Sunday, 13 November 2011

လောကသစ္စာ

ပျိုမြစ်နုသစ်နေပေမယ့်
ယိုယွင်းပျောက်ရှင်းသွားနိုင်တဲ့
သွင်ပြင်ကြန်အင် ရုပ်လက်သွင်ကို
ထုဆစ်ပုံသွင်း အခြေတည်စေရင်းနဲ့
သင်္ခါရကိုမေ့ခဲ့တယ်။     ။

Wednesday, 2 November 2011

All Saints Day နှင့် ကိုယ့်ရဲ့ သူရဲကောင်း

နိုဝင်ဘာ ၁ ရက်နေ့ဟာ ခရစ်ယာန်တွေအတွက် နေ့ထူးတရက်ပါပဲ။ အဲဒီနေ့ဟာ ရိုမန်ကက်သလစ်ခ် ဘာသာဝင်တိုင်းရဲ့ ပွဲလို့လည်း ခေါ်လို့ရတယ်။ ကက်သလစ်ခ် တွေ ဟာ ကလေးမွေးဖွားလာလို့ ကလေးလေး  လသားအရွယ်လောက်( တချို့ဆို ရက်ပိုင်းလောက်)  ရောက်ရင် ဆေးကြောခြင်း မင်္ဂလာခံယူစေရင်းနဲ့ သူလေးမွေးတဲ့ ရက်၊ လ အလိုက် အဲ့ဒီနေ့ရဲ့ သူတော်စင် တပါးပါးရဲ့နာမည်ကို ပေးကြပါတယ်။ တချို့ရက်တွေဆို သူတော်စင် နှစ်ပါး၊ သုံးပါးရဲ့ ပွဲနေ့တွေဖြစ်နေတတ်ပါတယ်။ All Saints Day လို့ခေါ်တဲ့ နိုဝင်ဘာ ၁ ရက်ကတော့ သူတော်စင် အားလုံးရဲ့ ပွဲပါ။ 


သူများကို ဝန်ထုပ်ဝန်ပိုးဖြစ်စေမှာ အရမ်းကြောက်တတ်တဲ့၊ ဆေးလိပ်အရမ်းကြိုက်တဲ့၊ ကွမ်းအရမ်းကြိုက်တဲ့၊ ဆိုင်ကယ် ကား မမောင်းတတ်တဲ့၊ အရက်သောက်ရင် အလာဂျီဖြစ်တဲ့၊ မိသားစုဆုံဆုံညီညီမှ ထမင်းစားချင်တဲ့၊ ထမင်းအေးအေး ဟင်းအေးအေးလုံးဝမစားတတ်တဲ့၊ ရိုက်ဖို့ထက် ဆုံးမစကား တနာရီနီးပါး မနားတမ်းပြောတတ်တဲ့၊ သူများကို စပရိုက်စ် လုပ်ရတာ အရမ်းကြိုက်တဲ့၊ အိမ်မှာနေရင် ပုဆိုးပဲဝတ်ပြီး ခရီးသွားရင် ဂျင်းဘောင်းဘီပဲဝတ်တတ်တဲ့၊ အပြင်ထွက်ရင် လူကသာ အပြင်ရောက်တာ အမွှေးနံ့တွေက နောက်နာရီဝက်လောက် ကြာမှ အိမ်ကနေ ခွာသွားတတ်တဲ့ ကိုယ့်ဒယ်ဒီကို ဒီ နိုဝင်ဘာ ၁ရက်နေ့မှာ မွေးပါတယ်။ မိသားစုနဲ့နေချိန်မရှိပဲ သူ့အချိန်တော်တော်များများ သူ့ဘဝအစိတ်အပိုင်းအားလုံးနီးပါးကို မိသားစုအတွက် မိသားစုနဲ့ဝေးရာမှာနေရပြီး ဖြည့်ဆည်းပေးနေတဲ့ ဒယ်ဒီ့ကို ဒယ်ဒီနားပါတော့ သမီးကလှည့်ရောက်ပြီလို့ပြောနိုင်တဲ့နေ့ မြန်မြန်ရောက်ချင်လှပြီ။ 

ဒယ်ဒီ့ဘာသာနာမည်က နတ်ဆိုးတွေနဲ့ကြုံတွေ့ရင် ရင်ဆိုင်တိုက်ခိုက်ပေးတဲ့၊ ဘုရားသခင်ရဲ့ သိကြားတမာန်တော်အကြီးအကဲ Saint Michael ကို ယူထားတာပါ။ (Archangle: Treading on Satan or a serpent; carrying a banner, sacles, and sword) လို့လည်း ခေါ်ပါတယ်။ (Guardian of the Catholic Church) လို့လည်း သတ်မှတ်ပါတယ်။ Saint Michael က ဘုရားပြီးရင် သူပါပဲ။ သာသနာတော်ကို စောင့်ရှောက်ရင်း ဘာသာသူများအပေါ်မှာလည်း ကာကွယ်မှုတွေပေးသလို ကိုယ့်ဒယ်ဒီ U Michael ကလည်း အိမ်ရဲ့ဦးစီး၊ ကာကွယ်ရေးမှူး စောင့်ရှောက်ရေးမှူးတာဝန်ကို ကျေကျေပွန်ပွန်နဲ့ကို ထမ်းဆောင်ပါတယ်။ အဖေကျေပွန်ခဲ့တဲ့ ကျေပွန်နေဆဲဖြစ်တဲ့တာဝန်တွေကို ပခုံးပြောင်းယူရင်း ဒယ်ဒီနဲ့ မာမီနှစ်ယောက်စလုံးကို နှစ်ရှည်လများ လုပ်ကျွေးပြုစုခွင့်ကို ရချင်ပါတယ်။


HAPPY BIRTHDAY, AND HAPPY FEAST DAY DADDY  !!!


*****

(Saint Michael အကြောင်းကို ဝီကီကနေ ယူပါတယ်။) 
ပထမပုံကို ဒီက ယူပြီး ဒုတိယပုံကို ဒီက ယူပါတယ်။



Monday, 31 October 2011

မထိခလုတ် အလွမ်းများ...

ဘာလိုလိုနဲ့ အောက်တိုဘာ ၃၁ ကိုရောက်ပြီ။ ရေတွေကြီးနေတာ မကျသေးပေမယ့် မနက် မနက်ဆို ဆောင်းသရုပ်က နည်းနည်းတော့ ပေါ်လာနေလေရဲ့။

ဆောင်းဝင်ပြီဆိုတာနဲ့ပန်းနွယ်တွေ ရစ်ပတ်နေတဲ့ ခြံစည်းရိုးပေါ်ကနေ ပွင့်လာတဲ့ ဂေါ်သဇင်ပွင့်တွေကို လွမ်းတယ်။ မြေပေါ်မှာကြွေကျနေတာ နည်းနေပြီဆို ပင်စည်သေးသေးလေးကို လက်နဲ့လှုပ်လို့ ကြွေလာတာ အားမရလို့ လူကြီးတွေအလစ် ခြေထောက်နဲ့ဝိုင်းကန်မှ ကြွေလာတဲ့ ဆိပ်ဖလူးပန်းလေးတွေကိုလည်း လွမ်းတယ်။ ညမှာတိုက်တဲ့ လေစိမ်းစိမ်း ခဲခဲ၊ မနက်စောစောမှာ  နေရောင်နုနုလေးကို ဖြတ်တိုက်လာတဲ့ အေးဖျော့ဖျော့လေကလေးကိုလည်း လွမ်းတယ်။ စက်ဘီးစီးခါနီး ရေစက်တွေသီးနေတဲ့ ထိုင်ခုံကို သုတ်ရတိုင်း လက်တွေအေးသွားရတဲ့ ခံစားချက်ကိုလည်း လွမ်းတယ်။ ဘုရားကျောင်း ကုန်းပေါ်မှာပွင့်နေတဲ့ တပင်တည်းသော ငုချယ်ရီ ပန်းရောင်လေးတွေကိုလည်း လွမ်းတယ်။ မနက်စာ သွားဝယ်ရတိုင်း မသဲကွဲတဲ့ မြူတွေကြားထဲ ချမ်းတအေးအေးနဲ့ စက်ဘီးစီးရတာကို လွမ်းတယ်။ အမေဝယ် လာတဲ့ ထန်းမြစ်စည်းကြီးကိုလည်း လွမ်းတယ်။ 

သူ့ ဒေါ်ဆယ် စားမိလို့ကတော့ ဘယ်ဒေါ်ဆယ်မှ စားလို့မရတော့လောက်အောင် ဒေါ်ဆယ်မှော် အောင်နေလားထင်ရတဲ့ ပြန်ကြားရေးရုံးရှေ့က ဒေါ်ဆယ်ဆိုင်လေးကိုလွမ်းတယ်။
All Souls Day အတွက် သင်းချိုင်းရှင်းကြရင်း ခံတက်ရွက်တွေခူးရတာကိုလည်း လွမ်းတယ်။ မြေပုံလေးတွေ၊ အုတ်ဂူလေးတွေပေါ်ထွန်းထားတဲ့ ဖယောင်းတိုင်တွေက ဖယောင်းတွေ ခွါကြရင်း ဖယောင်းလုံး အကြီး၊ အသေးပြိုင်ကြတာကိုလည်း လွမ်းတယ်။ မနက်ကျူရှင်သွားရင်း စွယ်တော်ပင်တွေနားဖြတ်သွားရင် ရတတ်တဲ့ စွယ်တော်ပန်းရောင်လေးတွေရဲ့ အနံ့ကိုလည်း လွမ်းတယ်။ နွေဦး ဆောင်းဦး မိုးဦးလေးတွေဟာ လူကိုဖမ်းစားနိုင်လွန်းလှတယ်။ လွမ်းစရာ မည်မည်ရရ ချပြလို့မရပဲ လွမ်းနေရတဲ့အဖြစ်ကိုက လွမ်းစရာလေးပါပဲလေ။

အိမ်ပြန်ချင်တယ်။    ။

Monday, 26 September 2011

အနှစ်ရာကျော်ရှည်ပါစေ...

မွေးချင်း ငါးယောက်မှာ ဒုတိယဖြစ်ပေမယ့် အမကြီးအမိအရာဆိုတဲ့ဘွဲ့ကို ရထားတယ်။ မိသားစုအရေးနဲ့ ကိစ္စတော်တော်များများဟာ ခရီးဝေးသွားသွားနေရတဲ့အဖေနဲ့ အားကိုးလို့သိပ်မရတဲ့ အစ်ကိုကြီးကြောင့် သူ့ခေါင်းပေါ်ပဲကျခဲ့ရပြန်တယ်။ ညီအမသုံးယောက်မှာလည်း အရိုး၊ အ အဆုံး။

ဒီလိုနဲ့ ပုလဲနဲ့ငါးမှာလုပ်တဲ့ ကောင်ကလေးတယောက်နဲ့ အိမ်ထောင်ကျပြီး မုဆိုးမအမေကိုမခွဲနိုင်တာနဲ့ အမေနဲ့ မောင်နှမတွေနဲ့ပဲ ချို့ချို့တဲ့တဲ့ နေခဲ့ရတယ်။ တနေ့တော့ ကောင်ကလေးက နိုင်ငံခြားသင်္ဘောသားအဖြစ်လူရွေးတဲ့အထဲကို ပါသွားတယ်။ ဒီလိုနဲ့ နိုင်ငံတကာသွားရရင်း ခရစ်စမတ်ရောက်တော့ ကောင်ကလေးက ကောင်မလေးကို ကဒ်ကလေးလှမ်းပို့ပြီးနှုတ်ဆက်တယ်။ ကဒ်ကလေးရောက်လာတော့ ဖွင့်ကြည့်တာပေါ့။ အဲ့ဒီမှာ ထူးဆန်းစွာပဲ ကဒ်ကလေးက ခရစ်စမတ်သီချင်းတီးလုံးလေးတွေမြည်လာပါရော။ ကောင်မလေးနဲ့ အိမ်သားတွေအားလုံးအရမ်းအံ့သြသွားကြတယ်။ နောက်မှ အားလုံးသတိပြန်ဝင်လာပြီး ကဒ်ကလေးကိုယူပြီး ဒရောသောပါးနဲ့ ဘုရားစင်ပေါ်သွားတင်ပြီး ဘုရားရှိခိုးကြပါလေရော။ အသံမြည်တဲ့ နှုတ်ဆက်ကဒ်ကလေးကို တခါဖူးမှမမြင်ဘူးတော့ ဘုရားတန်ခိုးပြတယ်ထင်လို့တဲ့လေ။

ဒီလိုနဲ့ ရက်ကိုလစား၊ လကိုနှစ်စားရင်း ကောင်ကလေးခရီးသွားရတဲ့အရေအတွက်ဟာ များလာတယ်။ ခရီးတခုက ပြန်လာတော့ ကောင်မလေးအတွက် ကက်ဆက်ကလေးဝယ်လာတယ်။  ကောင်မလေးခမျာ တခါမျှ အဲ့လိုကက်ဆက်မျိုးကို မမြင်ဖူးဘူးတဲ့။ အဲ့ဒါနဲ့ကောင်လေးက ရှင်းပြတယ်။ ဒီကက်ဆက်က နောက်ဆုံးပေါ်နည်းနဲ့လုပ်ထားကြောင်း၊ လူတွေအဆင်ပြေဖို့ကို ဦးစားပေးထားကြောင်းတွေပေါ့။ ဘယ်လောက်တောင်လဲဆို လူက အနားကပ်သွားရင် အသံကို အလိုလိုတိုးပေးပြီး လူက ကက်ဆက်နဲ့ဝေးသွားရင် အသံကို အလိုလိုကျယ်ပေးတယ်ဆိုပဲ။ အဲဒါနဲ့ ကောင်မလေးက စမ်းကြည့်တော့လဲ အဟုတ်ပဲ။ တကယ့်ကိုအံ့မခန်းပဲဆိုပီး ရှေ့တိုးကြည့်လိုက်၊ နောက်ဆုတ်နားထောင်ကြည့်လိုက်နဲ့ အလုပ်တွေရှုပ်နေတုန်း ရယ်သံကထွက်လာရော။ နောက်လှည့်ကြည့်လိုက်တော့မှ ကောင်ကလေးရယ်လေ ရမုတ်ကွန်ထရိုး ကိုင်ပြီး ကောင်မလေးကို ပြုံးပြီးကြည့်နေတယ်တဲ့။

ကောင်ကလေးက ရန်ကုန်ကို သွားသွားပြီး ရုံးတက်ရတယ်။ မီးရထားလက်မှတ်က အဲ့အချိန်တုန်းက သုံးရက်ကြိုဝယ်မှရတာလေ။ ပြီးတော့တန်းကစီရသေးတယ် အဲ့ဒီလက်မှတ်ကိုရဖို့ရာ။ ရန်ကုန်က ရုတ်တရက်ဖုန်းဆက်ပြီးလာပါဆိုတော့၊ လိုင်းကားတွေကမဆွဲသေးတဲ့အဲ့ဒီအချိန်မှာ ရထားကပဲအားကိုးစရာပေါ့။ ကောင်မလေးက ဘူတာမှာသွားမေးတော့ ဗီအိုင်ပီနေရာတွေပဲကျန်တော့တယ်တဲ့။ အဲ့နေရာတွေကို ဘယ်လောက်ပေးပေး မရောင်းရဲကြဘူးလေ။ အဲဒါနဲ့ကောင်မလေးက ဘယ်လိုနည်းနဲ့  အဲ့ဗီအိုင်ပီလက်မှတ်ကိုရနိုင်မလည်းမေးတော့ ရထားလက်မှတ်ရောင်းကဘုတောလိုက်တယ်။ တိုင်းမှူးဆီသွားမေးတဲ့။ အဲ့ဒါနဲ့ တကယ်မှတ်ပြီး တိုင်းမှူးနေတဲ့တပ်ထဲ ကားစီးသွားပြီး လက်မှတ်တစောင်ရအောင်သွားတောင်းလိုက်တယ်။ ထူးဆန်းစွာနဲ့ လက်မှတ်ရခဲ့သတဲ့။

ကောင်မလေးက သူ့သားသမီးတွေကိုလဲသိပ်ယုံတာ။ ဘာပြောပြောယုံတယ်။ အဲဒီတော့ သူ့သမီးအကြီးဆုံးနဲ့ သားအငယ်ဆုံးက လှည့်ပတ်ပြီးပြောတဲ့နေရာမှာ ထိပ်ဆုံးကနေရာယူထားပေမယ့် ကြာတော့ မလုပ်ရက်တော့ဘူးတဲ့။ အဲဒီလိုနဲ့ သူ့ကိုဆို လိမ်မပြောတော့ဘူးတဲ့။ ကြီးလာမှ သူ့သမီးအကြီးကရိပ်မိလာတယ်။ မြို့လေးသေးသေးလေးမှာ၊ ဆရာမလုပ်တဲ့ကောင်မလေးဟာ တပည့်တပန်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေကြောင့် သားသမီးတွေအပြင်မှာလုပ်သမျှ သူမသိပဲရှိနိုင်ပါ့မလားလေ ဆိုပြီးပေါ့။

ဒီလိုနဲ့ပဲ အဲ့ဒီကာင်မလေးဟာ အဒေါ်ကြီးတယောက်အနေနဲ့ ဒီနေ့မှာ ၅၇ နှစ်ပြည့်ခဲ့ပြီ။

နှစ်ပေါင်းများစွာထိ ဒယ်ဒီနဲ့အတူတူ ကျန်းမာစွာနေထိုင်နိုင်ပြီး သားသမီးတွေတပြန်တလှည့်လုပ်ကျွေးပြုစုနိုင်ခွင့်ကို ပေးနိုင်ပါစေ။

HAPPY BIRTHDAY MOM !!!

Sunday, 25 September 2011

အကြွင်း

နုပျိုချိန်မှာ
ငါမှ... အဟုတ်။

ရင့်ကျက်ချိန်မှာ
ဘာမျှမဟုတ်။

နေဝင်ချိန်မှာ
ပြာစတဆုပ်။

မောင်ခင်မှိုင်း (ချောက်)

သည်းထိတ်ရင်ဖိုမဂ္ဂဇင်း တွဲ- ၆၊ အမှတ်- ၁။
ဖေဖော်ဝါရီ ၂၀၁၀၊ စာမျက်နှာ ၇။

Saturday, 24 September 2011

ကန်ဒီ့ အတွက် -၂

အကြွေးဆိုတာ ကိုယ့်အတွက်တော့ ကြာလေကောင်းလေများဖြစ်နေမလားမသိ။ တက်ဂ်ခံလိုက်ရတိုင်း နောက်ကျခါမှ မြင်မြင်နေတတ်သည်။ ခုလည်း ကန်ဒီတက်ဂ်ထားတဲ့ သြဂုတ်လထဲကပိုစ့်ကို ခုမှတွေ့သည်။ ဘာပဲပြောပြောပါလေ ခုသိတော့ ခုဆပ်ရုံပေါ့... နော့။ 

နိုင်ငံအပြင်ရောက်တော့ မြန်မာစာအုပ်ဆိုတာတွေနဲ့ဝေးခဲ့ရသည်။ အိမ်မှာရှိတဲ့စာအုပ်တွေကိုလည်း ကီလိုမျက်နှာနဲ့ ယူမလာနိုင်။ စာငတ်တာလောက်ခံရခက်တာဘာမှမရှိဘူးလို့တောင်ထင်မိတယ်။ အဲဒီမှာ သူငယ်ချင်းလေး ကောင်းမှုနဲ့ ပိုစ့်လေးတပုဒ် ကိုစမြင်ဖူးခဲ့ရသည်။ အဲ့ဒါကို ဘလော့လို့ခေါ်မှန်းလည်းမသိ။ ဘာဆိုဘာမှန်းကိုမသိ။ အဲ့အချိန်မှာ ကိုယ်သိတာတခုပဲရှိတယ်။ ငါမြန်မာလိုဖတ်လို့ရဘီဆိုတာပါပဲ။ ဖတ်ဖတ်ချင်းကိုပဲ ဇာတ်လမ်းရော အရေးအသားကိုရော အရမ်းကိုသဘောကျသွားမိသည်။ အဲ့ပိုစ့်ဖတ်လိုက်ရတဲ့အချိန်မှာ ခံစားရတဲ့ပျော်ရွှင်မှုကို အခုပြန်တွေးရင် ကိုယ်အခုပြန်ရတယ်။ 

အဲဒီဘလော့ကမှတဆင့် တခြားဘလော့တွေကို သွားလည်တတ်လာခဲ့တယ်။ တခုခုဆို ခြေလွန်လက်လွန်ဖြစ်တတ်တဲ့ကိုယ်ဟာ ဘလော့ဖတ်သူအဖြစ်ကို အချိန်ပြည့်ကိုရောက်သွားတော့တာပါပဲ။ အဲဒီတုန်းကဘလော်ဂါတွေကလည်း ရေးအားတော်တော်လေးကိုကောင်းကြပါတယ်။ တရက်လောက်လွတ်သွားရင် လိုက်ပေတော့ပဲ။ ဖဘ ကလည်း ခေတ်မှမစားသေးတာကိုးလေ။ ဘလော်ဂါတွေကို တိမ်းပွေအောင်လုပ်တဲ့ ဖဘကို ကိုယ်မုန်းတယ်။ သူ့ကြောင့် စာသိပ်မရေးဖြစ်ကြတော့သလိုလဲ ခံစားရတယ်။ 

ခုထက်ထိကိုယ်လွမ်းနေတဲ့ဘလော်ဂါတွေရှိတယ်။ မင်းတစေဆိုတဲ့ဘလော့ဂါကတော့ ကိုယ့်အကြိုက်ဆုံးပဲ။ ခုတော့သူမရေးတော့ဘူးတဲ့။ နောက်တခုက မလေးမ နဲ့ မဂျစ်တူး။ သူတို့လည်း မရေးကြတော့ဘူး။ 

လက်ရှိရေးနေတဲ့သူတွေထဲမှာ ကိုယ်အကြိုက်ဆုံးက ရီတာကို နဲ့ အမ ရွှေပြည်သူ ပဲ။ 

အသစ်တွေထဲက ကိုယ်မိတ်ဆက်ပေးချင်တာက (တကယ်တော့ ကိုယ်လဲအသစ်ပါပဲ။) အီးတီ။ ကိုယ်သိတဲ့ ဘလော့အသစ်က ဒါပဲရှိတာမို့ပါ။ 

ဘလော်ဂါတွေ စိတ်သွားတိုင်းလက်ပါစွာ စာရေးနိုင်ကြပါစေ။

Saturday, 13 August 2011

စိတ်ရေပြင်ပေါ်က အတိတ်ခြေရာများ... ၁

ကျောင်းပေါက်ဝကိုရောက်တော့ ကိုယ်တို့ စီးလာသည့်ကားကြီးက ကဆုန်ဆိုင်းလာရာမှ ရုတ်တရက် ရပ်တန့်ပေးသည်။ ကျောင်းသား နှစ်ယောက် ယောင်နနနှင့် ဆင်းလာကြသည်။ ကိုယ်နဲ့ ကိုယ့်သူငယ်ချင်းပေါ့။ 

အစိမ်းရောင်နောက်ခံမှာ အဖြူရောင်စာသားတွေနဲ့ရေးထားတဲ့ သစ်တောကျောင်းဆိုတာ ကိုယ်တို့တက်ရမယ့် ကွန်ပြူတာကောလိပ်တဲ့။

ကျောက်စရစ်ခင်းထားတဲ့ ဝင်ပေါက်ကိုကျော်လာတော့ မြေနီလမ်း မကျဉ်းမကျယ်လေးက တမျှော်တခေါ် ဆီးကြိုနေသည်။ ကျောင်းပထမနေ့ဆို၍ ဝတ်လာသည့်ထမီနှင့် ဒီလမ်းကိုလျောက်ဖို့ တော်တော်လေးတော့စိတ်ညစ်သွားမိသည်။ အမေ့ဘီဘဲလ်ထမီက ခြေထောက်အလွန်ရှသည်။ ဒါပေမယ့် လမ်းကလေးအင်မတန်သာယာတာကိုတော့ စိတ်ညစ်ညစ်နှင့်ပင် သတိထားလိုက်မိ၏။ 

တလမ်းလုံးမှာ ကိုယ်တို့နှစ်ယောက်နဲ့ သစ်ပင်တွေချည်းပဲရှိသည်။ တာရိုးဖို့ထားသလိုလမ်းမြင့်မြင့်လေးနှင့် ယူကလစ်ပင်ကြီးတွေ၊ ဘေးတဖက်တချက်မြေအနိမ့်မှာ သီဟိုပင်တွေမျက်စေ့တဆုံး...။ လမ်းဆုံးရွာတွေ့ထုံး နှလုံးမူရင်း ဆက်လျောက်လာကြရာ တော်တော်လေးလှမ်းတော့ လမ်းကလေးက ညာဖက်ကို လမ်းသွယ်လေးတခုအဖြစ်ချိုးသွားသည်။ လှမ်းကြည့်လိုက်တော့ တိုက်တန်းပုလေးတလုံး။ လူကတယောက်မှမရှိ။ ဒါနဲ့မဖြစ်ချေဘူးဆိုပြီး ဆက်လျောက်ကြပြန်သည်။ 


ဒီတခါတော့ နောက်ထပ်လမ်းချိုးလေးတွေ့ဖို့အတွက် သိပ်မလျောက်ရတော့ပါ။ ဒီလမ်းလေးကတော့ နည်းနည်း ပိုရှည်သည်။

ကိုယ်တို့နှစ်ယောက်သား ရှေ့ဆက်လျောက်ရမလား ညာချိုးရမလား စဉ်းစားရင်း ညာဖက်ကိုကြည့်လိုက်မိတော့ အဆောက်အဉီလေးတွေ စီရရီ နှင့် လူငယ်တချို့ကို စတွေ့လိုက်ရ၏။ ဆက်လျောက်ဖို့အကြံကို စွန့်လွှတ်လိုက်ပြီး ညာဖက်ကိုပဲချိုးလိုက်ကြသည်။ ဒီလမ်းသည် ကိုယ့်ဘဝကို တဆစ်ချိုးပေးလိုက်တဲ့ ပထမဆုံး လမ်းချိုးလေးမှန်း နောက်များမှာတော့ သိလာရသည်။

ဒီလမ်းသွယ်လေးက တိုပါသည်။ ဆက်လျောက်သွားတော့ ဘယ်ဘက်မှာ ပျဉ်ထောင်အိမ် အမဲလေးတလုံးနှင့် ညာဖက်မှာ တိုက်တန်းလျားလေးတခု။ စာသင်ဆောင်ကတော့ ပျဉ်ထောင်အိမ်တော့မဟုတ်လောက်ဟု ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ကာ တိုက်တန်းလျားလေးဖက် ထပ် ချိုးလိုက်သည်။ မြေနီလမ်းကနေ လူတယောက်လျောက်စာ ကျောက်စရစ်လမ်းလေးဆီသို့ နိမ့်ဆင်းသွားရာအဆုံးတွင် ကိုယ်တို့တက်ရမည့် နှစ်ခန်းတွဲ စာသင်ခန်းရှိပါသည်။ တခန်းက ကျောင်းရုံးခန်းလုပ်ထားတော့ စာသင်ခန်းက တခန်းထဲပေါ့။ 

ကွန်ပြူတာတွေကို ဘယ်မှာထားမှန်းတော့ မသိသေးပေ။

*****
(ဆက်ရန်)