Sunday, 4 December 2011

အမည်မသိ

ကိုယ်တို့ တက္ကသိုလ် စတက်တဲ့နှစ်မှ ကိုယ်တို့မြို့မှာ တက္ကသိုလ် စဖွင့်တာ။ မဟုတ်ရင် မြို့ကလူတွေ ပဲခူးမှာ သွားတက်ရတယ်။ ကိုယ်က ကျောင်းနဲ့ ဘယ်လောက်တောင် ရေစက်ပါသလဲဆို ကျောင်းဆောင်တွေတောင် ဆောက်လို့မှမပြီးသေးဘူး Human Resource Development အနေနဲ့ အင်္ဂလိပ်စာသင်တန်းဖွင့်ရမယ်ဆိုတော့ အဲ့သင်တန်းကိုအားနေတာနဲ့ တက်ဖြစ်တယ်။ အဲ့ဒီသင်တန်းက ဒစ်ပလိုမာပေးမယ်ဆိုပီး အင်္ဂလိပ်စာဌာနတွေ မဖွင့်မနေရဖွင့်ရတဲ့သင်တန်းပေါ့။ 
ကျောင်းက သုံးထပ်ဆောင် သုံးဆောင်ဆောက်တယ်။ ဟိုး... မြို့ပြင် လယ်ကွင်း ထန်းတောဘေးမှာ ကျောင်းလုပ်ထားတာပေါ့။ တက္ကသိုလ်ကားတွေကြည့်ထားတာ အလကားမှမဟုတ်တာလေ။ အလယ်ဆောင်မှာ သင်ရတာဆိုတော့ အတန်းအားရင် အောက်ပြေးဆင်းလိုက် RC ထဲ သွားတာလို့အော်လိုက်... အပေါ်ပြန်တက်လိုက် မိန်းထဲရောက်ပီလုပ်လိုက်... အောက်ဆုံးထပ်ထိဆင်းလိုက် လိုက်ဘရီ ရောက်ပီလုပ်လိုက်နဲ့ သင်တန်းသား ၂၀ လောက်က လွဲပြီး တက္ကသိုလ်တခုလုံးဘယ်သူမှမရှိဘူး။ ဘယ်ရှိမလဲ ကျောင်းက ပြီးလဲမပြီးသေး၊ ဘယ်ဌာနကမှလည်း မရောက်သေးဘူးလေ။ အင်္ဂလိပ်စာဌာနကတောင် ဒီသင်တန်းသင်မယ့် ဆရာတွေပဲရောက်သေးတာ။ အဲ့ဒီတုန်းက သုံးထပ်ကို တက်လိုက် ဆင်းလိုက်တာများ ဆူပါမင်း ထိုင်ငိုင်သွားမယ်။ ဝီကိုခေါ်လို့။ အပင်တွေဆိုတာလဲ ခြေဖမိုးလုံတဲ့အပင်တောင်မရှိဘူး။ မိုးတွင်းသာဆို မိုးကြိုးလွဲကြမှာမဟုတ်။
 အဲ့လိုကျောင်းမှာ တက်ဖြစ်ရင်းနဲ့ တရက်...  ဆရာမလာသေးတော့ အလယ်ဆောင် အပေါ်ဆုံးထပ်ကိုတက်ပြီး ဝရံတာမှာ ထွက်ရပ်နေရင်း တိုင်ကိုမှီမယ်အလုပ်မှာ အရမ်းလှတဲ့လက်ရေးလေးသွားတွေ့တယ်။ ဘယ်မှာရှိမတုန်းလေ။ ဒို့ရွှေပြည်သား လူတော်များလေးတွေပဲဟာ... တိုင်မှာရေးထားတာပေါ့။ မလုပ်သင့်ဘူးပဲလို့ ခေါင်းတခါခါနဲ့ ဖတ်နေလိုက်တာ ကြိုက်သွားပြီး အခန်းထဲပြန် စာအုပ်ယူပြီး ကူးထားလိုက်တယ်။ ဒင်းက နာမည်တော့ မရေးထားဘူးရယ်။ ပင်ကိုယ်ရေးလား ကူးစာ လားတော့ မသိဘူးပေါ့လေ။




*လျှို့ဝှက်အချစ်


လိပ်ပြာငယ်ထံ
မသိုဝှက်တတ်တဲ့ ရနံ့တခုရဲ့ပလွှားမှုကြောင့်
လေညှင်းကတဆင့် ပေါက်ကြားသွားခဲ့ပေါ့
သိပ်လှတဲ့ပန်းတပွင့်ရှိမှန်း...


သူစိမ်းတယောက်ထံ
မမြိုသိပ်တတ်တဲ့ သက်ပြင်းတခုကြောင့်
အသံလှိုင်းကတဆင့် ပေါက်ကြားသွားခဲ့ပေါ့
လျှို့ဝှက်တဲ့သောကတခုရှိမှန်း...


ဘာကိုမှ စိတ်မချရတော့
မျက်ဝန်းတခုကို 
ကဗျာကယာမှိတ်လိုက်ရရဲ့
သူ့ထံအမှတ်မထင်ပေါက်ကြားသွားလေမလား
တသက်တာလုံခြုံသိမ်းဆည်းထားသင့်တဲ့အချစ် 
သက်ဆိုင်သူနှစ်ဦး မနာကျင်မီ...။


အမည်မသိ
ညောင်ကိုင်းတက္ကသိုလ်
အလယ်ဆောင် အပေါ်ဆုံးထပ်မှ
၁၉ ၀၄ ၀၂ 


ဆိုပဲ... မှတ်ထားပုံက။ ညောင်ကိုင်းတက္ကသိုလ်ဆိုလို့ တခါ ပါမောက္ခချုပ်ဟောက်တာ ခံလိုက်ရတယ်။ တော်သေးတာ ဖုန်းနဲ့မိုလို့။ ဘာစုံစမ်းမလို့လဲမမှတ်မိတော့ပါဘူး။ ပါချုပ်ရုံးကို ဖုန်းဆက်ပြီး ညောင်ကိုင်းတက္ကသိုလ်ကပါလားရှင် သွားလုပ်တာ ဘာညောင်ကိုင်းလည်း တောင်ငူတက္ကသိုလ် ဆိုပီး အော်ထည့်လိုက်တာ အကျယ်ကြီးပဲ။ တကယ်တော့ မဗျိုင်းတွေပါ။ ညောင်ကိုင်းရွာက လယ်တောတွေထဲမှာလည်း ဆောက်ထားသေးတယ် အဲ့လိုခေါ်တော့ မခေါ်ရဘူးတဲ့။ နို့... သိမှသိပဲလေ။

လက်ရွေးစင် ၂

တလက်ရွေးထဲ လက်ရွေးစင်နေတာ အိမ်မှာ ကော်ဖီမှုန့်ကုန်သွားလို့လဲ ပါ ပါတယ်။ မှတ်စုထဲကူးထားတဲ့ ကဗျာလေးတွေကို မျှချင်တာလဲပါ ပါတယ်။ တချို့ကဗျာတွေက ဘယ်သူရေးမှန်းမသိပဲ အမတွေ သိမ်းထားတာတွေ့ရင်းဖတ်လို့ ကြိုက်ရင် ကူးထားလိုက်တယ်။ တခါ တခါ မဂ္ဂဇင်းထဲမှာ တွေ့ရင် ကူးထားလိုက်ပြန်ရော။ အဲဒီလိုကူးထားတာတွေမှာ စ ကူးခါစက ဘယ်ကယူတယ်ဆိုတာ မှတ်ရကောင်းမှန်းမသိဘဲ စာသားချည့် ယူထားမိတယ်။ နောက် ကိုယ်ပြန်ဖတ်တော့ ဘယ်မှာ ပါတာပါလိမ့်လို့ ပြန်စဉ်းစားမိရင်း ဘယ်သူရေးတယ်၊ ဘယ်ထဲမှာပါတာ ဆိုတာကို မှတ်ဖြစ်တော့တယ်။ ဒါတောင် ရေးသူပဲ မှတ်ဖြစ်ပြီး ဘယ်ထဲမှာပါတာကို မမှတ်ဖြစ်တဲ့ကဗျာက များနေသေးတယ်။ 

*အချိုးညီ ဖြစ်စဉ်များ

ချိန်တော့ အတည့်သား
မြားမဖြောင့်စင်း
ပစ်ကွင်းလွဲချော်...။


သွက်သွက်တော့လှမ်းသား
လမ်းကောက်လိမ်ကွေး
ခရီးဝေးကွာ...။


ပြုံးတော့ ပြုံးရှာသား
စိတ်ထားကောက်ကျစ်
နှလုံးညစ်တော့
ချစ်သူလျော့လို့
အော့သူကုဋေ...။

တိုးဝေ
---------------

*ထမင်းပွဲ အဘိဓမ္မာ

သမာအာဇီဝနဲ့ 
စားရတဲ့ ဟင်းတခွက်
ကန်စွန်းရွက်ပေမယ့်
ခံတွင်းမပျက်ပါနဲ့မေ ။     ။


မိစ္ဆာဇီဝနဲ့
စားရမယ့်ကြက်သားဟင်း
မဆလာနံ့သင်းပေမယ့်
မရှင်းတဲ့ခံတွင်း
ထမင်းနင်လှသလေ ။     ။


မောင်ခင်မှိုင်း (ချောက်)


...ကိုယ်တော်တော် တော်တာပါ။ ဒီကဗျာမှာ နောက်ဆုံးစာကြောင်းက "သလေ" နဲ့ ဆုံးထားလို့ မလှလိုက်တာဆိုပီး ကိုယ်ကူးထားတဲ့ စာအုပ်ထဲမှာ "ထမင်းနင်လှတယ်မေ" ဆိုပီး ပြင်ရေးထားလိုက်တယ်။ ဒါပေမယ့် ပြန်ဖတ်တိုင်း "သလေ" ကိုပဲ သွားသွားသတိရနေမိတယ်။...
---------------


၀၆ ၀၈ ၉၉ တဲ့... ကူးထားတဲ့နေ့

*နှစ်ယောက်တွဲစီးရီး


"နား"
ကြားသ၍မှတ်တမ်းပြု
စုဆောင်းထားသမျှ...။
ပါးစပ်ကတော့
အလကားရတိုင်း ချန်မထား
အတင်းကောင်းပါးလေ၏...။


မောင်နှင်းပန် (ရေနံချောင်း)

Tuesday, 29 November 2011

လက်ရွေးစင်

မောင်လှမျိုးကို အသဲအသန်ကြိုက်ခဲ့တုန်းက ကူးထားခဲ့တဲ့ သူ့ကဗျာတွေထဲကမှ ရှိတဲ့ပုံနဲ့လိုက်တဲ့ကဗျာကို ရေးထားတာ။



စာကြွင်း။     ။ အသီးရေ... အဖက်မလုပ်တာ မဟုတ်ရပေါင်အေ။ ဒီရက်တွေမှာ မအားလို့ပါ။ နောက်မှ ရှည်ရှည်ရေးမယ်နော်။

Sunday, 13 November 2011

ဒုတိယမိခင်

လူမျိုးစုံ၊ ဘဝစုံ၊ ဒေသစုံနဲ့ စဉ်ကာပတ်ဝန်း တင့်ရွှန်းတဲ့ မိခင်
ရသပေါင်းစုံ၊လမ်းပေါင်းစုံနဲ့ တံတားတည်ခင်း ဖြတ်လျောက်စေရင်းနဲ့ ပင့်တွန်းတဲ့မိခင်
လူမျိုးစိမ်းကျက်၊ ဓနနည်းများ အမှုမထား ပညာရင်နို့သောက်စို့စေ၍ ဝံ့စွမ်းစေတဲ့မိခင်
သြော်... မိခင်ရေ... ခွဲရတော့မှာပါလား။

လောကသစ္စာ

ပျိုမြစ်နုသစ်နေပေမယ့်
ယိုယွင်းပျောက်ရှင်းသွားနိုင်တဲ့
သွင်ပြင်ကြန်အင် ရုပ်လက်သွင်ကို
ထုဆစ်ပုံသွင်း အခြေတည်စေရင်းနဲ့
သင်္ခါရကိုမေ့ခဲ့တယ်။     ။

Wednesday, 2 November 2011

All Saints Day နှင့် ကိုယ့်ရဲ့ သူရဲကောင်း

နိုဝင်ဘာ ၁ ရက်နေ့ဟာ ခရစ်ယာန်တွေအတွက် နေ့ထူးတရက်ပါပဲ။ အဲဒီနေ့ဟာ ရိုမန်ကက်သလစ်ခ် ဘာသာဝင်တိုင်းရဲ့ ပွဲလို့လည်း ခေါ်လို့ရတယ်။ ကက်သလစ်ခ် တွေ ဟာ ကလေးမွေးဖွားလာလို့ ကလေးလေး  လသားအရွယ်လောက်( တချို့ဆို ရက်ပိုင်းလောက်)  ရောက်ရင် ဆေးကြောခြင်း မင်္ဂလာခံယူစေရင်းနဲ့ သူလေးမွေးတဲ့ ရက်၊ လ အလိုက် အဲ့ဒီနေ့ရဲ့ သူတော်စင် တပါးပါးရဲ့နာမည်ကို ပေးကြပါတယ်။ တချို့ရက်တွေဆို သူတော်စင် နှစ်ပါး၊ သုံးပါးရဲ့ ပွဲနေ့တွေဖြစ်နေတတ်ပါတယ်။ All Saints Day လို့ခေါ်တဲ့ နိုဝင်ဘာ ၁ ရက်ကတော့ သူတော်စင် အားလုံးရဲ့ ပွဲပါ။ 


သူများကို ဝန်ထုပ်ဝန်ပိုးဖြစ်စေမှာ အရမ်းကြောက်တတ်တဲ့၊ ဆေးလိပ်အရမ်းကြိုက်တဲ့၊ ကွမ်းအရမ်းကြိုက်တဲ့၊ ဆိုင်ကယ် ကား မမောင်းတတ်တဲ့၊ အရက်သောက်ရင် အလာဂျီဖြစ်တဲ့၊ မိသားစုဆုံဆုံညီညီမှ ထမင်းစားချင်တဲ့၊ ထမင်းအေးအေး ဟင်းအေးအေးလုံးဝမစားတတ်တဲ့၊ ရိုက်ဖို့ထက် ဆုံးမစကား တနာရီနီးပါး မနားတမ်းပြောတတ်တဲ့၊ သူများကို စပရိုက်စ် လုပ်ရတာ အရမ်းကြိုက်တဲ့၊ အိမ်မှာနေရင် ပုဆိုးပဲဝတ်ပြီး ခရီးသွားရင် ဂျင်းဘောင်းဘီပဲဝတ်တတ်တဲ့၊ အပြင်ထွက်ရင် လူကသာ အပြင်ရောက်တာ အမွှေးနံ့တွေက နောက်နာရီဝက်လောက် ကြာမှ အိမ်ကနေ ခွာသွားတတ်တဲ့ ကိုယ့်ဒယ်ဒီကို ဒီ နိုဝင်ဘာ ၁ရက်နေ့မှာ မွေးပါတယ်။ မိသားစုနဲ့နေချိန်မရှိပဲ သူ့အချိန်တော်တော်များများ သူ့ဘဝအစိတ်အပိုင်းအားလုံးနီးပါးကို မိသားစုအတွက် မိသားစုနဲ့ဝေးရာမှာနေရပြီး ဖြည့်ဆည်းပေးနေတဲ့ ဒယ်ဒီ့ကို ဒယ်ဒီနားပါတော့ သမီးကလှည့်ရောက်ပြီလို့ပြောနိုင်တဲ့နေ့ မြန်မြန်ရောက်ချင်လှပြီ။ 

ဒယ်ဒီ့ဘာသာနာမည်က နတ်ဆိုးတွေနဲ့ကြုံတွေ့ရင် ရင်ဆိုင်တိုက်ခိုက်ပေးတဲ့၊ ဘုရားသခင်ရဲ့ သိကြားတမာန်တော်အကြီးအကဲ Saint Michael ကို ယူထားတာပါ။ (Archangle: Treading on Satan or a serpent; carrying a banner, sacles, and sword) လို့လည်း ခေါ်ပါတယ်။ (Guardian of the Catholic Church) လို့လည်း သတ်မှတ်ပါတယ်။ Saint Michael က ဘုရားပြီးရင် သူပါပဲ။ သာသနာတော်ကို စောင့်ရှောက်ရင်း ဘာသာသူများအပေါ်မှာလည်း ကာကွယ်မှုတွေပေးသလို ကိုယ့်ဒယ်ဒီ U Michael ကလည်း အိမ်ရဲ့ဦးစီး၊ ကာကွယ်ရေးမှူး စောင့်ရှောက်ရေးမှူးတာဝန်ကို ကျေကျေပွန်ပွန်နဲ့ကို ထမ်းဆောင်ပါတယ်။ အဖေကျေပွန်ခဲ့တဲ့ ကျေပွန်နေဆဲဖြစ်တဲ့တာဝန်တွေကို ပခုံးပြောင်းယူရင်း ဒယ်ဒီနဲ့ မာမီနှစ်ယောက်စလုံးကို နှစ်ရှည်လများ လုပ်ကျွေးပြုစုခွင့်ကို ရချင်ပါတယ်။


HAPPY BIRTHDAY, AND HAPPY FEAST DAY DADDY  !!!


*****

(Saint Michael အကြောင်းကို ဝီကီကနေ ယူပါတယ်။) 
ပထမပုံကို ဒီက ယူပြီး ဒုတိယပုံကို ဒီက ယူပါတယ်။



Monday, 31 October 2011

မထိခလုတ် အလွမ်းများ...

ဘာလိုလိုနဲ့ အောက်တိုဘာ ၃၁ ကိုရောက်ပြီ။ ရေတွေကြီးနေတာ မကျသေးပေမယ့် မနက် မနက်ဆို ဆောင်းသရုပ်က နည်းနည်းတော့ ပေါ်လာနေလေရဲ့။

ဆောင်းဝင်ပြီဆိုတာနဲ့ပန်းနွယ်တွေ ရစ်ပတ်နေတဲ့ ခြံစည်းရိုးပေါ်ကနေ ပွင့်လာတဲ့ ဂေါ်သဇင်ပွင့်တွေကို လွမ်းတယ်။ မြေပေါ်မှာကြွေကျနေတာ နည်းနေပြီဆို ပင်စည်သေးသေးလေးကို လက်နဲ့လှုပ်လို့ ကြွေလာတာ အားမရလို့ လူကြီးတွေအလစ် ခြေထောက်နဲ့ဝိုင်းကန်မှ ကြွေလာတဲ့ ဆိပ်ဖလူးပန်းလေးတွေကိုလည်း လွမ်းတယ်။ ညမှာတိုက်တဲ့ လေစိမ်းစိမ်း ခဲခဲ၊ မနက်စောစောမှာ  နေရောင်နုနုလေးကို ဖြတ်တိုက်လာတဲ့ အေးဖျော့ဖျော့လေကလေးကိုလည်း လွမ်းတယ်။ စက်ဘီးစီးခါနီး ရေစက်တွေသီးနေတဲ့ ထိုင်ခုံကို သုတ်ရတိုင်း လက်တွေအေးသွားရတဲ့ ခံစားချက်ကိုလည်း လွမ်းတယ်။ ဘုရားကျောင်း ကုန်းပေါ်မှာပွင့်နေတဲ့ တပင်တည်းသော ငုချယ်ရီ ပန်းရောင်လေးတွေကိုလည်း လွမ်းတယ်။ မနက်စာ သွားဝယ်ရတိုင်း မသဲကွဲတဲ့ မြူတွေကြားထဲ ချမ်းတအေးအေးနဲ့ စက်ဘီးစီးရတာကို လွမ်းတယ်။ အမေဝယ် လာတဲ့ ထန်းမြစ်စည်းကြီးကိုလည်း လွမ်းတယ်။ 

သူ့ ဒေါ်ဆယ် စားမိလို့ကတော့ ဘယ်ဒေါ်ဆယ်မှ စားလို့မရတော့လောက်အောင် ဒေါ်ဆယ်မှော် အောင်နေလားထင်ရတဲ့ ပြန်ကြားရေးရုံးရှေ့က ဒေါ်ဆယ်ဆိုင်လေးကိုလွမ်းတယ်။
All Souls Day အတွက် သင်းချိုင်းရှင်းကြရင်း ခံတက်ရွက်တွေခူးရတာကိုလည်း လွမ်းတယ်။ မြေပုံလေးတွေ၊ အုတ်ဂူလေးတွေပေါ်ထွန်းထားတဲ့ ဖယောင်းတိုင်တွေက ဖယောင်းတွေ ခွါကြရင်း ဖယောင်းလုံး အကြီး၊ အသေးပြိုင်ကြတာကိုလည်း လွမ်းတယ်။ မနက်ကျူရှင်သွားရင်း စွယ်တော်ပင်တွေနားဖြတ်သွားရင် ရတတ်တဲ့ စွယ်တော်ပန်းရောင်လေးတွေရဲ့ အနံ့ကိုလည်း လွမ်းတယ်။ နွေဦး ဆောင်းဦး မိုးဦးလေးတွေဟာ လူကိုဖမ်းစားနိုင်လွန်းလှတယ်။ လွမ်းစရာ မည်မည်ရရ ချပြလို့မရပဲ လွမ်းနေရတဲ့အဖြစ်ကိုက လွမ်းစရာလေးပါပဲလေ။

အိမ်ပြန်ချင်တယ်။    ။