယ်။ သမီးရဲ့ မျက်နှာကို ကာဖို့အတွက် ပုဝါကို ဆွဲဖုံးလိုက်တယ်။  ဒီအဝတ်စဟာ သမီးအတွက် ပထမဆုံးအကြိမ်အဖြစ် အသုံးဝင်လာခဲ့တယ်။ သမီးပျောက်နေတာကို မိဘတွေမသိခင် ဒီပတ်ဝန်းကျင်က ထွက်ပြီး  မြို့လယ်ကို သွားနိုင်ဖို့အတွက် အဝါ အဖြူကြား မီနီဘတ်စ်လေးပေါ် ခုန်တက်လိုက်တယ်။

ကားပြတင်းက ပိတ်ထားပါတယ်။ ကားမှန်ပြတင်းကနေတဆင့် မြို့ကို ငေးရင်းလိုက်လာခဲ့တယ်။

"ကဲ ဂိတ်ဆုံးပြီ"   ဆိုတဲ့ ကားမောင်းသူရဲ့ အသံကို ကြားလိုက်ရတယ်။ တုန်ရီနေတဲ့ လက်နဲ့ ငွေအကြွေအနည်းငယ်ကို လက်မှတ်စစ်ကို ပေးလိုက်တယ်။ 

တရားရုံးဘယ်မှာလဲ ဆိုတာလဲ သမီးမသိ။ စိတ်ပူပန် မောပန်းမှုတွေက သမီးတကိုယ်လုံးကို လွှမ်းခြုံထားတယ်။ လမ်း မီးရောင်အောက်မှာ ရပ်နေရင်း အငှားကားတစီးကိုတွေ့တော့ သမီးရဲ့ အတွေးစတွေကို ပြန်စုဆည်းလိုက်နိုင်တယ်။

မိုနာနဲ့ အတူ ဘာ့ဘ် အယ်လ် ယီမင် ကို သွားတုန်းက ဒီလို အငှားကားမျိုး သမီး စီးဖူးတယ်။ လက်ကို မြှောက်လိုက်ရင်း ကားကိုရပ်ပေးဖို့ အချက်ပြလိုက်တော့တယ်။

"တရားရုံးကို သွားချင်ပါတယ်"  လို့ တအံ့တသြနဲ့ သမီးကို ကြည့်နေတဲ့ ကားဆရာကို ပြောလိုက်တယ်။ ဘာတခွန်းမှ မမေးပဲ သမီးကိုလိုက်ပို့ပေးတာမှာ သမီး သူ့ကို ဘယ်လောက်ကျေးဇူးတင်တယ်ဆိုတာကို ကားဆရာကြီးကတော့ သိမှာမဟုတ်ပါဘူး။ 

ဘရိတ်နင်းသံနဲ့အတူ သမီးစီးလာတဲ့ ကားလေးဟာ တရားရုံးရဲ့ ဝင်းအရှေ့မှာ ရပ်လိုက်ပါတယ်။

တရားရုံး။

သမီး ကားပေါ်ကနေ အမြန်ဆင်းပြီး ကားဆရာကြီးကို သမီးမှာ ကျန်သမျှ ပိုက်ဆံ အကုန်လုံးကို ထိုးပေးလိုက်တော့တယ်။ 


(ဆက်ရန်)

ကွာရှင်းပြတ်စဲခြင်း - ၅

နေ့လည်နေ့ခင်းတွေမှာ သမီးက ယောက္ခမရဲ့ အမိန့်တွေကို နာခံရတယ်။ ဟင်းသီးဟင်းရွက်တွေ လှီးချွတ်ရတယ်။ ကြမ်းတိုက်ရတယ်။ ပန်းကန်ဆေးရတယ်။ ခနလေး နားလိုက်တာနဲ့ သမီးယောက္ခမက ဆံပင်ဆွဲတော့တာပါပဲ။


တနေ့မနက်မှာတော့ သမီးနဲ့ ရွယ်တူ ကလေးတွေနဲ့ သွားကစားဖို့ ယောက္ခမကို ခွင့်တောင်းမိတယ်။


"မဖြစ်နိုင်တာ။ ငါတို့ ဂုဏ်သိက္ခာတွေကျဆင်းအောင် နင့်ကို ခွင့်ပြုရမှာလား..."


သူဟာ မနက်တိုင်း အိမ်က ထွက်သွားပြီး နေမဝင်ခင် ပြန်လာလေ့ ရှိတယ်။ သူပြန်လာသံကြားလိုက်တိုင်း သမီး ရင်ထဲမှာ ဘယ်တော့မှ မလျော့တဲ့ ထိတ်လန့်နာကျင်ခြင်းတွေဟာ အမြဲ နေရာယူခဲ့တယ်။
ညရောက်တဲ့အခါမှာလည်း ဘာတွေကို ပြန်လည် ကြုံရအုန်းမလဲဆိုတာ သေချာသိနေပြန်တယ်။ မလျော့တဲ့ ရက်စက်ခြင်းတွေ၊ မလျော့တဲ့ နာကျင်ရခြင်းတွေ၊ ဝမ်းနည်းရခြင်းတွေ။


သူသမီးကို ရိုက်နှက်လာတာ သုံးရက်မြောက်တဲ့နေ့မှာတော့ ပထမ လက်နဲ့ရိုက်နေရာကနေ တုတ်ပါ ပါလာပါတယ်။ သူ့အမေကလည်း သူ့ကို ပြည့်ပြည့်ဝဝကို ထောက်ခံ အားပေးပါတယ်။ သူ သမီးကို မကျေနပ်တာတွေ ပြောတာနဲ့ သူ့အမေကလည်း သူ့ကို အမြဲ အားပေးနေကြစကားရှိပါတယ်။


"ပိုနာအောင် ထပ်ရိုက်မှပေါ့.. သူ မင်းစကားကို နားထောင်ရမယ်လေ... မင့် မယားပဲဟာ"


သမီးလေ ဘယ်တော့မှ ပျောက်ပျက်မသွားတော့မဲ့ ကြောက်ရွံ့ခြင်းတွေနဲ့ ရှင်သန်နေရသလိုပဲ။ တတ်နိုင်ရင် ချောင် တခုမှ ပုန်းနေရင်းနဲ့ ပျောက်ကွယ်သွားလိုက်ချင်တယ်။ နေ့တွေ ညတွေကို ဒီလိုနဲ့ပဲ ဖြတ်သန်းနေရတယ်။ သမီးရဲ့ မြို့ ဆာနာကိုလည်းလွမ်းတယ်။ ကျောင်းကလေးကိုလည်း လွမ်းတယ်။ မောင်နှမတွေကိုရောပေါ့။ အထူးသဖြင့် ဟိုင်ဖှာ။ သူ သမီးလိုမျိုး မင်္ဂလာမဆောင်ဖြစ်ပါစေနဲ့။


တမနက်မှာတော့ သမီး ငိုလွန်းမက ငိုပြီး ပြောလာတော့ သူ သမီးကို အိမ်ပြန်လည်ဖို့ ခွင့်ပေးပါတယ်။ သူက သမီးနဲ့ အတူတူလိုက်ခဲ့ပြီး သူ့ အကို အိမ်မှာ နေမယ်။ ပြီးရင်တော့ သမီးက သူနဲ့ အတူ ပြန်လိုက်လာရမယ်လို့ ဆိုတယ်။ သမီး ကမန်းကတန်းနဲ့ ပစ္စည်းတွေ သိမ်းလိုက်တယ်။


"နင့် ယောက်ကျားကို စွန့်ဖို့ဆိုတာ မေးဖို့ကို မလိုတဲ့မေးခွန်းပဲ..."


အဖေ့တုံ့ပြန်မှုဟာ မယုံနိုင်အောင်ပါပဲ။ သမီး အိမ်ပြန်လာတဲ့ခရီးရဲ့ အပျော်ကို အဆုံးသတ်လိုက်သလိုပါပဲ။ အမေကလည်း ဘာမှဝင်မပြောပဲ  "ဘဝဆိုတာဒါပဲ နူဂျွတ်။ ဒါတွေဟာ မိန်းမတွေ လက်ခံ သင်ယူရမယ့် အရာတွေပဲ"  ဆိုတာကိုပဲ တိုးတိုးလေး ရေရွတ်တယ်။


ဒါဆို အမေ ဘာလို့ သမီးကို သတိမပေးခဲ့သလဲ။ ခုတော့ သမီးမှာ ထောင်ချောက်ထဲ ရောက်နေရပြီလေ။


"နူဂျွတ်"    လို့ အဖေက ခေါ်တယ်။   "အခု သမီး ဟာ အိမ်ထောင်ရှင်ဖြစ်နေပြီ။ သမီး ရဲ့ အိမ်ထောင်ဖက်နဲ့ပဲ နေရမှာပဲ။ နင့်ယောက်ကျားကို နင်ကွာရှင်းရင် ငါ့ညီအစ်ကိုတွေနဲ့ ဝမ်းကွဲတွေက ငါ့ကို သတ်လိမ့်မယ်။ ဂုဏ်သိက္ခာဟာ ပထမထားရမဲ့ အရာပဲ"


သမီး စက်ဝန်းပေါ်မှာ လမ်းလျောက်နေသလိုပါပဲ။ လမ်းဆုံးကို မမြင်ရဘူး။ သမီး အဖေ၊ အစ်ကိုတွေ၊ ဦးလေးတွေ တယောက်မှ သမီးခံစားချက်ကို နားမထောင်ပေးကြဘူး။


သမီး ဒေါင်လ ကို တွေ့ဖို့ ထွက်လာခဲ့တယ်။ အဖေ့ရဲ့ ဒုတိယမိန်းမပေါ့။ သမီးတို့ လမ်းတဖက်မှာ ကလေးငါးယောက်နဲ့အတူ အခန်းသေးသေးလေးမှာ နေထိုင်တယ်။ အများသုံးအိမ်သာနဲ့ အမှိုက်ပုံတွေက အနံ့တွေကနေ သက်သာဖို့ နှာခေါင်းပိတ်ရင်းနဲ့ လှေခါးအတိုင်း တက်သွားတယ်။  အနီနဲ့ အနက် စပ်ကြား အကျီရှည်နဲ့ ဒေါင်လဟာ တံခါးဖွင့်ပေးရင်း သမီးကို အပြုံးနဲ့ ကြိုနေခဲ့တယ်။
"နူဂျွတ်ရယ် မထင်ပဲ တွေ့ရတာ ဝမ်းသာလိုက်တာ...လာ...လာ..."


သမီး ဒေါင်လကို သဘောကျတယ်။ အရပ်ရှည်ရှည်သွယ်သွယ်နဲ့ နူးညံ့တယ်။ အမေ့ထက်လည်း လှတယ်။ ပြီးတော့ သမီးကို ဘယ်တော့မှ မဆူဘူး။ ဒါပေမယ့် သူလဲ အဆင်ပြေ လှတယ်တော့လည်း မဟုတ်ပါဘူးလေ။

(ဆက်ရန်)

ကွာရှင်းပြတ်စဲခြင်း - ၎

သမီး ဘယ်တော့မှ မနိုးထတော့ရင် သိပ်ကောင်းမှာပဲ။ သမီးရဲ့ အခန်းတံခါး ဆောင့်ပိတ်လိုက်သံကြောင့် သမီး ကြောက်လန့်တကြားနဲ့ နိုးသွားတယ်။ သမီး မျက်လုံးကိုတောင် မနည်းအားယူပြီးဖွင့်နေရတဲ့အချိန်မှာ
အမွှေးအမျှင်တွေနဲ့ စိုစိုထိုင်းထိုင်း ခန္ဒာကိုယ်ကြီးတခု သမီးအပေါ် ဖိစီးထားတယ်လို့ ခံစားလိုက်ရတယ်။ တယောက်ယောက် မီးအိမ်ကို ငြှိမ်းထားတယ်နဲ့တူတယ်။ အခန်းဟာ မှောင်မိုက်လွန်းပြီး ဘာကိုမှ မမြင်ရ။


အဲ့ဒါ သူပဲ။


စီးကရက်နဲ့ ခက်ထ် နံ့တွေ မွှန်ထူလွန်းနေလို့သူ့ကို သူမှန်း သမီး မှတ်မိသွားတယ်။ သမီးကို သူ့ကိုယ်လုံးနဲ့ ပွတ်သပ်နေခဲ့တယ်။


"သမီး တောင်းပန်ပါတယ် ဦးလေးရယ်... သမီးကို မနှောက်ယှက်ပါနဲ့..."  လို့ သမီး တုန်တုန်လှုပ်လှုပ်နဲ့ သူ့ကို တောင်းပန်တယ်။


"နင်ဟာ ငါ့မိန်းမပဲ..."


သမီး ခုန် ထလိုက်တယ်။ တံခါးဟာ သေသေချာချာပိတ်မထားသေးဘူးပဲ။ မီးရောင် မှုန်မှုန်လေး မြင်နေရတာနဲ့ သမီးလည်း ခြံထဲရောက်တဲ့အထိ တဟုန်ထိုး ထွက်ပြေးလာခဲ့တယ်။ သူ သမီးနောက်ကနေ ပြေးလိုက်လာတယ်။


"ကယ်ကြပါဦး... ကယ်ကြပါရှင်..."


သမီး ငိုရှိုက်ရင်း အော်ဟစ်နေမိတယ်။ သမီးဘယ်လောက်ပဲအော်အော် သမီးအော်သံဟာ ညအမှောင် ဟင်းလင်းပြင်ထဲကိုပဲ ဝင်ရောက် ပျောက်ကွယ်သွားတယ်။ သမီး အမောဆို့တဲ့အထိကို ပြေးနေမိတယ်။ တစုံတခုနဲ့ ခလုတ်တိုက်မိလို့ ခြေထောက်ကို ဆွဲထုတ်နေတုန်းမှာပဲ လက်တစုံဟာ သမီးကို တင်းကြပ်စွာနဲ့ ဆုပ်ကိုင်ထားတာ ခံလိုက်ရတယ်။ အိပ်ခန်းထဲကို တွန်းထိုးဆွဲခေါ်သွားရင်း သမီးကို ဖျာပေါ် ဆောင့်တွန်းချလိုက်တယ်။  ခန္ဒာကိုယ်ကို ချည်နှောင်ထားသလိုမျိုး၊ သွက်ချာပါဒလိုက်နေသလို တကိုယ်လုံး လှုပ်မရတော့လောက်အောင် ခံစားရတယ်။


မိန်းမဖော် အကူအညီရလိုရငြား သမီး ယောက္ခမကို အော်ခေါ်မိပြန်တယ်။


"အမေရေ... ဒေါ်ဒေါ်..."


ဘာသံမှ ပြန်မကြားရ။


သူ့ရဲ့ ကျူးနစ်ခ် အကျီကို ချွတ်နေတုန်း လွတ်လိုလွတ်ငြား သမီး လှိမ့်ထွက်လိုက်တယ်။ ဒါပေမယ့် သူ သမီးကို အကျီကနေ လှမ်းဆွဲထားလိုက်တယ်။ သမီး လွတ်မြောက်ဖို့ ထပ်ကြိုးစားရင်းနဲ့ သူ့ကို ပြောလိုက်တယ်။


"သမီးအဖေနဲ့ တိုင်ပြောမယ်..."


"နင့်အဖေကို နင်ကြိုက်တာ ပြောနိုင်တယ်။ သူ လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးပြီးသား။ နင့်မှာ ဘာအခွင့်အရေးမှ မရှိဘူး.."  လို့ပြောရင်းနဲ့ ဆိုးဝါးလှစွာ ရယ်နေပါတော့တယ်။


"နင်ဟာ အခုငါ့မိန်းမ ဖြစ်သွားပြီ။ ငါဖြစ်စေချင်တာ ဘာမဆို နင် လုပ်ပေးရမှာပဲ.."


ချက်ချင်းဆိုသလိုပဲ သမီးကို ဟာရီကိန်းမုန်တိုင်းကြီးက  ရိုက်ခတ်လိုက်သလိုမျိုး၊ မိုးကြိုးပစ်ချလိုက်သလိုမျိုး အားအပြည့်နဲ့ ဆောင့်တွန်းလိုက်သလိုခံစားလိုက်ရပြီး ဘယ်လိုမှကို ပြန်မခုခံနိုင်တော့အောင်ပါပဲ။ ပူပြင်းတောက်လောင် လှတဲ့ အရာများဟာ အစုလိုက်အပြုံလိုက် သမီး ရဲ့ ရင်ထဲကို တိုးဝင် လောင်မြှိုက်လိုက်သလို ခံစားလိုက်ရတယ်။ ဘယ်လိုပဲ သမီး အော်ဟစ်ပြီး အကူအညီတောင်းလည်း တယောက်မှ ရောက်မလာခဲ့ပါဘူး။ တကယ်ကို နာကျင်လွန်းလှပါတယ်။ ပြင်းထန်စွာ နောက်ထပ် အော်ဟစ်နေရင်းနဲ့ သမီး မှောင်အတိကျသွားတယ်။


ဘဝသစ်ကို လက်ခံနိုင်ဖို့ သမီးအမြန်ကြိုးစားရတယ်။ သမီးမှာ ဒီအိမ်ကို စွန့်ခွါဖို့၊ အထွန့်တက်ဖို့၊ မလုပ်ဘူး မဟုတ်ဘူးလို့ ငြင်းဆန်ဖို့ အခွင့်အရေးမရှိပါဘူး။

(ဆက်ရန်)

ကွာရှင်းပြတ်စဲခြင်း - ၃

သမီး မင်္ဂလာဆောင်ဖို့ ရက်ဟာ လျင်လျင်မြန်မြန်ပဲ ရောက်ရှိလာပါတော့တယ်။ အဲဒီနောက် သမီးရဲ့ ကံကြမ္မာဟာ သမီးကို မျက်နှာသာမပေးဘူးဆိုတာ စ သိလိုက်ရတာကတော့ သမီး ရဲ့ အိမ်ထောာင်ဖက်ဖြစ်လာမယ့်သူရဲ့ မိသားစုဝင်တွေက သမီးကို ကျောင်းဆက်မတက်ရဘူးလို့ ဆုံးဖြတ်လိုက်ကြတာကိုပါပဲ။ 

သမီးကျောင်းကိုချစ်တယ်။ ကျောင်းကသာ သမီးရဲ့ လွတ်မြောက်နယ်မြေ။ သမီးအတွက် ပျော်ရွှင်ခြင်းတွေရှိတဲ့ တခုတည်းသောနေရာ။

မင်္ဂလာဆောင်မယ့် နေ့ရောက်လို့ သမီး မင်္ဂလာပွဲထဲ ဝင်လာတယ်ဆိုရင်ပဲ သမီးရဲ့ ဝမ်းကွဲအမတွေက လက်ခုပ်တွေတီး၊ စူးစူးရှရှ အော်ဟစ်ကြပြီး ကြိုဆိုကြပါတယ်။ ဒါပေမယ့် မျက်ရည်တွေပြည့်နေတဲ့ သမီး၊ သူတို့ မျက်နှာတွေကို မမြင်ရပါဘူး။ ပြီးတော့ သမီးနဲ့ အဆမတန်ကြီးနေတဲ့ မင်္ဂလာဝတ်စုံကို တက်မနင်းမိဖို့လည်း ကြိုးစားနေရသေးတယ်လေ။ သမီးရဲ့ ချောကလက်ရောင်လွင့်လွင့် ရှည်လျားလှတဲ့ ကျူးနစ်ခ် ဝတ်စုံဟာ သမီး ခဲအိုတော်ရတော့မယ့်သူရဲ့ ဇနီးရဲ့ ဝတ်စုံပါ။ ဆံထုံးကတော့ သမီးရဲ့ အမျိုး အဒေါ်ကြီးတွေက ထုံးပေးထားတာ။ ခေါင်းအနောက်ဖက်မှာ ပုံ့ပုံ့ကြီး ကျလို့ပေါ့။

သမီးကို လာတောင်းရမ်းခဲ့တဲ့နေ့ကစလို့ နှစ်ပတ်ဆိုတဲ့ အချိန်က ကုန်လွယ်ခဲ့လိုက်တာ။ အမျိုးသမီးတွေဟာ သမီးရဲ့ မင်္ဂလာဆောင်ကို သမီးမိဘတွေရဲ့ သေးငယ်လှတဲ့ အိမ်ကလေးထဲမှာ ကျင်းပပါတယ်။ အားလုံး အယောက်လေးဆယ် လောက်တော့ရှိမယ်။ အဲဒီအချိန်မှာပဲ အမျိုးသားတွေကတော့ ကျမရဲ့ ဦးလေးတယောက်အိမ်မှာ စုနေကြပြီ။  သမီးရဲ့ လက်ထပ်စာချုပ် ကိုတော့
လွန်ခဲ့တဲ့ နှစ်ရက်ကပဲ အမျိုးသားတွေချည်းပဲ စုဝေးရင်း ချုပ်ဆိုခဲ့ကြတယ်။ သမီးရသင့်တဲ့ တင်တောင်းငွေကို ရိုင်လ်စ် တစ်သိန်းခွဲ ($740 ခန့်) လို့ သတ်မှတ်လိုက်ကြတယ်။

နေဝင်သွားတာနဲ့အမျှ ဧည့်သည်တွေလည်း ပြန်ကုန်ကြပြီ။ သမီးလည်း ပင်ပန်းလွန်းလို့ အဝတ်အစားတောင် မလဲနိုင်ပဲအိပ်ပျော်သွားတော့တယ်။ နောက်တနေ့ မနက်မှာတော့ အမေက သမီးကို နှိုးတယ်။ သမီးရဲ့ အဝတ်ထုတ်ကလေးက အိမ်တံခါးဝအရှေ့မှာ။ အပြင်ဖက်က ကားဟွန်းသံကြားတော့ အမေက အကျီနက်နဲ့ ခေါင်းပုဝါကို ကူခြုံပေးတယ်။ 

"ဒီနေ့ကစပြီးတော့ သမီးဟာ လမ်းထွက်တိုင်း ကိုယ့်ကိုယ်ကို လုံလုံခြုံခြုံကာကွယ်ဝတ်ဆင်ရမယ်။ သမီးဟာ အခု အိမ်ထောင်ရှင်ဖြစ်သွားပြီ။ အဲဒီလို မဝတ်ရင် သမီးအိမ်သားရဲ့ ဂုဏ်သိက္ခာ ကျစေနိုင်တယ်။"

သမီး ဝမ်းနည်းစွာ ခေါင်းငြှိမ့်ပြလိုက်တယ်။

အိမ်ရှေ့မှာ ရပ်ထားတဲ့ SUV ရဲ့နောက်မှာ အဖြူရောင် ဇာနာ ဝတ်စုံကို ဝတ်ထားပြီး နှုတ်ခမ်းမွှေးနဲ့ခပ်ပုပု လူတယောက် ရပ်နေရင်း သမီးကို စိုက်ကြည့်နေတယ်။ သူ့ရဲ့ဆံပင်တိုတွေဟာ ရှုပ်ပွနေပြီး မျက်နှာမှာလည်း အမွှေးအမျှင်တွေက ကျိုးတိုးကျဲတဲနဲ့ သေသေချာချာ ရိပ်သင်ထားပုံ မပေါ်ပါဘူး။ သူဟာ လူချော လူခန့်တယောက်တော့ မဟုတ်ဘူး။ ဒါဆို ဒါဟာ ဖက်ဇ် အလီ သာမာ ပေါ့။

ကားစက်နှိုးပြီးလို့ စထွက်တာနဲ့ သမီး တိတ်တိတ်လေး ငိုနေမိတယ်။ ကားပြတင်းကတဆင့် အမေ့ပုံရိပ် သေးသေးလေးကနေ ပျောက်ကွယ်သွားတဲ့အထိ ကြည့်ရင်းနဲ့ပေါ့။

ခါတ်ဒ်ဂျီက ကျောက်တုံးအိမ်များစွာရဲ့ တခုသောအိမ်ဝင်ပေါက်ရှေ့မှာ သမီးတို့ကို အမျိုးသမီးတယောက် ရပ်စောင့်နေတယ်။ သူ သမီးကို မနှစ်လိုဘူးဆိုတာ မြင်မြင်ချင်း သမီး တန်းသိလိုက်ပါရဲ့။ သမီးရဲ့ အသစ်စက်စက်ယောက္ခမဟာ အိုမင်းပြီးတော့ သူ့ အသားအရေတွေဟာ ပုတ်သင်ညိုတကောင်လို တွန့်လိပ်နေပါပြီ။ သူက သမီးကို ဝင် ဆိုတဲ့သဘောနဲ့ လက်ဝှေ့ရမ်းပြတယ်။ အိမ်ထဲမှာ ပရိဘောဂဆိုတာ မရှိသလောက်ပါပဲ။ အိပ်ခန်းလေးခန်း၊ ဧည့်ခန်းနဲ့ မီးဖိုချောင် သေးသေးလေးတခု။ ဒါပဲ။

သူ့ အမတွေ ပြင်ဆင်ထားတဲ့ အသားဟင်းနဲ့ ထမင်းကို စားကောင်းကောင်းနဲ့ သမီး စားပစ်လိုက်တယ်။ သမီးတို့ ထမင်းစားပြီးတော့ ရွာထဲက လူကြီးတချို့ ခက်ထ် ဝါးဖို့ ရောက်လာကြတယ်။ သမီးရဲ့ အသက်အရွယ်နဲ့ သူ့အမျိုးသမီးဆိုတဲ့ ဖြစ်ရပ်ဟာ သူတို့တွေ တယောက်မှကို မအံ့သြစေခဲ့ပါဘူး။ နောက်ပိုင်း သမီးသိလာတာ သမီးတို့လို အရွယ်လေးတွေရဲ့ အိမ်ထောင်ပြုခြင်းအမှုဆိုတာ သမီးတို့ ပတ်ဝန်းကျင်မှာ ဖြစ်နေကြအဖြစ်အပျက်၊ အထူးအဆန်းမဟုတ်တဲ့ ဖြစ်ရပ် ဆိုတာပါပဲ။ 

ဘာတဲ့... ဆိုရိုးတောင်ရှိသေးဆိုပဲ။ " ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးအာမခံချက် ဒါမှမဟုတ် အိမ်ထောင့်အရသာ ဟာ ၉ နှစ်အရွယ် မိန်းကလေးကိုလက်ထက်မှသာလျှင် ရရှိပါလိမ့်မယ်" တဲ့။

သမီးကို အခန်းထဲ သွားနားလို့ ရပြီလို့ပြောလိုက်တော့ ပျော်လိုက်တာ။ ယက်ထားတဲ့ ဖျာရှည်ရှည်လေးတခု ကြမ်းပြင်ပေါ်မှာ ခင်းထားတယ်။ သမီး အိပ်ယာပေါ့။ သမီးအိပ်ပျော်သွားဖို့ မီးပိတ်ဖို့တောင် မလိုတော့ပါဘူး။

(ဆက်ရန်)

Monday, 2 January 2012

ကွာရှင်းပြတ်စဲခြင်း - ၂

 မိန်းမတွေအတွက် ရွေးချယ်မှုဆိုတာမရှိ ဆိုတဲ့သင်ရိုးရှိတဲ့ ယီမင်က ရွာလေးတရွာဖြစ်တဲ့ ခါတ်ဒ်ဂျီ မှာ သမီး ကို မွေးပါတယ်။ သမီးအမေ ရှိုရာဟာ အသက် ၁၆နှစ် အရွယ်လောက်မှာ သမီးအဖေ အလီ မိုဟာမက် အာလ် အဒဲလ် ကို ခုခံ ငြင်းဆိုခြင်း တစုံတရာမရှိဘဲနဲ့ လက်ထပ်ခဲ့ပါတယ်။ လေးနှစ်လောက် ကြာပြီးတဲ့နောက်မှာတော့ သူနောက်ထပ်မိန်းမ ယူသင့်ပြီလို့ သမီးအဖေက ဆုံးဖြတ်တော့လဲ အမေက ရိုကျိုးစွာ လက်ခံခဲ့ပါတယ်။
 
အဲဒီလိုပဲ သမီးလည်း သမီးရဲ့ မင်္ဂလာဆောင်ကိစ္စကို နောက်ဆက်တွဲအခြေအနေတွေဘာမှ မသိဘဲနဲ့ အမေ့လိုပဲ ပထမတော့ လက်ခံခဲ့ပါတယ်။ သမီးတို့ အရွယ်ကလေးငယ်တွေဟာ တကယ်တန်းတော့ ကိုယ့်ကိုယ်ကိုယ် မေးခွန်းတွေသိပ်အများကြီး မမေးတတ်ကြတာကလည်း သဘာဝပဲမဟုတ်လားလေ။
 
အမေဟာ သမီးကိုလည်း သူ့ကလေး ၁၆ယောက်လုံးကို မွေးခဲ့သလို  အိမ်မှာပဲ မွေးပါတယ်။ သမီးဟာ အမေအိမ်အလုပ်တွေပဲ သိမ်းကြုံးလုပ်နေတာကို စောင့်ကြည့်ရင်း၊ သမီး အစ်မနှစ်ယောက် စမ်းချောင်းလေးကနေ ရေသွားသယ်ရင် အတူတူလိုက်သွားနိုင်တဲ့ အရွယ်ရောက်ဖို့ကို စိတ်မရှည်စွာနဲ့
စောင့်ဆိုင်းရင်းနဲ့ပဲ ကြီးပြင်းလာခဲ့ရပါတယ်။ 

သမီး နှစ်နှစ် သုံးနှစ် အရွယ်လောက်မှာ အဖေနဲ့ ရွာသားတွေ ပြဿနာတက်တာ ကြုံခဲ့ရတယ်။ သမီးသိသမျှကတော့ ဒုတိယအကြီးဆုံး အမ မိုနာ ရုတ်တရက် လက်ထပ်လိုက်တာပါပဲ။ သူ့အသက် ရှိလှ လွန်ရော ကျွံရော ၁၃နှစ်ပေါ့။ သမီးတို့လည်း ရွာကနေ ချက်ချင်းထွက်လာခဲ့ရတော့တယ်။

သမီးတို့ ဆာနာ မြို့ကို ရောက်လာတာ ရုတ်ချည်းဆိုသလိုပါပဲ။ မြို့တော်ဟာ ဖုန်တွေနဲ့ မှုန်မှိုင်းနေပြီးတော့ ဆူညံလွန်းလှပါတယ်။ အယ်လ်ကွာ အရပ်က လူနေထူထပ် ပြွတ်သိပ်လှတဲ့ ဆင်ခြေဖုန်းရပ်ကွက်တခုထဲကို ပြောင်းရွှေ့နေထိုင်ရပါတယ်။

အဖေဟာ နောက်ဆုံးမှာတော့ ကျန်းမာရေး အဖွဲ့အတွက် တံမျက်လှည်းတဲ့အလုပ်ကို ရရှိခဲ့ပါတော့တယ်။
သမီးတို့ ရွာကထွက်လာပြီး နှစ်လကြာတဲ့နောက်မှာတော့ သမီးအစ်မ မိုနာ သူ့ယောက်ကျားနဲ့ အတူ သမီးတို့ဆီ ရောက်လာပါတော့တယ်။

သမီးတို့ အခုနေတဲ့ အရပ်ထဲက ကျောင်းကလေးမှာ ပထမတန်းကို ကောင်းမွန်စွာနဲ့တက်ရောက်နိုင်ခဲ့ပြီး အခုဆိုရင် သမီးရဲ့ ဒုတိယတန်း စာသင်နှစ်အစတောင် ရောက်နေပါပြီ။
 
၂၀၀၈၊ ဖေဖော်ဝါရီရဲ့ တခုသော ညနေခင်းမှာ အဖေက သတင်းကောင်းတခုရှိတယ်လို့ သမီးကိုပြောရင်း

"နူဂျွတ်.. ညည်းလက်ထပ်ရတော့မယ်..."  လို့ ဆိုင်းမဆင့် ဗုံမဆင့် ပြောလိုက်ပါတယ်။ ကြားကြားချင်း
သမီးတော်တော်လေး ပေါ့ပါးလွတ်လပ်သွားတယ်။ ဘာဖြစ်လို့ဆို အိမ်မှာနေရတဲ့ဘဝက တဖြည်းဖြည်း ခက်ခဲ ကြပ်တည်းလာနေခဲ့တယ်လေ။

အဖေဟာ တံမျက်လှည်းတဲ့အလုပ် ပြုတ်သွားပြီးတဲ့ နောက်ပိုင်းမှာ အချိန်ပြည့်အလုပ်ထပ်မရတော့ဘူး။ အဲဒီအတွက်
သမီးတို့ဟာ အိမ်လခပေးဖို့ရာ အမြဲ နောက်ကျလာတယ်။ သမီးအစ်ကိုတွေလည်း
လမ်းဘေးဈေးသည်တွေနဲ့ အဆက်အသွယ်ရပြီး မီးပွိုင့်မှာ မီးနီနေတုန်း ကားရှေ့မှန်တွေကို ပုတ်ကာ ငွေအကြွေလေးရဖို့အတွက် တစ်ရှူးထုပ်တွေလိုက်ရောင်းကြတယ်။
ပြီးတော့
သမီး ညီမ ဟိုင်ဖှာ နဲ့ သမီး အလှည့်ပေါ့။ သမီးအဲ့ဒီအလုပ်ကို မလုပ်ချင်ဘူး။

အခုတလော အဖေကလည်း မကြာမကြာဆိုသလို အိမ်နီးချင်းတွေနဲ့  ခက်ထ် ( Khat - အရွက်တမျိုး -ဆေးရွက်ကြီး ဝါးသကဲ့သို့) ဝါးရင်းနဲ့ပဲ သူ့နေ့လည်ခင်းတွေကို ဖြုန်းတီးပစ်နေတော့တယ်။
အဖေကတော့ ပြောတာပေါ့လေ။ အဲ့ဒီလို ဝါးနေတာဟာ သူ့ဒုက္ခတွေကို မေ့နိုင်စေတယ်တဲ့။
ဒီလိုနဲ့ပဲ ခက်ထ် ဝါးနေကြ နေ့လည်တခုမှာ အဖေ့ကို အသက် ၃၀ အရွယ် ယောက်ကျားတယောက်က ချည်းကပ်လာခဲ့တယ်။

သူက  "ကျနော်က ကျနော်တို့ မိသားစု စုစုဝေးဝေး သိုက်သိုက်မြိုက်မြိုက်ဖြစ်စေချင်ပါတယ်"  လို့ အဖေ့ကို ပြောသတဲ့။ သူ့နာမည်က ဖက်ဇ် အလီ သာမာ။ ကုန်စည်ပို့တဲ့အလုပ်ကို လုပ်တဲ့သူ။ သူဟာ
သမီးတို့လိုပဲ ခါတ်ဒ်ဂျီက လာတာပါ။ ပြီးတော့ သူက သူလက်ထပ်ဖို့အတွက် ဇနီး အရှာထွက်နေတဲ့သူပေါ့။ 

အဖေက သူ့ကမ်းလှမ်းချက်ကို လက်ခံခဲ့ပါတယ်။ သမီး အစ်မနှစ်ယောက်ပြီးတဲ့နောက်မှာတော့ အစီအစဉ်အရ လက်ထပ်ဖို့ရာ သမီးပဲ ရှိပါတယ်။

အဲဒီညနေမှာပဲ အဖေနဲ့ အမေ စကားပြောနေတာကို
သမီးကြားလိုက်တယ်။  " နူဂျွတ် က အိမ်ထောင်ပြုဖို့ရာ မစောလွန်းသေးဘူးလား"  လို့ အမေက ပြောမေးလေး မေးနေတာကိုပါ။
 
"ဒါက သူ့ကို ကာကွယ်ဖို့ရာ အမှန်ကန်ဆုံးလမ်းပဲလေ။ ဆိုးယုတ်တဲ့ ကောဟာလတွေထွက်လာနိုင်တဲ့ သူစိမ်းတယောက်ယောက်ရဲ့ ကိုယ်ထိလက်ရောက်ပြုခံရမဲ့ ရန်ကနေလည်း လွတ်ပြီသားဖြစ်သွားတာပေါ့။ ဒီလူက ရိုးသားပုံလည်းပေါက်တယ်။ ပြီးတော့ သူက ကတိပေးပြီးသား။ နူဂျွတ် အရွယ်မရောက်မချင်း လက်ဖျားနဲ့တောင် မထိပါဘူးလို့။ ဒါ့အပြင် ငါတို့မှာလည်း တမိသားစုလုံးကို ကျွေးထားဖို့ ငွေအလုံအလောက်မရှိဘူးလေကွာ..."

ဝမ်းနည်းနေတာကို မြိုသိပ်ရင်း အမေလည်း ဘာတခွန်းမှ ထပ်မပြောတော့ပါဘူး။
သမီးတို့ တိုင်းပြည်မှာ ယောက်ကျားသားကသာ အမိန့်တွေပေးရိုးထုံးစံမဟုတ်လားလေ။


(ဆက်ရန်)

ကွာရှင်းပြတ်စဲခြင်း - ၁


သမီး ခါင်း ချာချာလည်နေပါပြီ။ ဒီလောက်များလှတဲ့ လူစုလူဝေးကို သမီး တခါမှ မမြင်ဘူးပါ။ တရားရုံးအဆောက်အဦရဲ့ အပြင်ဘက်မှာ လူတွေ... လူတွေ...။ ဝတ်စုံပြည့်ဝတ် ဖိုင်တွဲ ချိုင်းကြားညှပ်ထားကာ ဟိုဒီ သွားနေတဲ့လူကြီးတွေ၊ မြောက်ပိုင်းယီမင်ရိုးရာဝတ်စုံနဲ့ လူကြီးတွေ၊ ဘာစကားပြောနေမှန်းကို ခန့်မှန်းလို့မရလောက်အောင် တယောက်နဲ့တယောက် အော်ဟစ်ပြောဆိုနေကြတဲ့ အမျိုးသမီးတွေ သူတို့တွေကြားမှာ သမီးရဲ့ တည်ရှိမှုက ပျောက်လို့နေသည်။ တယောက်မှ သတိမထားမိလောက်အောင် သူတို့တွေအတွက် သမီးက သေးသွယ် သိမ်ငယ်လွန်းလှသည်။ တကယ်တော့လည်း သမီးအသက် ၁၀နှစ်ပဲ ရှိပါသေးတယ်။ ဒါမှမဟုတ် ၉နှစ်များလား...။  အင်းးးး ဘယ်သူအမှန်သိနိုင်မှာလဲလေ။


လူတွေပြောကြတာက တရားသူကြီးဆိုတာ လိုအပ်နေသူတွေ၊ ဒုက္ခရောက်နေသူတွေကို ကူညီတဲ့သူကို ခေါ်တာတဲ့။ အဲ့ဒါဆိုရင်တော့ အခု သမီး လိုက်ရှာရမှာ တရားသူကြီးတယောက်ပေါ့။  သမီး အကြောင်းကိုပြောပြဖို့အတွက်လေ။ 


တကယ်တော့ သမီး အရမ်း ပင်ပန်းနေပါပြီ။ မျက်နှာကာ ကလည်း ပူလိုက်တာ။ ခေါင်းကလည်းကိုက်။ အဲ့ဒါတွေထက် ဆိုးတဲ့ ခံစားချက်က... ရှက်ရွံ့မှု။


အဖြူအမဲ ဝတ်စုံဝတ်ထားတဲ့ လူကြီးတယောက် သမီးဆီလျောက်လာနေတာ တွေ့ရသည်။ တရားသူကြီးများလား။ ဒါမှမဟုတ်... ရှေ့နေလား။

"ကျေးဇူးပြု၍... ဦးလေးကြီးရှင့်..  သမီး တရားသူကြီးနဲ့တွေ့ချင်ပါတယ်.."


"ဟိုမှာတွေ့လား၊ အဲ့ဒီလှေကားတွေအတိုင်း တက်သွားလိုက်.."


ပြောပြောသွားသွားနဲ့ပဲ သမီး ကိုတောင် သေချာမကြည့်အားပဲ လူအုပ်ကြီးထဲ ပြန်လည်ဝင်ရောက် ပျောက်ကွယ်သွားပါတော့တယ်။ မာဘယ်ကျောက်ကြမ်းပြင်ပေါ်  ခြေချမိလိုက်တဲ့ခဏမှာပဲ ခြေလှမ်းတွေရဲ့ခေါ်ဆောင်ရာနောက်ကို သမီး ကောက်ကောက်ပါသွားတော့တယ်။ တနေရာမှာ ချောင်းကြည့်လိုက်တော့ တူညီဝတ်စုံဝတ်ထားတဲ့ လူတစုကို တွေ့ရတယ်။ သူတို့ သမီးကိုမြင်ရင် ဖမ်းမှာပဲ။ အရွယ်မရောက်သေးတဲ့ အိမ်ပြေးကလေးတယောက်အနေနဲ့ပေါ့။ 

တုန်တုန်လှုပ်လှုပ်နဲ့ပဲ ပထမဆုံးတွေ့တဲ့ အမျိုးသမီးတယောက်ကို


"သမီး တရားသူကြီးနဲ့ စကားပြောချင်ပါတယ်.. "  လို့ မဝံ့မရဲနဲ့ပြောလိုက်တယ်။ မျက်ဝန်းနက်နက်ကြီးတွေနဲ့ တအံ့တသြစိုက်ကြည့်နေပြီးမှ -

"ဘယ်တရားသူကြီးကို တွေ့ချင်တာလဲ.."

"ဘယ်သူဖြစ်ဖြစ်ပါ.. တရားသူကြီးတယောက်ယောက်ဆီကို သမီးကို ခေါ်သွားပေးပါ.."


နောက်ထပ်တကြိမ် အံ့သြစွာနဲ့ စိုက်ကြည့်နေပြီး.. နောက်ဆုံး-

"လာ.. လိုက်ခဲ့.."


အခန်းတံခါးပွင့်သွားတဲ့အခါ ခန်းလုံးပြည့်နီးပါး လူအုပ်ကြီးရဲ့ အဆုံး၊ စားပွဲတလုံးရဲ့ နောက်ဖက်မှာ နှုတ်ခမ်းမွှေးနဲ့ မျက်နှာသွယ်သွယ် လူတယောက်ကို တွေ့ပါတယ်။ တရားသူကြီးပဲပေါ့။ ထိုင်ချလိုက်ရင်းမှ ထိုင်ခုံနောက်ကိုခေါင်းမှီလိုက်ပြီး သမီးအလှည့်ရောက်ဖို့ကို နားနေရင်းနဲ့ စောင့်နေလိုက်တော့တယ်။


"ငါဘာလုပ်ပေးရမလဲ ကလေးမ.."   ဆိုတဲ့ အသံက သမီးကို လှုပ်နှိုးလိုက်ပါတယ်။ တကယ်တော့  နူးနူးညံ့ညံ့ မေးလိုက်တာပါပဲ။ သမီး မျက်နှာကိုပွတ်သုတ်လိုက်ရင်းနဲ့မှ သမီးရှေ့မှာရပ်နေသူဟာ နှုတ်ခမ်းမွှေးနဲ့ တရားသူကြီးမှန်း သတိရလိုက်တယ်။ တခန်းလုံးလည်း လူကုန်လုနီးနီး ရှိနေပါပြီ။ 


"သမီး... ကွာရှင်းချင်လို့ပါ.."

(ဆက်ရန်)