လွမ်း၍
လွမ်းလျက်
လွမ်းရက် ဆက်လည်း
မျှော်သူ မပေါ်
မခေါ်မဝံ့
ကိုင်သူဆွံ့၍
အနီရောင်လေး တလုံး
အသံတွေ သုဉ်းနေလေရဲ့...။
Thursday, 2 April 2015
Thursday, 17 April 2014
သီတာ
မင့် တချက် တိုက်အစား
ခပ်ပါးပါးလေး အမှတ်နဲ့
သေစေမညွှန်းခဲ့ပေမယ့်လည်း
ဦးစိုက် ကျွမ်းပြန်လို့
အမြစ်ကစ ပြို...လဲ...
ငါ့အတွက်တော့
တကမ္ဘာလုံးစာပါပဲ...
ခပ်ပါးပါးလေး အမှတ်နဲ့
သေစေမညွှန်းခဲ့ပေမယ့်လည်း
ဦးစိုက် ကျွမ်းပြန်လို့
အမြစ်ကစ ပြို...လဲ...
ငါ့အတွက်တော့
တကမ္ဘာလုံးစာပါပဲ...
Wednesday, 16 April 2014
သူ့ အနမ်း
ပါးပြင်ပေါ်က အတွေ့တချက်
အနမ်းပီပီ ညံ့သက် နေရမယ့်အစား
ကတိုက် ကရိုက် နဲ့
အဖြစ် ဆန်လွန်း တာကြောင့်…
မော့… အကြည့်
အနမ်းပီပီ ညံ့သက် နေရမယ့်အစား
ကတိုက် ကရိုက် နဲ့
အဖြစ် ဆန်လွန်း တာကြောင့်…
မော့… အကြည့်
သြော… မင်းကိုး… ယုဒရယ်။ ။
ခရစ်ယာန်တွေရဲ့ ဝါတွင်းကာလရောက်နေတော့ လူငယ်ခေါင်းဆောင်က ဝါတွင်းဖတ်ရမယ့် ကျမ်းပိုဒ်ကို စာအုပ်ထဲကနေ ကူးရိုက်ပေးဖို့ အကူအညီတောင်းတာနဲ့ ရိုက်ပေးရင်း ခေါင်းထဲဝင်လာတဲ့ အပိုင်းအစလေးတွေကို ချရေးမိဖြစ်သွားတယ်။
Friday, 25 January 2013
မနိုင်ဝန်
Flower Story ဆိုတဲ့ လင့်လေးက ဖဘမှာ ကိုယ်အမြဲသွားနေကျ နေရာလေးပေါ့။ အဲ့ဒီထဲကပုံတွေကိုကြည့်လိုက်တိုင်း စိတ်ချမ်းသာရတယ်။ ဒီပုံလေးတွေ့တော့ ကဗျာလေးတပိုင်းတစတောင် ခေါင်းထဲရောက်လာတယ်။ ချတော့မရေးဖြစ်လိုက်ဘူး။ အဲ့ဒါ အိပ်ခါနီးခါမှ စာသားတွေက ဘယ်ကဘယ်လိုထပ်ထွက်လာမှန်းမသိတာနဲ့ ကမန်းကတန်းပြန်ထ၊ စာရွက်ယူပြီး ချရေးထားလိုက်တာ။
Monday, 10 December 2012
သမီးငယ်
ဒီအချိန်ဆို
ကိုယ်တို့မြို့မှာ အေးနေလောက်ပြီ။ နိုဝင်ဘာကနေ ဖေဖော်ဝါရီအထိဟာ ကိုယ်တို့မြို့လေးမှာပဲ
ကိုယ်အနေချင်ဆုံး အချိန်လေးတွေပေါ့။ အခုနောက်ပိုင်း အိမ်ကိုလွမ်းတဲ့အလွမ်းမှာ သခင်မလေး
တပါးပါ ပိုလာပေါ့။ အခုလဲ ရုံးမှာ အလုပ်တွေပါးနေတုန်း ဒေါင်းလုပ် လုပ်ထားတဲ့ပုံတွေပြန်ကြည့်ရင်း
သူ့ပုံတွေတွေ့လို့ သူ့အကြောင်းရေးချင်လာမိတယ်။
ဒီပုံလေးက
မိုးတွေရွာနေတာကို ငေးကြည့်နေတာဆိုပဲ။ ညီမလေးက ဒီပုံလေးပို့လိုက်ရင်းနဲ့ အဲ့လိုလေး
ရေးပေးလိုက်တယ်။ ကိုယ် အရမ်းသဘောကျသွားတယ်။ ငယ်ငယ်လေးကတည်းက သဘာဝကိုချစ်တတ်တာကိုပေါ့။
ကိုယ်သူနဲ့ အကြာကြီးမနေလိုက်ရပါဘူး။ ဒါပေမယ့် နေဖြစ်သရွေ့လေးမှာ ကိုယ်တတ်နိုင်သလောက်လေး
သူ့ကို ထိန်းပေးခဲ့တယ်။ သူက ဆိုင်ကယ်စီးရတာ အရမ်းသဘောကျတာ။ ညနေတိုင်း ဆိုင်ကယ်ပတ်စီးပေးရတယ်။
ငယ်သေးတော့ နောက်က ထိုင်ခိုင်းရင် ပြုတ်ကျမှာစိုးလို့ ကိုယ့်ရှေ့မှာ ခေါ်ထားပြီး လက်တဖက်က
သူ့ကို ထိန်းပြီး ဖြေးဖြေးမောင်းပေးရတယ်။ အဲ့ဒါကို သခင်မက ဖြေးဖြေးမောင်းလို့ဆိုပြီး
“မြန်…. မြန်...” နဲ့ တတ်တဲ့တလုံးထဲနဲ့ ဆရာလုပ်သေးတယ်၊ နောက်ပြီး သူ့ကို ကိုင်ထားလို့ဆိုပြီး
လက်ကို ဆွဲဆွဲဖယ်တယ်။ သူနဲ့ဆိုင်ကယ်စီးတိုင်း တလမ်းလုံး ရန်ဖြစ်လာရတယ်။ တခါတခါများ
မတ်တပ်ထရပ်လိုက်သေးတယ်။ တခါက အိမ်ပြန်ရင်း မိုးရွာလာတော့ ကိုယ့်က သူစိုမှာစိုးလို့
နည်းနည်းသက်သာလည်းတော်သေးတယ်ဆိုပြီး ခေါင်းပေါ်လက်အုပ်ထားတာ မမက ဆွဲဖယ်ပြီး မျက်နှာကိုမော့၊
မိုးစက်တွေ မျက်နှာပေါ်ကျလာတာ သဘောကျပြီး တဝေးဝေးနဲ့ ထအော်တော့တာပဲ။ ပြီးတော့ “ပြန်ဘူး၊
ပြန်ဘူး” က လုပ်သေးတယ်။
ဒုတိယတခေါက်
သူနဲ့ပြန်တွေ့ချိန်မှာ သူစကားနည်းနည်းပါးပါးပြောတတ်နေပြီ။ ညတိုင်ကျရင် ကိုယ်က ကိုယ့်အကြိုက်ဆုံး
ကလေးသီချင်း Twinkle Twinkle ဆိုဆိုပြတယ်။ ကိုယ်စာသင်ခဲ့တဲ့ တလျောက် ကလေးတွေက အဲ့ဒီသီချင်းလေးကို
ကြိုက်ကြတယ်။ ညီမလေးက သမီးလေးကို ကိုယ်ဝန်ရှိကတည်းက ဘိုက်နား ရေဒီယိုကပ်ထားတတ်တယ်။
သူကလေးကမွေးပြီးတပတ်လောက်ကတည်းက ရေဒီယိုက သီချင်းသံကြားရင် ခေါင်းလည်နေအောင်ကို အသံလာရာဆီ
လိုက်လိုက်ကြည့်တတ်နေရော။
သူ့ကို
သိပ်ရင် အရမ်း သိပ်ရခက်တယ်။ အိပ်ချင်ပြီဆိုရင်၊ စိတ်ကြည်နေရင်တော့ ခန နဲ့အိပ်တယ်။ သူ့ကိုသိပ်ရင်
ဆိုနေကြ ဘုရားသီချင်းလေးရှိတယ်။ အဲ့ဒါလေးနဲ့ ချော့သိပ်နေကြ။ တနေ့ သူ့နေ့လည်အိပ်ချိန်မှာ
သူစိတ်ကြည်ကြည်လင်လင်နဲ့မိုလို့ ပုခက်ထဲထည့်လိုက်တာနဲ့ မျက်လုံးတန်းမှိတ်ပြီး အိပ်တော့မယ်ပေါ့။
ကိုယ်က ဆိုနေကျသီချင်းလေးဆိုလိုက်တယ်။ ဆိုရင်းနဲ့ ကိုယ်က ဒါကြီးပဲဆိုပြီး တခြားသီချင်းပြောင်းဆိုတာ
မျက်လုံးဖျတ်ခနဲဖွင့်ပြီး တဟမ်းဟမ်းနဲ့ လုပ်တော့တာပဲ။ အဲဒါနဲ့ ဆိုနေကျသီချင်းပြန်ဆိုမှ
ဟင်းးးးးး ဆိုပြီး သက်ပြင်းချပြီးမှ မျက်စိပြန်မှိတ် အိပ်သွားတယ်။
အဲ…
အဲဒါနဲ့ အစပြန်ကောက်ရရင် Twinkle Twinkle Little Star သီချင်းလေးကို သူ့ဆိုပြရင်း မိုးပေါ်ကို
လက်ညှိုးထိုးပြီး
“Star
ဆိုတာ အဲ့ဒီကြယ်ကလေးတွေကိုပြောတာလေ သမီးရဲ့”
လို့
ပြောပြတာပေါ့။ ညည ဆိုင်သိမ်းပြီး ပြန်လာလို့ သူ့ကို ချီလာရင် ပုံမှန်မချီပဲ ကိုယ့်လက်နှစ်ဖက်ပေါ်မှာ
ပက်လက်ကြီးလုပ်ပြီး ကိုယ်က
“သမီး
ကောင်းကင်ကြီးပေါ်မှာ ကြည့်စမ်း ကြယ်လေးတွေ”
လို့လည်း
ပြောပြောပြနေကြ။ အဲ့ဒီတော့ သူက နောက်ဆို ညတိုင် ဆိုင်ကပြန်လာရင် ပုံမှန်ချီထားရင် ခေါင်းကြီးမော့မော့ပြီး
မိုးပေါ်ကြည့်ရတာအမော။ အဲ့ဒီကျရင် ကိုယ်က အလိုက်တသိ ပက်လက်ကြီးဖြစ်အောင် ချီပေးရတယ်။
ဘေးကဆိုင်နီးချင်းတွေကတော့ထင်မှာပဲ။ ကလေးတောင်မချီတတ်ဘူးဆိုပြီး။ တိမ်ထူလို့ ကြယ်မထွက်ရင်၊
“တီတီ
ကြယ် ရှိဘူး၊ ကြယ်ရော”
နဲ့
မေးတော့တာပဲ။
တနေ့
ညနေခင်း မမှောင်တမှောင်မှာ အိမ်ရှေ့ ဂိတ်အဝင်ဝမှာ ငုတ်တုတ်လေး ထိုင်ပြီး ဘာလုပ်နေမှန်းမသိလို့
ညီမလေးက
“သမီး
ဘာလုပ်နေတာလဲ အိမ်ထဲဝင်” ဆိုတော့ “ကြယ်ကြည့်နေတာ”
တဲ့ ခပ်တည်တည်ပဲ။
အဲလိုပြန်ပြောပြီး
ထိုင်ရာက မထဘူး။ ကိုယ်သူ့ဘေးနားသွားပြီး ဘယ်ကြယ်ကိုများကြည့်နေလဲလို့ သွားကြည့်တာ ကိုယ်လဲသတိထားမိတဲ့
မမှောင်ခင်မှာဆို မြင်ရလေ့ရှိတဲ့ ကြယ်တလုံးဖြစ်နေတယ်။ တကယ်တော့ ဂြိုလ် ဖြစ်မယ်ထင်ပါတယ်။
ကောင်းကင်ကြီးတခုလုံးမှာ အဲ့ဒီကြယ်လေးတလုံးပဲ မြင်ရသေးတာ တကယ်တော။့ ပြီးတော့ မျက်နှာချင်းဆိုင်အိမ်က
အပင်တွေက ကွယ်နေတတ်သေးတယ်။ အဲ့ဒါကို သူမို့ တွေ့တတ်တယ်။ သူ့လို ငုတ်တုတ်ထိုင်လိုက်မှ
အရွက်တွေကြားက အဲ့ဒီကြယ်ကလေးကိုမြင်ရတော့ ကိုယ်တို့ တူဝရီးနှစ်ယောက်သား ထိုင်ကြည့်ခဲ့ကြတယ်။
လွမ်းလိုက်တာ
သမီးလေးရယ်။
Sunday, 18 November 2012
ချစ်လို့
ခရီးထွက်ပြီးပြန်လာတဲ့သူကိုတော့ ခရီးထွက်စဉ်က အတွေ့အကြုံတွေအကြောင်း
ပြောစေချင်မှာကတော့ ခန့်မှန်းလို့ရပါတယ်။ ဒါပေမဲ့ ပထမဦးဆုံးတော့ ခရီးထွက်တယ်ဆိုတာကို
ဘယ်လိုကျွန်မနားလည်လဲဆိုတာကို ပြောပြချင်ပါတယ်။ အရိုးဆုံး၊ အရှင်းဆုံးပြောရမယ်ဆိုရင်တော့
ခရီးသွားတယ်ဆိုတာ မိမိနေရာအရပ်မှ အခြားသို့သွားခြင်းပါပဲ။ ကိုယ့်နေရာအရပ်ကနေ အခြားအရပ်တစ်ခုကို
သွားတယ်ဆိုတာကတော့ အကြောင်းရှိတတ်ပါတယ်။ ပညာကိစ္စ၊ အလုပ်ကိစ္စတွေကြောင့်၊ မိသားစုကိစ္စ၊
လူမှုရေးကိစ္စတွေကြောင့် ဘာသာရေးအရ ဘုရားဖူး၊ အဓိဌာန်ပြုစသည်တို့ကြောင့်၊ မွေးရာပါခြေဖဝါးက
ဗွေရဲ့လှုံ့ဆော်မှုကို မလွန်ဆန်နိုင်တာကြောင့် စသဖြင့် အကြောင်းအမျိုးမျိုးတွေ စဉ်းစားလို့ရပါတယ်။
အခြေခံအားဖြင့်တော့ ကိုယ့်ရဲ့သာမန်နေရာကနေ အခြားသောနေရာကို အချိန်တိုကာလလေးအတွက်ပဲဖြစ်စေ၊
ကာလရှည်ကြာစွာပဲဖြစ်စေ ရွှေ့ပြောင်းသွားတဲ့သဘောပါပဲ။
အင်္ဂလိပ်အဆိုတစ်ခုအရ “ခရီးသွားခြင်းသည် စိတ်ကူးဥာဏ်ကို ကျယ်ပြန့်စေတယ်”
တဲ့။ ကျွန်မက ဒီသဘောတရားကို သိပ်ကြိုက်ပါတယ်။ နေရာဟောင်းကနေ နေရာသစ်ကို သွားခွင့်ရပြီးမှ
အတွေးအခေါ်သစ်တွေ ဘာမှကိုမရခဲ့ဘူးဆိုရင် သွားရကျိုးက ဘာရှိမှာလဲ။ ရုပ်ပိုင်းဆိုင်ရာ
ပစ္စည်းသစ်အမျိုးမျိုးဝယ်ခဲ့၊ ရနိုင်ခဲ့လို့ ကျေနပ်သူတွေ ရှိကြမှာပါ။ ဒါကတော့ သာမညအကျိုးမျှသာလို့
ကျွန်မထင်ပါတယ်။ တကယ်တန်ဖိုးရှိတဲ့ ရလဒ်မဟုတ်ပါဘူး။
ကျွန်မ ပထမဦးဆုံးထွက်ခဲ့ဖူးတဲ့ ခရီးကို ပြန်စဉ်းစားကြည့်ပါတယ်။ ၁၉၄၇ ခုနှစ် ဖေဖေအထက်မြန်မာပြည်သွားတုန်းက လိုက်ပါသွားခဲ့ရတဲ့ခရီး။ မမှတ်မိတော့ပါဘူး။ မိတ္ထီလာကန်ပေါင်ပေါ် ရိုက်ထားတဲ့ပုံ၊ မန္တလေးတောင်ပေါ်က ကျောက်မြွေကြီးတွေနားမှာ ရိုက်ထားတဲ့ပုံ၊ ဘွားဘွားဒေါ်စုအိမ်မှာ မိသားစုစုံညီရိုက်ထားတဲ့ပုံ၊ မေမြို့ (ယခုပြင်ဦးလွင်) မှာ ရိုက်ထားတဲ့ပုံ၊ ဓါတ်ပုံတွေတော့ ရှိနေပါတယ်။ ခရီးသွားစဉ်က အတွေ့အကြုံတွေကိုတော့ လူကြီးတွေပြောပြလို့ သိရပါတယ်။ ကားပြတင်းပေါက်ကနေ အဆက်မပြတ်ကြည့်နေပြီး၊ နွားတွေတွေ့ရင်

“နွားတွေ၊ နွားတွေ၊
နွားတွေ၊”
ဆိုပြီး ရေရွတ်လိုက်၊ မြစ်ချောင်း-ရေကန် တွေ့ရင်
“ရေတွေ၊ ရေတွေ၊ ရေတွေ”
ဆိုပြီး
ရေရွတ်လိုက်နဲ့ ခရီးသွားရှုခင်းအပေါ် သုံးသပ်ချက်ချရတာ၊ ကျွန်မရော၊ ကြားရသူပါ အမောပါပဲတဲ့၊
ဖေဖေနဲ့ မေမေက ရှေ့ကားမှာ အစ်ကိုနှစ်ယောက်နဲ့ ကျွန်မက ကျွန်မတို့အဒေါ်နဲ့ နောက်ကားမှာ၊
ခရီးလမ်းမှာ ကားရပ်ပြီးနားတဲ့အခါမှပဲ ဆုံကြရပါတော့တယ်။ ကားရပ်တာနဲ့ (လူကြီးတွေအပြောပါ၊
ကျွန်မကိုယ်တိုင် မမှတ်မိပါဘူး။) နှစ်နှစ်မပြည့်သေးတဲ့ ကျွန်မက ဖေဖေ့ဆီ တန်းပြေးပြီး
“ဖေဖေ… ဖေဖေ၊ ကလေးလေးက ချီပါတဲ့၊ ချီပါတဲ့”
လို့ပြောပါသတဲ့၊ ဖေဖေကလည်း အင်မတန်ဥာဏ်ကောင်းတဲ့
ပုဂ္ဂိုလ်ဟုတ်လား၊ ဘယ်လိုတုံ့ပြန်ရမလဲ သိတာပေါ့။
“ဘယ်ကလေးလေးကလဲ သမီးရဲ့”
လို့ပြန်မေးတယ်။
ဒီတော့ ကျွန်မဆိုတဲ့ ကလေးလည်က ရင်ဘတ်ကို လက်ကလေးနဲ့ပြပြီး
“ဒီကလေးလေးက”
လို့ ပြန်ပြောတော့
ဖေဖေက သဘောကျလို့ မဆုံးပေါ့။ ခရီးသွားတယ်ဆိုတာနဲ့ စိတ်ကူးဥာဏ်တွေ ကျယ်ပြန့်လာပြီး ဖေဖေကျအောင်
ချွဲနည်းတစ်မျိုးတတ်လာတာလေ။ ခရီးသွားရကျိုး မနပ်ပေဘူးလား။
ဖေဖေ မရှိတော့တဲ့နောက်ပိုင်းမှာ မေမေခရီးထွက်တာတွေကိုတော့ ကောင်းကောင်းသတိရပါတယ်။
အိန္ဒိယကိုသွားတာက ပထမဦးဆုံးပါပဲ။ လေယာဉ်ပျံကွင်းကို လိုက်ပို့ကြတယ်။ မေမေက မသွားခင်
ကျွန်မကိုချီထားတုန်း (ဓါတ်ပုံထဲမှာ ကတုံးလေးနဲ့ဆိုတော့ ကျွန်မ သုံးနှစ်လောက်ရှိပါလိမ့်မယ်။)
လေယာဉ်ကွင်းက အမျိုးသားတစ်ယောက်က ကြွေပန်းအိုးကြီးကိုင်လာပြီး မေမေ့ကို ရေနဲ့လောင်းမယ်လို့
ကျွန်မကို စပါတယ်။ အဲဒီတုန်းက စိတ်ထဲမှာ ဝမ်းနည်းခဲ့တာကို အခုထိ ကောင်းကောင်းမှတ်မိနေတယ်။
ဘာကြောင့်မှန်းတော့မသိပါဘူး။ မေမေရေစိုသွားမှာကို တကယ့်ကြေကွဲဖွယ်ရာဖြစ်ရပ်ကြီးလို့
စိတ်ထဲမှာထင်မိတယ်။ ဒါနဲ့ငိုပါလေရော။ မေမေချီထားရင်း ပါးစပ်ပြဲကြီးနဲ့ ငိုနေတဲ့ ကျွန်မနဲ့
ပန်းအိုးကြီးနဲ့ မေမေ့ကိုလောင်းမလို့လုပ်နေတဲ့ အမျိုးသားကိုရိုက်ထားတဲ့ ဓါတ်ပုံတွေ
ခုထိရှိပါသေးတယ်။ အဲဒီတုန်းက ဓါတ်ပုံရိုက်နေတာကို လုံးဝသတိမပြုမိဘူး။ မေမေရေစိုမှာကို
သောကဖြစ်နေတာ၊ အိုးကို မှောက်လိုက်တော့ ရေမထွက်လာဘဲ သဲကလေး အနည်းငယ်ကျလာတောကိုတော့
ကောင်းကောင်းမှတ်မိပါတယ်။ ကျွန်မရဲ့ အဦးဆုံးမှတ်မိတဲ့ဖြစ်စဉ်တခုပါပဲ။ ခရီးသွားခြင်းနဲ့
ဆက်စပ်နေတော့ ကျွန်မမှာ ခရီးသွားခြင်းကိစ္စတွေနဲ့ များများပတ်သက်ရမဲ့ ဇာတာပါတယ်လို့
ပြောနိုင်မှာပေါ့နော်။
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ကျင်းပတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း
(WHO) နှစ်ပတ်လည်ညီလာခံကို တက်ဖို့သွားတာ မေမေ့ရဲ့ ပထမဦးဆုံး ဥရောပခရီးစဉ်တစ်ခုဖြစ်ပါတယ်။
ဒါကြောင့် ဇွန်လ ၁၃ ရက်က ကျွန်မစထွက်ခဲ့တဲ့ ဥရောပခရီးဟာ ဂျီနီဗာမြို့မှာ ကျင်းပတဲ့
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ညီလာခံသွားတာနဲ့ စခဲ့ရတာဟာ တစ်နည်းအားဖြင့် မိသားစုအစဉ်အလာကို
ထိန်းလိုက်ရသလိုပါပဲ။
ဒီတစ်ပတ် ဒီမျှသာ…။ ။
အောင်ဆန်းစုကြည်
Saturday, 10 November 2012
အတွေးများ
ကိုယ့်ဘာသာကိုယ် ဘာလိုချင်မှန်း၊ ဘာကိုကြိုက်မှန်း၊ မကြိုက်မှန်းတောင်မသိဘူးတဲ့။ သူငယ်ချင်းတယောက်က ပြောတယ်။ သူပြောမှ စဉ်းစားမိတယ်။ ဟုတ်နေတာပဲ။ အဲဒီလိုမသိရင် ဘာဖြစ်မလဲ၊ သိရင်ရော။ ကိုယ်လဲ မတွေးတတ်တော့ဘူး။ ရေရှည်အတွက် တခါမှ မစဉ်းစားကြည့်မိဘူး။ ကိုယ်အခုလုပ်နေတာကို လုပ်နေနိုင်သေးသရွေ့လုပ်မယ်။ မတတ်နိုင်တဲ့ တနေ့ ထားခဲ့လိုက်မယ်။ အဲ့ဒီလိုပဲ စိတ်ကူးနေမိသေးတယ်။ အခုထိတော့။
သူပြောတော့မှ တသီကြီး တွေးနေမိတယ်။ ကိုယ်အခုအထိ လုပ်ခဲ့သမျှအရာတိုင်းဟာ ရက်လွန်ဒိတ်သတ်မှတ်ထားတဲ့ အရာတွေချည်းလို ဖြစ်နေခဲ့တယ်။ အဲ့ဒီတော့ တချိန် ကိုယ်ထားခဲ့နိုင်တယ်၊ ဒါမှမဟုတ် ရက်မလွန်ခင် ကုန်အောင် သုံးလိုက်၊ လုပ်လိုက်နိုင်မယ်။ ခုထိတော့ မနေချင်ရင် ထွက်ပြေးလို့ရသေးတဲ့ နေရာတွေမှာ ကိုယ်ရှိနေသေးတယ်။ ဒါပေမယ့် ကာလအပိုင်းအခြားတခုအထိတော့ ကိုယ်ဟာ ကိုယ်မဟုတ်သေးသလိုတော့ ခံစားရလိမ့်မယ်။ ဒီလိုနေတာ ကြာလာရင် အစတခုခု တွေ့တာနဲ့ ထွက်ပြေးချင်ပြေးလို့ရမယ့် အစလား၊ ထားခဲ့မယ်ဆို ထားခဲ့လို့ရမယ့် အစလား ကိုယ်တွေးနေမိတော့မယ်နဲ့တူတယ်။ သိပ်စိတ်ချလို့ရတာမဟုတ်ဘူး။ တာဝန်ယူလိုစိတ်မရှိတာလည်း ဖြစ်နေမလားပဲ။ အင်းးး ပြစ်ချက်တွေကလည်း များလိုက်တာ။
စကားမစပ် ခုတလော ကင်ဆာ ဆိုတဲ့ စကားလုံး ကိုယ့်အနားမှာ တဝဲလည်လည်ဖြစ်နေတာကို မုန်းတယ်။
စိတ်အခြေအနေတွေဟာ လုပ်ငန်း ကျွမ်းကျင်လာတာနဲ့အမျှ၊ လုပ်ငန်းခွင်မှာ ကောင်းတဲ့ ကူညီတတ်တဲ့ သူတွေရှိနေတာနဲ့အမျှ တက်လိုက်ကျလိုက်ဖြစ်နေတယ်။ ဒါဟာ ပုံမှန်လား။ ဟုတ်မှာပါ။ မျှတတွေး၊ ဖြန့်ထွက်တွေး၊ ဖြန့်ကျက်တွေး၊ သူ့နေရာဝင်တွေး၊ တွေး... တွေး... တွေး...။ ဒါတွေနဲ့ တည့်တည့်တိုးတော့ တွေးရမှာ ပျင်းတဲ့ကိုယ်နဲ့ အတွေးတွေနဲ့ ရန်ဖြစ်သလားလည်း မမေးနဲ့။ ဒါပေမယ့် တွေးတာကောင်းပါတယ်။ အတွေးနောက် အလုပ်ပါ ပါနိုင်ရင် အကောင်းဆုံးပေါ့။
အလုပ်ထဲမယ် ကိုယ်ခေါင်းခနခနမော့ဖြစ်တယ်။ ဒါပေမယ့် ဘာကြောင့်မှန်းမသိဘူး၊ အဲ့ဒီလိုမော့မိတာ။ မနေ့က ဖဘ ထဲမယ် လျောက်ဖတ်ရင်း တွေ့တာက စိတ်ဖိဆီးမှုများလာရင် ခေါင်းမော့ပေးရတယ်ဆိုပဲ။ အဲ့ဒါဆို သက်သာတယ်တဲ့။ ကိုယ့်ခန္ဒာခမျာ သနားပါတယ်။ ကိုယ်ဂရုမစိုက်တော့ သူ့ဟာသူ သက်သာရာသက်သာကြောင်း ကြည့်ကျက်နေရှာတယ်။ စိတ်မပူပါနဲ့ဟယ်၊ ငါရေကူးဝတ်စုံဝယ်ပြီးသွားပြီ...နော်။
Monday, 29 October 2012
အာလူး ကတ်တလတ်
ညကျ ရေးပေးမယ်ပြောပြီး
ကတိမတည်လိုက်နိုင်ဘူး။ ချစ်ပေါက် ခွင့်လွှတ်ပါလေ။
ဆား အနည်းငယ်
ကြက်ဥ နှစ်လုံး (အနှစ်နဲ့ အကာခွဲထားပါ)
ဆီ
အာလူးအနေတော် ၈လုံး
Gee (မခမ်း) တဇွန်းဆား အနည်းငယ်
ကြက်ဥ နှစ်လုံး (အနှစ်နဲ့ အကာခွဲထားပါ)
ဆီ
အာလူးတွေကို ပြုတ်လိုက်ပါတယ်။
ပြုတ်ထားတုန်း
ခွဲထားတဲ့ ကြက်ဥအကာကို ခလောက်ထားပါ။
အာလူးကျက်ပြီဆို
အခွံနွှာပြီး ခြေ ပါ။
ခြေပြီးရင် မခမ်း၊
ဆားနဲ့ ကြက်ဥအနှစ်ကိုထည့်ပါ။ ပြီးတော့ ရောနယ်လိုက်ပါ။
ဆီပူအောင်တည်ပြီးလို့ ဆီကျက်ရင်
နယ်ထားတဲ့ အာလူးအရောကို စိတ်ကြိုက် အရွယ်တော် လေးတွေလုပ်ပြီး ခလောက်ထားတဲ့ ကြက်ဥအကာထဲ
နှစ်လိုက်ပါ။
ပြီးရင် ဒယ်အိုးထဲထည့်ပြီး
ကြော်လို့ရပါပြီ။ တယောက်နှစ်ခုနှုန်းဆို ငါးယောက်စားလို့ရပါတယ်။
ဒါက တတ်နိုင်သရွေ့
ချုံ့ထားတဲ့ အာလူးကတ်တလတ် လုပ်နည်းပါ။ အပျင်းနည်း လို့ လဲ ထောပနာ ပြုကြပါတယ်။
ကိုယ့်မေမေလုပ်တဲ့
ကတ်တလတ်က အသားပါပါတယ်။ အမဲသားပါ။ တောက်တောက်စင်းထားတဲ့ အမဲသားကို ကြက်သွန်ဖြူ နီ ငြုပ်သီးမှုန့်
ဆနွင်း ဆီ နဲ့ ဆီသတ်ပြီး ခွက်ထဲလှယ်ထည့်ပါတယ်။ ကြက်သွန်ဖြူ အတုံးလိုက်လှီးထားတာ ကို
အစိမ်းလိုက်ထည့်ပြီး ရောလိုက်ပါတယ်။ အာလူးအရောကို လက်ထဲမှာ ပြားထားပြီး နည်းနည်းလေး
ခွက်အောင်လုပ်၊ ပြီးတော့ အသားရောကိုထည့်ပြီး ထာပနာလိုက်ပါတယ်။ ပြီးရင် ကြက်ဥ အကာထဲထည့်ပြီး ကြော်လိုက်ရင် အမေလုပ်တဲ့ ကတ်တလတ်ရပါတယ်။ အမေက မခမ်း မထည့်ပါဘူး။ ဒီနည်းက ရေးတော့သာ
မြန်တာပါ။ လုပ်ရတာ သိပ်လက်ဝင်ပါတယ်။ အသား ထာပနာထားတော့
ကတ်တလတ် အလုံးကြီးက ကြီးသွားရော။ အဲ့ဒီတော့ ကြော်ရတာ ကြာပါတယ်။ ထာပနာထားတာ ပွင့်ဖို့လည်း
လွယ်တော့ သိပ်ရှုပ်တယ်။ တကယ်တော့ အမေ့ဒီဟင်းချက်ရင် ကိုယ်က အလယ်သားတွေ အကုန်ဖယ်ပြီး
အာလူးပဲစားတာ။
အဲဒီတော့ ကိုယ်လုပ်တဲ့ကတ်တလတ်က
ကိုယ်ကြိုက်တဲ့ အာလူးပဲပါတော့တာပေါ့။ မခမ်းကလည်း ကိုယ့်ဟာကိုယ် ကြိုက်လို့ထည့်တာ။ ကြက်ဥ
အကာနဲ့ အပြင်က မံတာက အာလူးအစလေးတွေ ဖွာမထွက်ဘဲ သပ်သပ်ရပ်ရပ်လေးလည်းဖြစ် ကြော်တဲ့သူအတွက်လည်း
အလုပ်မရှုပ်တော့အောင်လို့ပါ။ ကြော်တဲ့အခါလည်း လက်မှာ ကပ်မကျန်ခဲ့တော့ဘူးပေါ့။ ရောနယ်တဲ့အထဲ
အကာထည့်နယ်ရင်ကြတော့ အာလူးက မစေးတော့ပဲ ပြားပြားလေးလုပ်လို့မရတော့ပါဘူး၊ အလုံးလေးလည်း မရပါဘူး။ ရောနယ်ရင်
အနှစ်ပဲ ထည့်ရမှာပါ။ ရွှေဝါရောင်သန်းလာရင်တော့ ဆယ်လို့ရပါပြီ။
အာလူးခြေတာမှာ တချို့က ထောင်းပါတယ်။ ကိုယ်လဲ အစက ထောင်းပါတယ်။ တနေ့ အဒေါ်တယောက်အိမ်လာတုန်း အိမ်မှာ ကတ်တလတ်လုပ်စားတာနဲ့ကြုံတော့ သူသင်ပေးသွားတဲ့နည်းနဲ့လုပ်တာ အင်မတန်လူသက်သာသွားပါတယ်။ အာလူးထောင်းရင် အားသိပ်စိုက်ရတယ်။ အဒေါ်ကတော့ အာလူးလေး ဘယ်လက်ပေါ်တင်ပြီး ခရင်းပက်လက်နဲ့ အာလူးကို ဘယ်ညာခြစ်လိုက်တော့ ထောင်းစရာမလိုတော့ပဲ ကြေမွနေတဲ့အာလူးတွေရလာပါတယ်။ အောက်က လင့်ကတော့ လက်ပေါ်တင်ခြေတာတော့မဟုတ်ပါဘူး။ ဒါပေမယ့် ခက်ရင်းနဲ့တော့ ခြေပြထားတာပါ။
ကိုယ်လုပ်တဲ့ ကတ်တလတ်က
မခမ်းများသွားလို့ တော်တော်ပျော့ပြဲသွားပါတယ်။ ကြော်မရအောင် မဖြစ်သွားတာ တော်သေးတယ်။
စားတော့လည်း အီစိမ့်အစ်သွားရော။ ထမင်းနဲ့စားဖို့ဆို မခမ်း မထည့်တာ ကောင်းပါလိမ့်မယ်။
အနံ့ကြိုက်ရင်တော့ ပါလေကာလေး ထည့်တာပဲ ကောင်းပါလိမ့်မယ်။
ကိုယ်က ဂျေးများတယ်။
မခမ်းဆို ကိုယ့်မြို့က မခမ်းမှ မခမ်းထင်တာ။ ရန်ကုန်မှာ နေတုန်းက ရန်ကုန်ကရောင်းတဲ့ မခမ်း
ဘယ်တော့မှ မဝယ်ဘူး။ မယုံတာလဲပါတာပေါ့လေ။ မြို့လူကြုံရှိမှ မှာတာ။ ဒီရောက်လာတော့လည်း
အာလူးသာ ဝယ်ထားတာ လုပ်မစားဖြစ်သေးဘူး။ တနေ့ကတော့ သူငယ်ချင်းတယောက်က လစ်တဲလ်အင်းဒိယ
သွားမယ် လိုက်မလားဆိုလို့ လိုက်ဖြစ်သွားရင် မခမ်း တွေ့တာနဲ့ အိမ်ခေါ်လာလိုက်တာ။ တနင်္ဂနွေမှာ
ဘုရားကျောင်းတက်ရင်း အမျိုးတွေအကုန်ဆုံမှာဆိုတော့ သူတို့ပါစားရအောင် လုပ်ဖြစ်သွားတယ်။
ခေါ်နေကြက အာလူးကတ်တလိပ်ဆိုတော့
ဖဘမှာ ဒါတ်ပုံတင်တော့ ဒါဘာလဲလို့ လာမေးတဲ့ မလေးသူငယ်ချင်းကို ရှင်းပြဖို့ရာ ဂူဂဲတာ
ဘယ်လိုမှ ဂဲ မရဘူး။ ဘယ်ရပါ့မလဲ potato catlate တွေရော catalate တွေရော နဲ့သွားရှာတာကိုး။
နောက်မှ ဂူဂဲလည်း သနားလာလို့နဲ့တူတယ် potato cutlet လို့အကြံပေးရှာတယ်။ အဲ့ဒီအတိုင်းလိုက်ရှာတော့ မှ အဆင်ပြေသွားတယ်။ အဲ့ဒါကြောင့် မှတ်မိနေအောင် ကတ်တလတ်လုပ်ထားတာ။
ဒါပေမယ့် ကိုယ့်ဖာသာကိုယ် ဖတ်တာတောင် ကန့်လန့်ကြီး။
Friday, 12 October 2012
တော်ရာ
ငါလိုအိုင်းစတိုင်းကို ယူလ်ဘရိုင်းနား နီးနီး လုပ်နိုင်တဲ့ရေတွေရှိတဲ့ ကျွန်းကလေးပေါ်မှာ မနေချင်ဘူးကွယ်။
Thursday, 11 October 2012
မျက်ရှု
မနေ့က အိမ်နဲ့ ဖုန်းပြောဖြစ်တယ်။ viber ကျေးဇူးက ကြီးလှပါတယ်။
အခုဆို ပိုက်ဆံလည်း မကုန်၊ အရင်လို နှစ်ပတ်တခါလောက်မဟုတ်ဘဲ နေ့တိုင်းနီးပါးလည်း ပြောလို့ရပြီ။
ကြားလား၊ ကြားတယ် နဲ့ မကြားရဘူး တို့ကတော့ အဓိက ဇာတ်ဆောင်တွေပေါ့။ အိမ်က သခင်မက စိတ်လိုလက်ရရှိရင်
စကားလာပြောတယ်။ သူမပြောချင်တော့ဘူးဆို "ဟင်... ဘာမှ မကြားရဘူး" ဆိုပြီး သူ့အမေ ကိုယ့်ညီမကို
ဖုန်းပြန်ပေးလိုက်တတ်တယ်။ တခါတလေများ ကိုယ်က ပြောချင်လွန်းရင် ဘာမှာမလဲ၊ မုန့်လား အင်းကျီလားလို့မေးခိုင်းတယ်ဆိုမှ
ဖုန်းလာကိုင်တယ်။ "ဂါဝန်လေးလေ… ချောကလက်လေ" နဲ့ ဒါလေးတောင် မသိဘူးလားဆိုတဲ့ပုံနဲ့ ဖုန်းလာဖြေတော်မူတယ်။
မနေ့ကတော့ ထူးထူးခြားခြား သီချင်းတွေ ဆိုပြနေတယ်။ ဘာကောင်မလေးမှန်းကို မသိဘူး။ ညီမကလည်း
အခု အတင်းတုပ်စရာ နောက်တယောက်အကြောင်း ထပ်ရသွားတယ်။ ကိုယ်နဲ့ညီမက အမေ့အတင်းတုတ်နေကြ။
ကိုယ့်အမေက သူ့မြေးနဲ့ တည့်လိုက် မတည့်လိုက်ပါပဲ။ မတည့်တဲ့အချိန်တွေကတော့
သူ့မြေးမုန့်စားချိန်နဲ့ ကိုယ့်ညီမ အိပ်ပြီး တီဗီကြည့်တဲ့အချိန်ပေါ့။ တနေ့ သမီးလေးက
သူ့အဖေနဲ့အပြင်ကပြန်လာလို့ မုန့်ပါလာတယ်။ အိမ်ထဲလည်းဝင်လာတဲ့အချိန် ကိုယ့်အမေက ဧည့်ခန်းထဲမှာ
ထိုင်နေတာလည်းတွေ့ရော မုန့်ထုပ်ကို သူ့ကိုယ်နောက်ကို ဖွက်လိုက်တယ်။ ညီမလေးက အိမ်အပေါ်ထပ်မှာဆိုတော့
လှေခါးရင်းသွားပြီး "မေမေရေ… မေမေရေ" နဲ့ အော်ခေါ်တော့တာပဲ။ ကိုယ့်အမေဆို ဆွေ့ဆွေ့ကို ခုန်နေရော။
ကိုယ်တို့တီဗီကြည့်ရင် တခါတလေ ဆက်တီပေါ်မှာ လှဲပြီး ကြည့်တတ်ကြတယ်။ ခါးနောက်ခုတဲ့ကူရှင်လေး
ဒါမှမဟုတ် အရုပ်တွေကို ခေါင်းအုန်းရင်းပေါ့။ အဲ့ဒါ တနေ့ ကိုယ့်မေမေက ကူရှင်ခေါင်းအုန်းရင်း
အိပ်ပျော်နေရော။ သမီးနဲ့ သူ့အမေ၊ ကိုယ့်ညီမက သမီး အကြိုက် ကာတွန်းကားကြည့်နေရင်း ညီမက
ပျင်းလာတော့ လှဲအိပ်လိုက်တယ်။ အဲ့ဒီမှာ သမီးလေးက ဘာမပြော ညာမပြောနဲ့ ကိုယ့်အမေအိပ်နေတဲ့
ခုံကိုသွားပြီး ခေါင်းအုန်းကို သွားဆွဲထုတ်တယ်။ ပြီးတော့ မေမေရော့ ဆိုပြီး ကိုယ့်ညီမကို
သွားပေးတယ်။ ကိုယ့်အမေက လန့်နိုးပြီး ပြုံးရမလို၊ ဆူရမလိုဖြစ်သွားရရော။ အဲ့ဒါမျိုးက
သူ့အမေမှမဟုတ်ဘူး သူ့အဖေအိပ်နေလည်းအဲလိုပဲ။ သူ့အဖေကိုဆို ပိုသဲသေး။ အိမ်မှာက အဲ့ဒီလိုကူရှင်လေးက
တခုပဲရှိတာ။ သူ့အဖေရော အမေရော အတူတူဆို သူ့အဖေကို ဦးစားပေးတယ်။
ဒင်းအကြောင်းကတော့ ပြောလို့ကို မကုန်နိုင်ဘူး။
Tuesday, 9 October 2012
ဂိုးဂွင့်ဂွက်ဂွေ
တရွေ့ရွေ့နဲ့ တွေ့လိမ့်နိုးနိုး
တိုးဝင်လာခဲ့မိတယ်…
လမ်းမသိတော့လည်း ဖြည်းဖြည်းလေးပဲပေါ့ကွယ်။
တမြေ့မြေ့နဲ့ မွေ့လိမ့်နိုးနိုး
တမ်းတနေခဲ့မိတယ်…
ကမ်းမရှိတော့လည်း ဝေး...ဝေး...သွားရင်းပေါ့ကွယ်။
တပွေ့ပွေ့နဲ့ ပြည့်လိမ့်နိုးနိုး
တိုင်တည်နေခဲ့မိတယ်
စန်းမရှိတော့လည်း ဆွေးဆွေးလေးပဲပေါ့ကွယ်။
တကယ်တော့ ဒီကဗျာက စပ်ရင်း စဉ်းစားရင်းနဲ့ ဂိုးဂွင့်ဂွက်ဂွေ ဖြစ်သွားရရှာတာ။ မဖျက်ရက်တာနဲ့ပဲ တင်လိုက်တာ။ ရုပ်ဆိုးပေမယ့်လည်း ကိုယ့်သားသမီးတော့ ချစ်ကြတာချည်းဆိုတော့လည်းလေ...။

Sunday, 16 September 2012
ဆီသည့်လက်သုတ်
စာမရေးဖြစ်တာ ကြာ ကြာလှပြီကော။ ဘယ်လိုမှလည်း ရေးလို့မထွက်။ ရေးမယ်ကြံလိုက်ရင် သင့်ပါမလား၊ ကောင်းပါ့မလား တွေက အရင် ခေါင်းထဲဝင်ဝင်လာတယ်။ ကိုယ့်စိတ်တွေ အရင်လိုပေါ့ပေါ့ပါးပါး ဘယ်လိုမှ ပြန်မဖြစ်နိုင်တော့ဘူးလား။ အရင်ရေးထားတဲ့ စာတချို့ပြန်ဖတ်ကြည့်ရင် ပေါ့ပေါ့ပါးပါးနဲ့ ရီသံစွက်နေသလို ခံစားရတယ်။ ကိုယ် အဲ့ဒီလိုပြန်ဖြစ်ချင်ပါရဲ့။
အသက်က ထိပ်စီးနောက်တခုပြောင်းတော့မယ် စိတ်ကတော့ ရင့်ကျက်မလာဘူးတဲ့အပြင် ပို ပိုပြီး နု နဲ့ လာသလိုပဲ။ ခံနိုင်ရည်တွေကလည်း ပို ပို ပါးလျားလာတယ်။ စိတ်မရှည်၊ စိတ်အလိုမကျတာတွေနဲ့ ဖြစ်မလာသေးတာတွေကို ကြိုပူပန်နေမိပြန်ရော။ ကိုယ့်ကိုယ်ကို ကိုယ်မပိုင်နိုင်သေးတာလောက် ခံရခက်တာ ကိုယ့်အတွက်တော့ ရှိမယ်မထင်ဘူး။ ခုထိပေါ့လေ။
ကြုံတွေ့ဆက်ဆံနေရတဲ့ လူတိုင်းနီးနီးကို စိတ်တိုင်းမကျပဲ၊ သာမန်ကာ လျှံကာပဲ သဘောထားနေမိတဲ့ကိုယ့်ကိုယ်ကိုလဲ စိတ်ပျက်ပါရဲ့။ အများနဲ့တယောက်မှာ ကိုယ်ကပဲ မှားနေတာလား၊ အများကပဲ မှားသလား။ ဒါမှမဟုတ် နှစ်ဖက်စလုံးမှားသလား၊ မှန်နေကြတာရော မဖြစ်နိုင်ဘူးလား။ ကိုယ့်အတ္တနဲ့ကိုယ်တော့ ကိုယ်မှန်တယ် ထင်နေမိတယ်။
အသက်ကြီးလာတာနဲ့အမျှ ကိုယ့်ဖာသာကိုယ် နေနိုင်ပြီဆို မိဘအတွက် ပူပန်နေရတဲ့စိတ်တွေ လျော့သွားမယ်လို့ ထင်မိတာ အမှားကြီးမှားတာပဲ။ ငယ်ရွယ်တုန်းမို့ မိဘကို အားကိုးနေရတာမို့ သူတို့မရှိတော့မှာ ပူပန်နေခဲ့မိတယ်လို့ ထင်ထားတာ၊ အသက်ကြီးလာလေ မစွန့်လွှတ်နိုင်စိတ်ပိုများလာလေပါပဲလား။ အဝေးရောက်နေတဲ့ သူတယောက်အနေနဲ့ သူတို့သာမန်လေး ဖျားနာတယ်ဆိုတဲ့စကားကိုတောင် မခံစားနိုင်လောက်အောင် ကိုယ်အသည်းငယ်နေတတ်ခဲ့ပြီ။
သွားနေကျနေရာက မြင်နေကျသစ်ပင်တပင် မရှိတော့ရင်တောင် ခံစားရခက်တဲ့ကိုယ်... တနေ့နေ့ကို မတွေးရဲဘူး။ ဆေးလိပ်နဲ့ကွမ်း သိပ်ကြိုက်တဲ့အဖေ၊ သွေးတိုး၊ဆီးချို၊ သွေးချိုရှိပြီး ဗိုက်လေးခါခွဲထားတဲ့၊ ကျန်းမာရေးကို လုံးဝဂရုမစိုက်တဲ့အမေ၊ သူတို့နားမှာ မနေပေးနိုင်သေးတဲ့ကိုယ်။
သိပ်စိတ်ညစ်တာပဲ။

Tuesday, 19 June 2012
သူ
တမြို့လုံး အုံးအုံးကျွက်ကျွက်နဲ့ တွေ့သမျှလူ အပြုံးကိုယ်စီနဲ့ ပြည့်နေတဲ့နေ့ဆိုတာ ကိုယ်တိုင်သာမမြင်ခဲ့ရရင် ဘယ်လိုမှကို ယုံမှာမဟုတ်ဘူး။ အဲ့ဒီနေ့ပေါ့။ သူလာမယ်ဆိုတဲ့နေ့။
နေခြစ်ခြစ်တောက် ပူနေတဲ့နေ့။
မနက်ကတည်းက ညီအမနှစ်ယောက် ဆိုင်ပဲပိတ်ရမလား၊ ထိုင်ရမလား၊ ထရမလား ဘာလုပ်ရမယ်မှန်းကို မသိဘူး။ ပန်းသည်ကလည်း ဒီနေ့ကျမှ လာချိန်မှာ မလာသေးဘူး။ စိတ်ကလည်း ပူလာပြီ။ ကံ့ကော်ရော စံပယ်ရော နှင်းဆီရော အကုန်ပေးချင်နေတာ။
သူ့ကားတန်းဖြတ်မယ့် နေရာက လမ်းမတန်းကြီးကနေပဲ ဖြတ်မလိုလို၊ ကိုယ်တို့ဆိုင်ရှေ့လမ်းကပဲ ဖြတ်မလိုလိုနဲ့ သတင်းက နှစ်ခုထွက်နေတယ်။ ညီမက ဆိုင်တဖက် ကလေးတဖက်၊ ကိုယ်က မီးဖိုချောင်တဖက် အိမ်ရှေ့က အလုပ်သမားတွေတဖက် ဘာလုပ်လို့လုပ်ရမယ်မှန်းလဲမသိတော့ဘူး။ ဆိုင်ရှေ့ကသာ မဖြတ်ဖြစ်ရင်တော့ ဒုက္ခပဲလို့လဲ ခဏခဏတွေးမိတယ်။
လာမယ့်အချိန်ကလည်း အလုပ်သမားတွေ ထမင်းစားပြန်မယ့်အချိန်ဆိုတော့ သူတို့ကို အိမ်စောင့်ထားခဲ့လို့မရရင် ဒုက္ခဆိုတာလည်း စိတ်ထဲရောက်ရောက်လာပြန်တယ်။
အမေက ရန်ကုန်သွားနေတော့ အိမ်မှာ လူကြီးက ကိုယ်ပဲဖြစ်နေရတာ တဖူနာတာပဲ။
သူလာမယ့်အချိန်က ပထမကြားထားသလိုမဟုတ်ဘဲ ဟောတမျိုး ဟောတမျိုး ပြောတာ ကြားလာရပြန်တယ်။ အလုပ်သမားတွေလဲ ထမင်းသွားစားကြပြီ၊ ပန်းကလည်းမရသေး။ ဒီအချိန်မှာများလာလိုက်လို့ကတော့ကွာဆိုပြီး မချင့်မရဲတွေဖြစ်လာရပြန်ရော။
အဲ့ဒီအချိန်မှာပဲ ညီမလေးက နှင်းဆီပန်းစည်း၊ စံပယ်ကုံးနဲ့ ကံ့ကော်တွေကိုင်ပြီး အိမ်ထဲ ခပ်သုတ်သုတ်ဝင်လာတယ်။ အဲ့ဒါနဲ့ပဲ ကမန်းကတန်း ပန်းစည်း စည်းဖို့ပြင်ကြရော။ ခက်တာက တခါမှ မစည်းဖူးတာပဲ။ ဘာဖြစ်ဖြစ်ကွာဆိုပီး You Tube ထဲက တခါကြည့်ဖူးတဲ့အတိုင်း ပန်းတွေကို စီလိုက်တယ်။ ဆူးတွေကလဲ တုတ်ခိုင်လွန်းတော့ ရေစိုဝတ်နဲ့လဲသပ်ချလို့မရ။ အဲ့ဒါနဲ့ပဲ ညီမလေးကို အိမ်ရှေ့က သတင်းစာ သွားယူခိုင်းပြီး တစောင်လုံးနဲ့ပတ်ပလိုက်တယ်။ ပြီးရော။ ပြီးတော့ တိပ်နဲ့ပတ်၊ ပြီးတော့ အလှစက္ကူနဲ့ပတ်လိုက်တယ်။ အဲ့ဒါတွေ ကိုယ်လုပ်နေတဲ့အချိန်မှာ ညီမက အိမ်ရှေ့ပြေးလိုက် စနည်းနာလိုက် ပြန်လာလိုက်နဲ့။ သမီးလေးက ဟိုဖက်ပြေးလိုက် ဒီဖက်ပြေးလိုက်နဲ့။ မျက်နှာမှာလည်း သူ့ဦးလေးကပ်ပေးထားတဲ့ စတစ်ကာနဲ့ ဟုတ်နေတာ။
ကိုယ်အံ့သြမိတာ အဲ့ဒီ ပန်း စည်းတဲ့အချိန်မှာ ဖြစ်နေတဲ့ကိုယ့်စိတ်ကိုပဲ။ ပန်းတွေကလဲ ကိုယ့်မျက်စိထဲမှာ အရမ်းကို လှနေတာ။ ဒီလောက်လှတဲ့ပန်းတွေ သူရပါစေဆိုတဲ့စိတ်။ သူ့ကိုပေးဖို့ ငါပန်းစည်း စည်းနေပါ့လားဆိုတဲ့စိတ်က ရင်ထဲမယ် ဘယ်လိုအေးမြမှန်းကို မသိဘူး။ တခါမှလည်း အဲ့လောက် စေတနာစိတ် မဖြစ်ဖူးဘူး။ အဲ့ဒါနဲ့ ညီမလေးကိုပြောမိတော့ သမီးလည်း အဲ့လိုပဲတဲ့။ ပွင့်ပွင့်လင်းလင်းပြောရရင် ကိုယ်က သူ့ကို အရမ်းသဘောကျ နှစ်သက်တဲ့၊ ဘာလုပ်လုပ်အကောင်းမြင်ပေးနိုင်တဲ့ သူမဟုတ်ဘူး။ ကိုယ်တောင် အဲ့ဒီလိုဖြစ်ရင် သူ့ကို ကိုယ့်ထက်ချစ်ခင်နှစ်သက်တဲ့သူတွေရဲ့ သူ့အပေါ်ထားတဲ့ စိတ်စေတနာ ရိုက်ခတ်မှုတွေကို သူရမှာ မလွဲပါဘူး။ မေတ္တာဓါတ်ဟာ ဘယ်လောက်ဝေးဝေး သက်ရောက်တယ်ဆိုတာကို ကိုယ်ယုံတယ်။ တနိုင်ငံလုံးနီးပါးရဲ့ မေတ္တာဓါတ်ရတဲ့သူ့မှာ ခွန်အားတွေအနည်းနဲ့အများတော့ ပြည့်မှာပါ။
ကိုယ့်မေမေနဲ့ ညီမလေးက ကားအရမ်းမူးတတ်တယ်။ တကယ်ကို မခံနိုင်အောင် မူးတာ။ ကိုယ်အဲ့ဒီအချိန်ကျရင် သူတို့ကို အရမ်းသနားတာပဲ။ လူဆိုတာ မျော့မျော့ပဲကျန်တယ်။ သူလည်း အင်မတန်ကားမူးတတ်တယ်တဲ့။
ပန်းစည်း စည်းပြီးတာနဲ့ ဘုရားမလို့ အိမ်က လက်သမားတွေလဲပြန်လာတော့ သူတို့နဲ့အိမ်ကိုထားခဲ့ပြီး သမီးနဲ့ညီမလေးခေါ်ပြီး ဆိုင်ကိုထွက်ခဲ့တယ်။ အခုထိတော့ ကားကို မမြင်ရသေးဘူး။ လူတွေကတော့ တဖြည်းဖြည်းနဲ့ များလာပြီ။ ဟောပြောမယ့် ကွင်းထဲမှာလည်း သွားစောင့်နေရာဦးထားတာ အများကြီးပဲတဲ့။ အချိန်နောက်ကျရတာက လမ်းမှာ နှုတ်ဆက်တဲ့သူတွေ တအားများလို့ လို့ ပြောကြတယ်။ ကိုယ်လဲ ဆိုင်ကယ်ဆွဲပြီး တထောက်နား ထမင်းစားမယ့် ဟော်တယ်ကို ထွက်လာလိုက်တယ်။ အချိန် စနည်းနာရအောင်လို့ပါ။ နောက် ဘယ်လမ်းကလာမလဲ လဲ သိချင်လို့။ ဟော်တယ်ရှေ့မှာလဲ ဆိုင်ကယ်တွေဆိုတာ အောတိုက်။ ခဏနေ လာတော့မယ်ဆိုတာကလွဲလို့ ဘာသတင်းထူးမှ မရတာနဲ့ ဆိုင်ကို ပြန်လာလိုက်တယ်။ နောက်တနာရီလောက်ကြတော့
လာပါပြီ ကားတန်းကြီး။
ကြည့်မိတဲ့ သတင်းတွေ၊ တခြားမြို့တွေကသတင်းတွေအရဆို ကားက ဖြေဖြေးလေးပဲလာလို့ လူတွေ သူ့ကို သေချာမြင်ကြရတော့ ကိုယ်လဲ အဲ့လိုမျှော်လင့်ထားတာပေါ့။ ကိုယ်တို့မြို့ကျမှ တလွဲ။ လူတွေက ဟောမယ့်ကွင်းထဲ အကုန်နီးနီးရောက်နေရော။ တချို့ကျတော့ ဆိုင်ကယ်ကိုယ်စီနဲ့ ကားတန်းနောက်ကနေပါလာတယ်။ ဘေးတဖက်တချက်မှာ လူမရှိတော့ ကားက ဖြေးဖြေးလေး မောင်းစရာမလိုတော့ဘူးပေါ့။ ပြီးတော့ အချိန်က ဇယားအတိုင်းဆို နောက်ကျနေပြီဆိုတော့ ကားကို အမြန်မောင်းပါလေရော။ ပန်းစည်းပေးမယ့် မျှော်လင့်ချက်ကတော့ ယဲ့ယဲ့လေးပဲကျန်တော့တယ်။ သမီးလေးကတော့ ချီထားတဲ့ ညီမလေးပေါ်မှာ ပန်းစည်းကြီးကိုင်ပြီး "အမေသု အမေသု" လုပ်နေတော့တာပဲ။ ဒင်းက ဂျာနယ်တွေမှာ သူ့ပုံတွေ့ရင် ဘယ်သူမှလည်း သင်ထားတာမဟုတ်ဘဲ အမြဲနမ်းတယ်။ "ဒါ အမေစု လို့ခေါ်တယ် သိလားသမီး" လို့တော့ ပြောပြဖူးတယ်။ အဲ့ဒီမှာ မယ်မင်းကြီးမက တခွန်းမေးဖူးတယ် "အာ့ပါစု" ရောတဲ့။ ပထမ ဘာပြောလိုက်မှန်း နားမလည်လိုက်ဖူး။ သူက သူ့အမေကို အမေလို့ခေါ်ပြီး အဖေကို ကရင်လို အာ့ပါလို့ခေါ်တယ်လေ။ နောက်မှ သဘောပေါက်တယ်။ အမေစု ဆိုတာရှိရင် အာ့ပါစု ရောဘယ်မှာလည်းလို့ မေးတာ ဆိုတာကို။
အဲ့လိုပန်းစည်းပေးမယ့်သူက ကိုယ်တို့ဆိုင်ပဲရှိတော့ ကိုယ်နဲ့ညီမလေးကို တခြားဆိုင်တွေကလူတွေက ဝိုင်း ကြည့်နေကြရော။ တချို့ကျတော့လည်း သဘောတကျကျ နဲ့ "ဟဲ့ ရှေ့နားတိုးထားလေ တော်ကြာ မပေးလိုက်ရပဲနေမယ်" လို့ ပြောကြတယ်။ အိမ်မှာသာ ညီမနှစ်ယောက် ယောက်ယက်ခတ်နေတာ လူကြားထဲကြတော့မှ ရှက်နေကြရော။ အပြင်ထွက်စောင့်ရင်လဲ နေက တအားပူတော့ ပန်းတွေ ညှိုးမှာကလည်း ကြောက်ရသေးတယ်။
နောက်ဆုံး ပူပူကွာ ဆိုပြီး အပြင်ထွက်ရပ်တော့ အမျိုးသမီးတယောက်က ထီးလာဆောင်းပေးတယ်။ ကားတန်းလဲအနားရောက်လာရော နောက်နားကတယောက်က "ပန်းစည်းပေးချင်လို့၊ ပန်းစည်းပေးချင်လို့" လို့ အော်တော့ ကားက နည်းနည်းနှေးသွားတယ်။ အဲ့ဒီမှာ ဖျပ်ဆို ဘယ်နားကမှန်းမသိရောက်လာတဲ့မိန်းမတယောက်က ပန်းစည်းကို ဆွဲယူလိုက်ပြီး လှမ်းပေးလိုက်တယ်။ ညီမလေးဆိုတာလေ ဒေါသတွေထွက်လိုက်တာမှ။ ကိုယ်က အဲ့ဒါတွေ ဘာမှမသိလိုက်ဘူး။ ဓါတ်ပုံရိုက်နိုင်ဖို့နဲ့ သူ့မျက်နှာလေးမြင်ရဖို့ အလုပ်ရှုပ်နေလို့။
ကားက နှေးတယ်ဆိုပေမယ့် အရမ်းမနှေးတော့ ကိုယ် သူ့ကို မမြင်လိုက်ရဘူး။ ညီမလေးကတော့ မြင်လိုက်ရတယ်။ ဝတ်ထားတာက အနီရောင်လေး။ အသားဝင်းတာကတော့ တော်တော်လေးကို သိသာတာ။ ကိုယ့်မှာ လက်ဖျံလေးပဲမြင်လိုက်ရတယ်။ ညီမလေးကတော့ ကျေနပ်သွားတာပေါ့။
ကိုယ်လဲ အဲ့ဒါနဲ့ ညီမလေးကို ငါ ကွင်းထဲလိုက်သွားမယ်ပြောပြီး ကွင်းထဲ ထွက်ခဲ့တယ်။ ထင်တဲ့အတိုင်းပါပဲ။ တိုးလို့ကို မပေါက်ဘူး။ ခြေကျင်မဟုတ်တော့ စီးလာတဲ့ဆိုင်ကယ် ဘယ်သွားထိုးရမလဲမသိဘူး။ ဆိုင်ကယ်စီးရင်း ကိုယ်သတိထားမိတာတခုက နေပူတယ်လို့မထင်ရတာပဲ။ ကိုယ်လဲ ကိုယ့်နောက်ကပါလာတဲ့ ညီမလေးသူငယ်ချင်းကို "နေက ပူတယ်လို့မထင်ရဘူးနော်" ဆိုပြီး မနေနိုင်လို့ပြောမိတော့ သူကလည်း "ဟုတ်တယ်အမ သမီးလည်းအဲ့လိုပဲ" တဲ့။
ကံမကောင်းတတ်တဲ့ကိုယ် ကွင်းထဲမှာလည်း ဝေးဝေးကပဲလွမ်းခဲ့ရပြန်တယ်။ ပြောသမျှ ဆုံးတဲ့အထိနားထောင်ခဲ့ရင်း တနေ့နေ့တော့ အနီးကပ် တွေ့ကို တွေ့ခွင့်ရအောင်လုပ်အုန်းမယ်လို့ ကြုံးဝါးရင်း ပြန်လာခဲ့လိုက်တယ်။ တကယ်တော့ ဆက်သွားတဲ့ နောက်တမြို့ကို လိုက်ချင်သေးတာ။ အိမ်မှာ လူစောင့်မရှိတော့ ပြန်ရမှာမို့သာ။
တနေ့နေ့ပေါ့။ ။

Saturday, 4 February 2012
အသက်ပြန်ဝင်ခြင်း
ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်ဇွဲရှိလည်းဆိုတာ ဘလော့ရေးမှပဲ ပိုပို သိလာတော့တယ်။ အာရုံများလို့မရတဲ့ကိုယ်က ဘလော့ရေးဖို့ကို စမိလိုက်တာ ကျားမြီးဆွဲပြီးမှ လွှတ်မရတော့သလိုပါပဲ။ ဘလော့ပိတ်ဖို့ဆိုရင်လည်း ရေးသက်ဖြင့်ဘယ်လောက်မှမရှိဘဲနဲ့ ပိတ်ဖို့ကအရင်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်မိမှာ၊ ဆက်ရေးဖို့ကျပြန်တော့လည်း မထွက်၊ ဒါနဲ့ပဲ အပြောင်းအလဲလေးဖြစ်အောင် ဘလော့လေးကို ကိုယ်လိုချင်တဲ့ ပုံလေးပြောင်းထားလိုက်တယ်။ ဒါတွေတောင် တနေ့ကမှ လျောက်ကြည့်ရင်းနဲ့တွေ့တာ။ ကိုယ်က မတတ်ဘဲလျောက်လုပ်လို့ ရေးထားသမျှ အကုန် ကုန်သွားမှာ၊ ဘလော့ပုံပျက်သွားမှာကလည်း ကြောက်သေးတာ။
ဟိုးတနေ့က ကွန်ပြူတာထဲက ဖိုင်လ်တွေရှင်းရင်း ဖိုင်လ်အဟောင်းတွေထဲက ထွက်လာတဲ့ ဒီဘလော့လေးမှာ မတင်ရသေးတဲ့ ပိုစ့်လေးတပုဒ်ကို ပြန်တွေ့တယ်။ တကယ်တော့ အဲ့ဒီပိုစ့်လေးက ပြိုင်ပွဲဝင်ထားတာ။ နှစ်နဲ့ချီပြီးတော့ တော့ ကြာနေပါပြီ။ ဒါပေမယ့် ကိုယ့်ဖာသာကိုယ် ပြန်ဖတ်တိုင်း ရီချင်မိတယ်။ ဘယ်လိုလုပ်များ ရေးမိပါလိမ့်ဆိုပြီးလည်း တွေးမိတယ်။ ပြိုင်ပွဲလေးက အကြွားပြိုင်ပွဲလေးပေါ့။ တကယ်ဖြစ်နိုင်တဲ့အကြောင်းအရာလဲဖြစ်ရမယ်၊ ကြွားနိုင်သလောက်လည်း ကြွားရမယ်ပေါ့။ အဲ့ဒါနဲ့ ဝင်ပြိုင်ကြည့်မိရင်း ဒီပိုစ့်လေး ရလာတာပါပဲ။ ပြန်ဖတ်ကြည့်မှ ၂၅ ၀၉ ၀၉ တုန်းက ရေးထားမိတာပဲ။
*****
25
09 09
အစကတော့
သူ့ကို အပျော်သဘောအနေနဲ့ပဲ သဘောထားခဲ့တာပါ။ သူ့ဘက်က အရမ်းကြီးလေးနက်လာပြီး ကိုယ်မှကိုယ်။
ကိုယ်သာလျှင်သူ့ဘဝရဲ့ အရှင်သခင်၊ သူ့အသည်းနှလုံးရဲ့ ဧကရီ ဘုရင်မ၊ သူ့ရဲ့ကိုးကွယ်ရာ
ဖြစ်လာရတော့ ကိုယ်ဘာတတ်နိုင်တော့မှာလဲကွယ်။ သူထားခဲ့သမျှ ရည်းစားတွေ၊ အပျော်တွဲခဲ့သမျှတွေကို
အကုန် အဆက်အသွယ်ဖြတ်လိုက်တာကလည်း အပြောမဟုတ်၊ လက်တွေ့ဆိုတော့၊ ကိုယ်ကလည်း နဂိုကမှ ရုပ်အဆင်းလှသလို
အသည်းဖြူအူစင်း၊ နှလုံးသားမာကျောတဲ့သူမဟုတ်လေတော့လည်း သနားမိတာတော့အမှန်ပါ။ ချစ်၊ မချစ်ကတော့
သေချာစဉ်းစားရအုန်းမယ်။ တဘဝလုံးအရေးမဟုတ်လား။ ဒယ်ဒီ၊ မာမီတို့ကတော့ သူ့ကို လုံးဝ အဖက်မလုပ်ဘူး။
သဘောလည်း လုံးဝ မတူဘူးလေ။ မတူလည်း မတူစရာကိုးလေ။ သူပေးတာတွေကို ကိုယ်လက်ခံနေတာ ကိုလည်းလုံးဝ
မကြိုက်ဘူး။ တကယ်တော့ ကိုယ်ကလည်း တသက်လုံးသူများတကာကို အနိုင်ကျင့်လာတဲ့ သူ့ ကို ဒုက္ခ
ပေးချင်လို့ပါ။
သွားစရာရှိရင်
လေကြောင်း၊ ရေကြောင်း၊ မြေကြောင်း အရာရာကို အကောင်းဆုံးနေရာကနေ အဆင်သင့်။ ကမ္ဘာတပတ်
ဘယ်နေရာသွားချင်တယ်ပဲပြောလိုက်။ သူတော့လိုက်လို့မရဘူးလေ။ ဆန်ရှင်ထိထားရှာသကိုး။ သနားစရာ။
စားစရာဆို
”မ”
ဂျပ်(စ်)နိမ်း(မ)မစ်(ထ) ဆိုပြီး ဘာမဆို၊ ဘယ်နေရာကမဆို သူကိုယ်တိုင်ရအောင်ယူပေး၊
ဝတ်ချင်တာမှန်သမျှ မရဘူးမရှိစေရ။ ဘာဘရန်း၊ ဘယ်ဒီဇိုင်နာ ပဲပြော။ နောက်နေ့အသင့်။ ဟိုတလောကတောင်
စုဖုရားလတ် ဝတ်ခဲ့တဲ့ အင်္ကျီဝတ်ချင်တယ်လို့နောက်မိတာ နောက်နေ့ရောက်လာရောလေ။ ဧည့်ခန်းထဲကသဉ္ဖာလီလည်း
ပြန်ထားလိုက်လို့ပြောရအုန်းမယ်။ မဟုတ်ရင် ကိုယ်ကစမ်းသပ်လိုက်၊ သူကယူလာပေးလိုက်နဲ့ အမျိုးသားပြတိုက်မှာ
ပြည်သူတွေကြည့်စရာ ဘာမှမကျန်ဘဲနေလိမ့်မယ်။
နေစရာအိမ်ဆိုလည်း
သာကေတက ကိုယ့်အိမ်ကို မနေနဲ့တော့ဆိုပြီး မြန်မာပြည်အရပ်ရပ်က ရှိ ရှိသမျှမြို့ရွာတွေက
ကောင်းပေ့ဆိုတဲ့နေရာတိုင်းမှာ အလှဆုံး၊ အဆန်းဆုံး၊ အခမ်းနားဆုံး အိမ်တွေကို အထိမ်းအမှတ်နေ့
ခေါင်းစဉ်တွေအမျိုးမျိုးတပ်ပြီး လက်ဆောင်ပေးရတာအမော။ ဒါပေမယ့် သိတယ်ဟုတ်၊ သူအလကားမတ်တင်းနဲ့
ရ ထားတဲ့ အဲဒါတွေ တခုမှကို မလိုချင်ဘူး၊ သူကိုယ်တိုင်ဆောက်ပေးတာပဲလိုချင်တယ်လို့ ပြောလိုက်တော့
ဖြစ်ရစေမယ်တဲ့လေ။
ပြီးတော့
နှစ် နှစ်လောက်ပျောက်သွားတယ်။
ကိုယ်လဲ
ပြောပြီး၊ ပြီးပြီးပျောက်ပျောက် နေလာလိုက်တာ သာကေတက ကိုယ်တို့အိမ်မှာ အိမ်သာအသစ်ပြင်ဆောက်ဖို့
ရာနေတုန်း သူရောက်လာတယ်။ သူပျောက်နေတဲ့ နှစ် နှစ်အတွင်း ကိုယ့်ကိုစိတ်မချလို့ ထား ထားတဲ့
သူ့ ဘက်(စ်)မန်းတွေက သတင်းပေးလိုက်လို့ ခရီးရောက်မဆိုင် နားတောင်မနားပဲ ကိုယ့်အိမ် တန်းလာတာတဲ့လေ။ ကိုယ်လဲ တော်တော်စိတ်ဆိုးသွားတယ်။ ဟုတ်တယ်လေ။
ကိုယ့်ဘာသာကိုယ် လွတ်လွတ်လပ်လပ်မနေရဘူးပေါ့။ စဉ်းစားကြည့်ကြပါအုန်း။ ဒါနဲ့ကိုယ်လဲ
သူ့ကို လုံးဝ ဂရုမစိုက်တော့ပဲ စာအုပ်ဖတ်နေလိုက်တယ်။ တော်တော်လေးကြာတော့ ခြံနောက်က တဒုန်းဒုန်း
တဒိုင်းဒိုင်း အသံတွေကြားတာနဲ့ ကိုယ်လည်း ထွက်ကြည့်ရော
လားးးးးးးးးးးး
လားးးးးးးးးးးးးး ကိုယ်တော်လေးရယ်လေ၊
ခေါ်ထားတဲ့ အလုပ်သမားတွေကိုမစောင့်ပဲ အိမ်သာကို သူကိုယ်တိုင်ဆောက်နေတာ တော်တော်တောင်ပြီးနေပါရောလား။
အမယ် ဒါတောင်လှမ်းပြောလိုက်သေးတယ်။ ကျွင်းတောင်တူးပြီးသားမိုလို့တဲ့။ ကိုယ်လည်း တော်တော်သနားသွားတယ်။
နေပူကြီးထဲမှာ ကိုယ်စိတ်ဆိုးသွားလို့ စိတ်ပြေပါစေတော့ဆိုပြီး လုပ်ပေးရှာတဲ့သူ့ကို ကိုယ်လေ
တော်တော်လေးတော့ သနားသွားတယ်။ အလုပ်ပြီးလို့ သူအိမ်ပေါ်ပြန်တက်လာတော့ ပြောရှာတယ်။ တကယ်တော့
သူက ကိုယ့်အတွက် အရမ်းကြီးကျယ် ခမ်းနား တဲ့ အဆောက်အအုံ မျိုးကို ကိုယ်တိုင်ကိုယ်ကျ
ဆောက်ပေးချင်လို့ ကမ္ဘာ့အကောင်းဆုံး ကျောင်းမှာ သွားတက်နေတာပါတဲ့။ ဘယ်ကျောင်းကို ပြောလဲတော့ ကိုယ်လဲမသိ။ အဲဒီတော့မှ
သူ့ဖိုးဖိုး ကိုယ်တိုင်အိမ်ကိုလာပြီး ပေးသွားတဲ့ လက်ဆောင်တွေနဲ့ ကျေးဇူးတင်ကြောင်းသဝဏ်လွှာ
အကြောင်းကို သဘောပေါက်တော့တယ်။ ကိုယ့်ကြောင်၊့ ကိုယ်သူ့ကိုလူရာသွင်းပြီးဆက်ဆံတာကြောင့်
သူ့မြေး နဲနဲပါးပါး တော်လာလို့နေမှာပေါ့။ ကိုယ်နဲ့တောင်မတွေ့လိုက်ပါဘူး။ အိမ်ကကောင်မလေးကပဲ
အိမ်မှာဘယ်သူမှမရှိတာနဲ့ခြံဝထွက်ပြီး ယူထားလိုက်တယ်လေ။ ဒယ်ဒီ၊ မာမီ တို့နဲ့သာတွေ့ရင်
မောင်းထုတ်ခံရမှာ။
ကိုယ်လည်း
ကိုယ့်အပေါ်ထားတဲ့ သူ့သဘောထားအမှန်တွေကို သိလာပြီ၊ ၂၀၁၀ လည်းနီးလာပြီ ဆိုတော့ မချစ်သော်လည်းအောင့်ကာနမ်း၊
သူ့ကို ကိုယ် လက်ခံလိုက်တော့မယ်လို့ ဆုံးဖြတ်လိုက်မိတယ်။ ကိုယ့်ကို အရမ်း ရူးသွပ် မြတ်နိုး
တန်ဖိုးထား လေးစား အလေးထားတဲ့သူဆိုတော့ သူရွေးကောက်ပွဲမဝင်ဖို့ ကို ကိုယ်တားနိုင်လောက်ပါရဲ့လေ။
အမိမြန်မာပြည်ကြီးကို ကိုယ်တတ်နိုင်တဲ့ဖက်ကနေပြီး ရသလောက်လေးကယ်တင်ကြည့်တာပါ။
*****
ဒါတောင် သိပ်မကြွားသလိုဖြစ်သွားလို့ ပြိုင်ပွဲမှာ ဆုမရလိုက်ဘူး။ ဒိုင်လူကြီးက သူ့ပိုစ့်သူ ဆုပြန်ပေးလိုက်တာလည်း ပါသပေါ့လေ။ (စပျစ်သီးချဉ်ပုံတော့ ပေါက်သွားသလိုပဲ။)
Thursday, 5 January 2012
ချစ်သူအတွေး
ကိုယ်ငယ်ငယ်တုန်းက တနေ့မှာ အမစာအုပ်ထဲကနေ စာရွက်ခေါက်လေးတခု ထွက်ကျလာလို့ ကောက်ယူကြည့်လိုက်တော့ ကဗျာလေးရေးထားတာ ဖြစ်နေတယ်။ ဒါနဲ့ အမကို ဖတ်ကြည့်ရမလားဆိုတော့ ဖတ်ခွင့်ပေးတယ်။သူလည်း ကြိုက်လို့ သူများဆီက ကူးထားတာတဲ့။
ကိုယ်လည်း ဖတ်ကြည့်လိုက်တော့ လတွေရော၊ ကြယ်တွေရော၊ ပန်းတွေရော၊ ရေတွေရောနဲ့ ဘယ်လိုလေးမှန်းမသိဘူး။ ကဗျာလေးက အရမ်းချစ်စရာကောင်းလွန်းနေတယ်။ နောက်ပြီး စာတပိုဒ်ဆုံးတိုင်း "နော့" "နော့" ဆိုတာလေးကလည်း ဘယ်လိုလေးမှန်းမသိဘူးပေါ့။ အဲလိုနဲ့ တောင်းကူးထားလိုက်တာပေါ့။ တကယ်တော့ အဲ့ဒီကဗျာကို အမဆီကနေ ကူးခွင့်တောင်းတုန်းက အမှန်ပြောရရင် ဘာဆိုလိုမှန်း နားမလည်ဘူး။ နောက်ပြီး အဲဒီအမက လက်ရေးသိပ်လှတယ်။ ကဗျာလေးရယ် သူ့လက်ရေးရယ်က သိပ်လိုက်လွန်းတော့ ဖတ်ရုံတင်မက ကြည့်ရတာလဲ မျက်စိပသာဒရှိတယ်လို့ အဲ့ဒီတုန်းကအတွေးနဲ့ ခံစားမိတယ်။ ကူးထားတာတောင် အမရေးထားတဲ့ ပုံစံအတိုင်း လိုက်ကူးထားတာ။ သူ့လိုများ လှမလားလို့။ ဒါပေမယ့် အခုပြန်ဖတ်ကြည့်တော့ တမျိုးပဲ။ အရင်ကကြိုက်ခဲ့သလောက် မကြိုက်တော့သလိုပဲ။ ဒါပေမယ့်လည်း ဒီဘလော့ပေါ်မှာ အမှတ်တရလေးအနေနဲ့တော့ တင်ထားချင်မိတယ်။ ခေါင်းစဉ်လေးက ချစ်သူအတွေး တဲ့။
* ' လမင်းက အရှင်
ကြယ်စင်က ကိုယ် ဆိုပါတော့
မြေကမ္ဘာ ပတ်ချာဝိုက်လို့
လိုက်ပါ့မယ် နော့'
* 'နှင်းဆီက ကလျာ
ဆူးညှာက ကိုယ် ဆိုပါတော့
ရွှေလိပ်ပြာ တောင်ပံကားကို
တားပါ့မယ့် နော့'
* 'ဗေဒါက သခင်
ရေပြင်က ကိုယ် ဆိုပါတော့
သောင်မတင် လိုရာကြွအောင်
ဆောင်ပါ့မယ် နော့'
* 'သို့ပေမယ့်
ကြွေပွင့်က ချစ်နှမ
အပင်က ကိုယ် သာလျှင်
ဖြစ်ချင်ဘူး ကိုယ်တွေး'
* 'ကြွေပွင့်ငယ် ချာချာဝဲ
လေထဲမှာ ပျံ ပျံ ကာ
သင်လွင့်ရာ ကိုယ်မကြွနိုင်ဘု
အထီးကျန် မျက်ရည်စငယ်နဲ့
လွမ်းရမယ်လေး'...။
အားငယ်မွေ
အစကတော့
တလက်သော စောင်း
တခုသော စည်းနဲ့
တပုဒ်သော တေး ရယ်ပါ...။
နောင်ကျတော့
ယမကာရည်က တလုံး နှစ်လုံး
ကညာမေက တရုံးရုံး
သပြာငွေက ဝင်လေမဆုံး...။
ဟော... ကျော်ကြားမှုအလင်း
ညင်းညင်းသွေပျောက်
ဘဝလှေမှောက်တော့
ရှေ့ နောက် မြောက် တောင်
မျှော်ယောင်ခေါ်မိ
အပါးမှာလေ ဘယ်သူမှမရှိ...။
နောက်ဆုံးတော့လေ
အများဖယ်သွေ သွားပါစေ
အပါးမှာနေ အားငယ်မွေ
ကျန်ရစ်လေတာက
တလက်သော စောင်း
တခုသော စည်းနဲ့
တပုဒ်သော တေး ရယ်ပါ...။
မြင့်မိုရ်ဆွေ
Tuesday, 3 January 2012
ကွာရှင်းပြတ်စဲခြင်း - ၁၁ (ဇာတ်သိမ်း)
တရားသူကြီးက သမီးတို့ကို လူစုလူဝေးနဲ့ဝေးရာ နောက် အခန်းတခုထဲ ခေါ်သွားပါတယ်။
တရားသူကြီးက မေးပါတယ်။
တရားသူကြီးက မေးပါတယ်။
"ဖက်ဇ် အလီ သာမာ သင်ဟာ ဒီကလေးမလေးနဲ့ အိပ်ခဲ့သလား... ဟုတ်တယ် မဟုတ်ဘူးပဲ ဖြေပါ"
သမီး အသက်အောင့်ထားမိတယ်။
"ဟုတ်ပါတယ်" လို့ အဲ့ဒီသတ္တဝါက ဖြေပါတယ်။ "ဒါပေမယ့် ကျွန်တော် သူမအပေါ် ကြင်နာပါတယ်။ ဂရုစိုက်ပါတယ်။ ပြီးတော့ ရိုက်လည်း မရိုက်ပါဘူး"
သူ့အဖြေဟာ သမီးရဲ့ မျက်နှာကို ရိုက်လိုက်သလိုပါပဲ။ ရိုက်ခံခဲ့ရဖူးတဲ့ ရိုက်ချက်တွေ၊ စော်ကားမော်ကား ပြောဆိုချက်တွေ၊ နာကျင်ခံစားခဲ့ရတာတွေကို သတိပေးလိုက်သလိုပါပဲ။
"အဲ့ဒါ မမှန်ဘူး" ဆိုပြီး သမီး အော်ထည့်လိုက်မိတယ်။
အားလုံးက သမီးကို လှည့်ကြည့်ကြတယ်။
သမီးကိုယ် သမီးလည်း ဒီလိုအော်လိုက်မိလိမ့်မယ်လို့ မထင်လိုက်မိဘူး။ အဲ့ဒီနောက်မှာတော့ အရာအားလုံးဟာ လျင်မြန်စွာ ဖြစ်ပျက်သွားပါတယ်။
သမီး အဖေက သူ့ကို သမီး အသက်ကိုညာပြီးပြောတယ်၊ သစ္စာဖောက်တယ်လို့ အဲဒီ သတ္တဝါက ပြောပါတယ်။ အဲဒီတော့ အဖေက ဒေါသထွက်တော့တာပါပဲ။ အဖေကလည်း ပြန်ပြောတော့တယ်။ မင်းပဲ ငါ့သမီးကို အရွယ် မတိုင်သေးခင်အထိ လက်ဖျားနဲ့တောင် မတို့ဘဲ ထားပါမယ်ဆို တဲ့။ အဲဒီမှာတင် အဲဒီ သတ္တဝါက ကွာရှင်းဖို့ သူ့ဖက်ကတော့ အဆင့်သင့်ပဲဆိုတဲ့အကြောင်း၊ ဒါပေမယ့် တချက်တော့လိုက်လျောပေးရမယ်ဆိုတဲ့အကြောင်း
ပြောဆိုလာပါတော့တယ်။ အဲ့ဒါကတော့ သမီး အဖေက သူ့ကို သမီးကိုတင်တောင်းထားရတဲ့ တင်တောင်းငွေကို ပြန်ပေးရမယ်ဆိုတာပါပဲ။ အဖေကလဲ ပြန်ပြောပါတယ်။ သူ့ကို အဲဒီသတ္တဝါ ဘာငွေမှ မပေးရသေးဘူးဆိုတဲ့အကြောင်း။
ဒါဟာ ဈေးလား။ ဘယ်လောက်လဲ။ ဘယ်အချိန်ကလဲ။ ဘယ်လိုလဲ။
နောက်ဆုံးမှာတော့ တရားသူကြီးရဲ့ ဆုံးဖြတ်ချက်က သမီးကို ကယ်တင်လိုက်ပါတော့တယ်။
ကွာရှင်းပြတ်စဲခွင့် ပြုလိုက်သည်။
ကျမရဲ့ ကွာရှင်းပြတ်စဲခြင်းက ကျမဘဝကို ပြောင်းလဲစေခဲ့ပါတယ်။ ကျမ လမ်းမပေါ်မှာ လမ်းလျောက်နေရင်းနဲ့ တခါတခါ မိန်းမကြီးတွေက ကျမကိုလှမ်းခေါ်ရင်း ဂုဏ်ပြုစကားပြောကြတယ်။ ကျမလည်း ဦးလေးအိမ်ကနေ ချက်ချင်းပဲ ကျမမိဘတွေဆီကို ပြန်ပြောင်းလာခဲ့တယ်။ ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာကိုတော့ ကျမတို့အားလုံး မသိချင်ယောင် ဆောင်နေလိုက်ကြပါတော့တယ်။
ကျမ မိဘတွေက ဒါရိစ်လို့ခေါ်တဲ့ နေရာသစ်ကို ပြောင်းကြပြန်တယ်။ ဒီမြို့မှာတော့ ကျမညီမလေး ဟိုင်ဖှာကို ကျမ ပိုစောင့်ရှောက်နိုင်လာတယ်။ သတ္တိရှိတဲ့သူ လာတောင်းလေ။ ကျမကတော့ ကျမညီမလေးအတွက် ခုခံရမှာပဲ။ ဘယ်သူမှ လက်မခံ နားမထောင်ရင်တော့ ရဲ တိုင်ရမှာပေါ့။
ကျမရဲ့ အိပ်မက်ဆိုးတွေဟာ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာပဲ ပပျောက်သွားပါတော့တယ်။ အဲဒီ အိပ်မက်ဆိုးတွေအစား ကျောင်းအိပ်မက်ကို ကျမ ပြန်မက်ခဲ့တယ်။ ဒီနေ့မနက် ကားမောင်းတဲ့ ဦးလေးကြီး ရောက်နေပါတယ်။ အပြည်ပြည်ဆိုင်ရာ လူမှုရေး အဖွဲ့အစည်းတခုက ကျမနဲ့ ညီမလေး ဟိုင်ဖှာ တို့အတွက် ကျောင်းလခကို အဲဒီဦးလေးကြီးနဲ့အတူ ပို့ပေးလိုက်ပါတယ်။ ကျမ ကျောပိုးလွယ်အိတ်လေးကို လွယ်လိုက်တယ်။
ကျမကြီးလာတဲ့တနေ့ကျရင် ရှာဒါ့လို ရှေ့နေဖြစ်အောင် ကြိုးစားမယ်။ ကျမဖြစ်ခဲ့သလို ခံစားနေရတဲ့ ကလေးမလေးတွေကို ကာကွယ်ပေးဖို့အတွက်ပေါ့။
ဆရာမတယောက်က ကျမတို့ကို ထိုင်ခုံနေရာ ချပေးပါတယ်။ ပြတင်းပေါက်နဲ့နီးတဲ့ ခုံကို ကျမ ရွေးလိုက်တယ်။ ကျမပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်းနဲ့ စိတ်လွတ်လက်လွတ် အပျော်သက်ပြင်းတွေ ချချမိနေတာကိုတော့ တားဆီးလို့ မရနိုင်ခဲ့ဘူး။ ကျမရဲ့ အဖြူအစိမ်း တူညီဝတ်စုံလေးအရ ကျမဟာ ဒီအခန်းထဲက ကျောင်းသား ၅၀ ထဲက တယောက်ပါပဲ။ ကျမဟာ အလယ်တန်းကျောင်းလေးတကျောင်းက နှစ်တန်းကျောင်းသူလေး တယောက်
ပါ။ အိမ်ပြန်ရောက်တဲ့အခါ အိမ်စာလုပ်မယ်။ ပြီးရင် ရောင်စုံခဲတံလေးတွေနဲ့ ပုံဆွဲမယ်။
ဒီနေ့ဟာ ကျမ သာမန်ကလေးလေး တယောက်ပြန်ဖြစ်လာတဲ့နေ့ပါပဲ။ ဟိုးးးး အရင်တုန်းကလိုလေ။ ကျမဟာ ကျမပဲပေါ့။
မှတ်ချက်။ ။ ၂၀၀၉ ဧပြီလမှာပဲ ယီမင် ပါလီမန်ကနေ ဥပဒေထုတ်ပြန်လိုက်ပါတယ်။ အမျိုးသမီးတယောက် တရားဝင် အိမ်ထောင်ပြုနိုင်တဲ့ အရွယ်ကို ၁၇ နှစ်လို့ သတ်မှတ်လိုက်ခြင်းပါပဲ။ ဒါပေမယ့် နောက်တနေ့မှာပဲ အတိုက်အခံပါတီက လက်မခံကြောင်း ပြောဆိုခဲ့တဲ့အတွက် ယီမင်နိုင်ငံမှာ အမျိုးသမီးတယောက် တရားဝင် အိမ်ထောင်ပြုနိုင်တဲ့ အရွယ်သတ်မှတ်ချက်ဟာ ညှိနှိုင်းနေဆဲ အခြေအနေမှာပဲ ရှိနေပါသေးတယ်။

***************

ကွာရှင်းပြတ်စဲခြင်း - ၁၀
အကျဉ်းသားတွေဟာ တော်တော်လေး ဒေါသထွက်နေကြပုံပါပဲ။ သမီးတို့အရှေ့နေဖြတ်သွားတော့ ဟိုသတ္တဝါက မျက်လုံးအကြည့်ကို အောက်ချထားရင်းမှ ရုတ်တရက်ဆိုသလို ရှာဒါ့ဖက်ကို လှည့်လိုက်ပြီး
"ကိုယ့်ကိုယ်ကိုယ် သိပ်ဂုဏ်ယူနေတယ်ပေါ့... ဟေ့..." ဆိုပြီး စိတ်ဆိုးမာန်ဆိုးနဲ့ အော်ပါတော့တယ်။
ရှာဒါက မျက်တောင်တချက်တောင် မခတ်ပါဘူး။ သူ့မျက်ဝန်းအကြည့်ဟာ အဲ့ဒီသတ္တဝါ အပေါ်မှာ သူထားတဲ့ မနှစ်မြို့မှု အလုံးစုံကို ပေါ်လွင်စေလှပါတယ်။ သမီး သူ့ဆီကနေ အများကြီးပဲ သင်ယူရရှိလိုက်တယ်။
"သူ့ကို နားထောင်မနေနဲ့" လို့ သမီးကို သူက ပြောပါတယ်။
သမီးရင်တွေ ခုန်နေတယ်။ သမီး မော့ကြည့်လိုက်တဲ့အချိန်မှာ အဖေ့ရဲ့ မျက်ဝန်းတွေကို ငေးကြည့်နေမိလျက်သား ဖြစ်သွားတယ်။ အဖေ အရမ်း စိတ်ပျက် နေပုံပဲ။ "ဂုဏ်သိက္ခာ" တဲ့။ အဖေပြောခဲ့ဖူးတဲ့ စကားပေါ့။ အဖေ့ မျက်နှာကို ကြည့်ရင်းနဲ့ အဲဒီစကားရဲ့ ရှုပ်ထွေးလှပုံကို သမီး နားလည်စပြုလာတယ်။ အဖေ့မျက်ဝန်းထဲကနေတဆင့် အဖေစိတ်ဆိုးနေတယ်၊ တချိန်ထဲမှာပဲ ရှက်လည်း ရှက်နေတယ်ဆိုတာ သမီး တွေ့ရတယ်။ သမီးလည်း အဖေ့ကို အရမ်းစိတ်ဆိုးတယ်၊ ဒါပေမယ့်လည်း အဖေ့အတွက် ဝမ်းနည်းနေတာကိုတော့ မတားဆီးနိုင်ပြန်ဘူး။

သမီး လေးစားရတဲ့ တခြားသူတယောက်လည်း ရှိပါသေးတယ်၊ အရမ်းလဲ အရေးကြီးတဲ့ သူတယောက်ပေါ့။
အဲဒါကတော့ သမီးရဲ့ အမှုအတွက် ရွေးချယ်ထားတဲ့၊ စားပွဲမြင့်ကြီးရဲ့နောက်မှာ ထိုင်နေတဲ့ တရားသူကြီးချုပ် မိုဟာမက် အယ်လ် ဂါဇီ ပါပဲ။ တရားသူကြီး အဗ်ဒူလ်ကတော့ သူ့ရဲ့ဘေးက ခုံမှာ ထိုင်နေပါတယ်။
အဲဒါကတော့ သမီးရဲ့ အမှုအတွက် ရွေးချယ်ထားတဲ့၊ စားပွဲမြင့်ကြီးရဲ့နောက်မှာ ထိုင်နေတဲ့ တရားသူကြီးချုပ် မိုဟာမက် အယ်လ် ဂါဇီ ပါပဲ။ တရားသူကြီး အဗ်ဒူလ်ကတော့ သူ့ရဲ့ဘေးက ခုံမှာ ထိုင်နေပါတယ်။
"အနတ္တတန်ခိုးတော်၊ သနားဂရုနာတော်နှင့် ဘုန်းတော်ဂုဏ်တော် ကြီးမြတ်တော်မူလှသော အဖဘုရားသခင်၏ နာမတော်၌ ဤ တရားသဘင်ကို ဖွင့်လှစ်လိုက်သည်" လို့ အယ်လ် ဂါဇီက ကြေငြာပါသည်။ သမီးတို့ကိုလည်း ခုံတန်းတွေဆီမှာ လာထိုင်ဖို့ ခေါ်ပါတယ်။ ရှာဒါက သမီးကို သူ့နောက်ကနေ လိုက်ခဲ့ဖို့ ခေါ်ပါတယ်။ သမီးတို့ရဲ့ ဘယ်ဖက်က အဖေနဲ့ ဟိုသတ္တဝါတို့လည်း ရှေ့ကို တိုးလာရသည်။ သမီးတို့ရဲ့နောက်က လူအုပ်ကြီးဟာ ဒေါသထွက်နေတယ်လို့ သမီးခံစားရတယ်။ သမီးရဲ့ စိတ်ထဲမှာ ဒီခနမှာ ကြွက်ငယ်ကလေးတကောင် ဖြစ်သွားဖို့ရာ ဘာမဆို ပေးလိုက်ချင်ပါရဲ့ဆိုတဲ့ စိတ်တခု ဖြစ်နေတယ်။
အခု တရားသူကြီး အဗ်ဒူလ် ပြောဆိုရမယ့် အလှည့်ပါ။
အခု တရားသူကြီး အဗ်ဒူလ် ပြောဆိုရမယ့် အလှည့်ပါ။
"အခုအမှုဟာ ကလေးမလေးတယောက်က သူမရဲ့ အလိုမပါဘဲနဲ့ လက်ထပ်ဖို့ စေခိုင်းခြင်း ခံရတယ်ဆိုပြီး တိုင်တန်းထားတဲ့ အမှုဖြစ်ပါတယ်။ သူမရဲ့ ခွင့်ပြုချက်မပါဘဲနဲ့လည်း လက်ထပ်စာချုပ်ကို ချုပ်ဆိုခဲ့ကြပါတယ်။ ပြီးတော့ ခါတ်ဒ်ဂျီ နယ်ကို အဓ္ဓမ ခေါ်ဆောင်သွားခြင်း ခံရပါတယ်။ အဲ့ဒီအရပ်မှာပဲ သူမရဲ့ ခင်ပွန်းဟာ သူမကို အရွယ်မရောက်သေးဘဲလျက်၊ အရွယ်ရောက်တဲ့သူတွေ ပြုမူတဲ့ အမှုကိစ္စတွေအတွက် အဆင်သင့်မဖြစ်သေးတဲ့ အရွယ်ဖြစ်နေရဲ့သားနဲ့ အလိုမတူပဲ အဓ္ဓမမှု ပြုခဲ့ပါတယ်။ ဒါ့အပြင် ရိုက်နှက်ခြင်း၊ စော်ကားပြောဆိုခြင်း များလည်း ပြုခဲ့ပါသေးတယ်။ သူမ အခု ဒီကိုရောက်နေရတာကတော့ ကွာရှင်းပြတ်စဲမှုကို လိုချင်လို့ပဲ ဖြစ်ပါတယ်။"
အချိန်အခါကောင်း ဆိုက်ရောက်လာပါပြီ။ အပြစ်ရှိတဲ့သူတွေ စီရင်ခြင်းခံရတဲ့ အချိန်ပေါ့။
အယ်လ် ဂါဇီက တူသေးသေးလေးနဲ့ စားပွဲကို အကြိမ် အနည်းငယ် ထုလိုက်ပါတယ်။
"ကျွန်ုပ်ပြောတာ သေသေချာချာ နားထောင်ပါ " လို့ သူက သမီး မုန်းလှတဲ့ ဟို သတ္တဝါကို ပြောပါတယ်။ "သင် ဤမိန်းကလေးကို လွန်ခဲ့တဲ့ နှစ်လက လက်ထပ်ခဲ့တယ်။ သူမနဲ့ အတူတူအိပ်ခဲ့တယ်။ သူမကို ရိုက်နှက်ခဲ့တယ်။ အဲ့ဒါတွေဟာ မှန်သလား မမှန်ဘူးလား ဆိုတာ ဖြေပါ။"
အဲဒီသတ္တဝါက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ပြန်ဖြေပါတယ်။

"မဟုတ်ပါဘူး။ အဲ့ဒါတွေဟာ မမှန်ပါဘူး။ သူနဲ့ သူ့အဖေဟာ ကျွန်တော်နဲ့ လက်ထပ်ဖို့ကို သဘောတူခဲ့ကြပါတယ်။"
သမီး ရှာဒါ့ အကျီကို ဆုပ်ကိုင်ရင်းပြောမိတယ်။
"သူညာနေတာ"
တရားသူကြီးဟာ အဖေ့ဘက်ကို လှည့်လိုက်တယ်။
"သင် လက်ထပ်ဖို့ သဘောတူခဲ့သလား"
"ဟုတ်ကဲ့"
"သင့် သမီး အသက် ဘယ်လောက်ရှိပြီလဲ"
"ကျွန်တော့ သမီး အသက် ၁၃နှစ် ရှိပါပြီ"
၁၃နှစ်... သမီး အသက် ၁၃နှစ်လို့ ဘယ်သူကမှ သမီးကို မပြောခဲ့ ဖူးဘူး။ သမီး တည်တည်ငြိမ်ငြိမ်ရှိဖို့ လက်တဖက်နဲ့တဖက် တင်းတင်းကြပ်ကြပ်ဆုပ်ကိုင် ထားလိုက်မိတယ်။
"ကျွန်တော်... ကျွန်တော့ သမီးကို သူများတွေ ခိုးယူသွားမှာ ကြောက်လို့ အိမ်ထောင် ချပေးလိုက်တာပါ။ "
အဖေဘာတွေပြောနေလဲ သမီး နားမလည်တော့ဘူး။ အဖေ့ အဖြေတွေက ရှင်းလင်းမှုမရှိပဲ ရှုပ်ထွေးလာလေလေ တရားသူကြီးရဲ့ မေးခွန်းတွေဟာလည်း တဖြည်းဖြည်းနဲ့ ဖြေဆိုဖို့ရာ နားလည်ရခက်လာလေ ဖြစ်လာတယ်။

အသံတွေဟာ မြင့်တက်လာကြတယ်။ စွပ်စွဲခံရတဲ့သူတွေက ပြန်ခုခံကြတယ်။ သူတို့အသံတွေ အခန်းထဲမှာ ကျယ်လာတာနဲ့အမျှ သမီး ရဲ့ နှလုံးခုန်နှုန်းဟာလည်း မြန်လာတယ်။
(ဆက်ရန်)
ကွာရှင်းပြတ်စဲခြင်း - ၉
သမီး ရှာဒါ့ ဆီကနေ အဖြေကို မျှော်နေပါတယ်။ လူတွေကတော့ သူ့ကို ပြောကြတယ်။ ယီမင်နိုင်ငံက အတော်ဆုံး အမျိုးသမီး ရှေ့နေတွေထဲက တယောက် ဖြစ်ပြီး အမျိုးသမီး အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသူဖြစ်တယ် ဆိုတဲ့ အကြောင်း။
သူဟာ စပါယ်နံ့မွှေးမွှေးလေးနဲ့ လှပတဲ့ သူတယောက်ပေါ့။ သမီး သူ့ကို မြင်မြင်ချင်းပဲ အရမ်း သဘောကျသွားတယ်။ သူဟာ သူ့မျက်နှာကို မကာထားဘူး။ ရှာဒါဟာ အမဲရောင် ပိုးဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး အရောင်စုံပုဝါလေးကို ဦးခေါင်းတဝိုက်မှာ ခြုံထားတယ်။
သူသမီးဆီကို ပထမဆုံး လာတဲ့အခေါက်မှာတင်ပဲ သူ့အကြည့်တွေကို သမီး မြင်လိုက်တယ်။ စာနာမှုနဲ့ ခံစားချက်အပြည့်ပါတဲ့ အကြည့်တွေပေါ့။ ဘာစကားမှာ မမေးရသေးခင်ပဲ "ဘုရားရေ" လို့ သူ တ လိုက်တယ်။ ပြီးတော့ သူ့နာရီကို တချက် ကြည့်ရင်း၊ သူ့ အလုပ်အချိန်ဇယားစာအုပ်ကို ဖွင့်ပြီး များပြားလွန်းလှတဲ့ သူ့ အချိန်ဇယားတွေကို ညှိနေခဲ့တယ်။ သူ့မိသားစု၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေ ဆီကို ဖုန်းအကြိမ်ကြိမ်ခေါ်ရင်း သူ ခနခနပြောနေတဲ့ စကားလေးကတော့

"ကျမ အရမ်းအရေးကြီးတဲ့ အမှုကို လက်ခံရမယ်" ဆိုတာပါပဲ။
ဒီအမျိုးသမီးကို ကြည့်ရတာ မဆုံးနိုင်သော စိတ်ပိုင်းဖြတ် ပြတ်သားမှုတွေနဲ့ ပြည့်နေသလိုပါပဲ။
"နူဂျွတ် သမီးကို အဒေါ် ပစ်မထားပါဘူးကွယ်" တဲ့။
ဒီအမျိုးသမီးကို ကြည့်ရတာ မဆုံးနိုင်သော စိတ်ပိုင်းဖြတ် ပြတ်သားမှုတွေနဲ့ ပြည့်နေသလိုပါပဲ။
"နူဂျွတ် သမီးကို အဒေါ် ပစ်မထားပါဘူးကွယ်" တဲ့။
သမီးကို တိုးတိုးလေးပြောတယ်။ သူနဲ့ဆိုရင် လုံခြုံတယ်လို့ သမီးခံစားရတယ်။ ဘယ်အချိန် ဘယ်စကားပြောရမလဲဆိုတာ အင်မတန်သိတဲ့ အမျိုးသမီး။
ညင်သာလှတဲ့ သူ့ရဲ့ စကားတွေဟာ သမီးကို တကယ်ပဲ သက်တောင့်သက်သာဖြစ်စေခဲ့တယ်။
ညင်သာလှတဲ့ သူ့ရဲ့ စကားတွေဟာ သမီးကို တကယ်ပဲ သက်တောင့်သက်သာဖြစ်စေခဲ့တယ်။
"သမီးကို သမီး ယောက်ကျားအိမ် ဘယ်တော့မှ ပြန်သွားစရာ မလိုတော့ဘူးလို့ အဒေါ် ကတိပေးနိုင်မလားဟင် "
"အဲဒီလူ သမီးကို ဘယ်တော့မှ ရန်ထပ်မရှာတော့အောင် အန်တီ အကောင်းဆုံး ကြိုးစားပါ့မယ်။ ဒါပေမယ့် သမီးလည်း ကြံ့ခိုင်ရမယ်နော်။ ဒီကိစ္စက အချိန်ယူလိမ့်မယ်ကွယ့်။ အကြမ်းတမ်းဆုံး အခြေအနေတွေဟာ ကျော်ခဲ့ပါပြီကွယ်။ အဲ့ဒါကတော့ သမီးက လွတ်မြောက်အောင် ကြိုးစားခဲ့ခြင်းပဲ။ ပြီးတော့ အဲဒါကို သမီး အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့တယ်လေ။ ကဲ... အခု မေးခွန်းတခုအဒေါ် မေးချင်တယ်။ ဘယ်လိုလုပ်ပြီးများ ထွက်ပြေးဖို့အတွက် အင်အားတွေရလာတာလဲ သမီး။ ဒီ တရားရုံးအထိရောက်လာလောက်အောင်ပေါ့။"
"ထွက်ပြေးဖို့ အင်အား ??? .... သမီး သူ့ရဲ့ ရက်စက်ယုတ်မာမှုတွေကို နောက်ထပ် မခံစားနိုင်တော့လို့ပါ။ ဘယ်လိုမှ မခံနိုင်တော့ဘူး။"
နေ့ထူးနေ့မြတ်ကြီးက မျှော်လင့်ထားတာထက် စောပြီး ရောက်ရှိလာပါတော့တယ်။ တရားရုံးဆိုတာ ပြည့်လျှံနေတာပါပဲ။ ရှာဒါရဲ့ မီဒီယာကနေ ကြေငြာထားခြင်းရဲ့ အောင်မြင်မှုကြောင့်လည်း ပါတာပေါ့။ သမီးတသက် ဒီလောက်များတဲ့ ကင်မရာတွေ တခါမှ မမြင်ဖူးဘူး။ သမီးရဲ့ ပုဝါအနက်အောက်မှာတော့ ချွေးတွေ ရွှဲနစ်နေတယ်။

"နူဂျွတ် ပြုံးပါဦး" လို့ ဓါတ်ပုံဆရာတယောက်က အော်ပြောပါတယ်။ သမီးရဲ့ အရှေ့မှာ ကင်မရာတန်းကြီး။ သမီး ရှာဒါ့နားကို ကပ်ထားလိုက်တယ်။ သူ့ဆီကရတဲ့ စပါယ်နံ့လေးဟာ သမီးကို တကယ်ပဲ သက်တောင့်သက်သာဖြစ်စေနိုင်တာ အခုတော့ သမီး ကောင်းကောင်းကြီး သိလာပါပြီ။
သမီးစိတ်ရဲ့ အနက်ရှိုင်းဆုံးတနေရာမှာတော့ အေးခဲ နေသလိုပါပဲ။ လှုပ်လဲ မလှုပ်ရှားနိုင်တော့သလိုပဲ။ ကွာရှင်းဖို့ကိစ္စက ဘယ်လိုဖြစ်လာမှာပါလိမ့်။ မတော်လို့များ အဲဒီ သတ္တဝါက မကွာပေးနိုင်ပါလို့ ခပ်ရှင်းရှင်းပဲ တခွန်းထဲ ပြောပြစ်လိုက်ရင် ဘယ်လိုလုပ်မလဲ။ သူ တရားသူကြီးကိုများ ခြိမ်းခြောက်လေမလား။
တရားရုံးရဲ့ အဝင်ဝမှာလဲ ကင်မရာသမားတွေဟာ နေရာကောင်းရဖို့အတွက် တိုးဝှေ့နေကြပြန်ပါတယ်။
သမီး တုန်ရင်လာပြန်တယ်။

အဖေ... ပြီးတော့ ဟို သတ္တဝါ၊ ရဲသားနှစ်ယောက်က ဝန်းရံပြီး ခေါ်ထုတ်လာပြီ။
(ဆက်ရန်)
(ဆက်ရန်)
ကွာရှင်းပြတ်စဲခြင်း - ၈
ဒုတိယမြောက် တရားသူကြီးတယောက် အခန်းထဲထပ်ဝင်လာပြန်ပါတယ်။ ပြီးတော့ သမီးရဲ့ ကြီးမားတဲ့ စိတ်အားထက်သန်မှုတွေကို သေးငယ်သွားအောင် လုပ်တဲ့သူပေါ့။
"ကလေး... ဒီကိစ္စဟာ သမီးထင်ထားတာထက်ကို ပိုပြီးတော့ အချိန်ယူလိမ့်မယ်ကွယ့်... ပြီးတော့ ပြောရရင် သမီးနိုင်လိမ့်မယ်လို့လည်း ဦးလေး အာမ မခံ၊ ကတိ မပေးနိုင်ပေဘူး..."
ဒီ တရားသူကြီး နာမည်ကတော့ မိုဟာမက် အယ်လ် ဂါဇီတဲ့။ တရားသူကြီးချုပ်ပေါ့။ ပြီးတော့ သူက ပြောသေးတယ်။ သမီးလို အမှုမျိုး သူတခါမှ မကြုံဖူးဘူးတဲ့။ သူတို့ ပြောကြသေးတာက ယီမင် အမျိုးသမီးလေးတွေဟာ ပုံမှန်အားဖြင့်လည်း အသက်တော်တော်ငယ်ငယ်နဲ့ အိမ်ထောင်ပြုကြတယ်တဲ့။ ဆိုလိုတာက တရားဝင်အိမ်ထောင်ပြုနိုင်တဲ့ အသက် ၁၅နှစ် မတိုင်ခင်ပေါ့။ ပြီးတော့ ဒါဟာ ရှေးကတည်း ကျင့်သုံးလာခဲ့ကြတာ လို့လည်း တရားသူကြီး အဗ်ဒူလ်က ထပ်ဖြည့်ပြောပြန်ပါတယ်။
ဒါပေမယ့် သူသိသလောက်တော့ ဒီလို လက်ထပ်မှုတွေဟာ ဘယ်တုန်းကမှ ကွာရှင်းခြင်းနဲ့ အဆုံးမသတ်ဘူးတဲ့။ ဘာဖြစ်လို့လည်းဆိုတော့ ဘယ်သူငယ်မလေးတွေကမှ အခုထိ တရားရုံးကို လာရောက်တိုင်တန်းတယ် ဆိုတာ မရှိသေးလို့ပါပဲတဲ့။
"ဦးလေးတို့ ရှေ့နေလည်း ရှာရမယ်" လို့ အဗ်ဒူလ်က ရှင်းပြပါတယ်။
သူတို့တွေ သတိရောရကြရဲ့လား။ သမီး အခုလို ဘာ အာမခံချက်မှ မပါပဲ အိမ်ပြန်သွားခဲ့ရင် သမီးယောက်ကျားက သမီးကို လာပြန်ခေါ်ပြီး အရင်လိုပဲ နှိပ်စက်လိမ့်အုန်းမယ်ဆိုတာ။
"သမီး ကွာရှင်းချင်တယ် " လို့ သမီးတကယ်ပြောနေမှန်း သူတို့သေချာသိအောင် မျက်မှောင်ကို အတတ်နိုင်ဆုံး ကုတ်နိုင်သမျှကုတ်ပြီး ထပ်ပြောလိုက်တယ်။ ဘယ်လောက်တောင်လည်းဆို သမီး ကိုယ့်အသံကိုယ်ပြန်ကြားရတာ ထခုန်မတတ်တောင် ဖြစ်သွားတယ်။
"ဦးလေးတို့ ဖြေရှင်းဖို့ရာ နည်းလမ်းရှာပါ့မယ်" လို့ အယ်လ် ဂါဇီက သူ့ခေါင်းပေါင်းကို တည့်အောင်ပြုပြင်ရင်း တိုးတိုးလေး ရေရွတ်တယ်။
နေ့လည် ၂ နာရီလည်း ထိုးပေပြီ။ ရုံးလည်း ပိတ်ပြီ။ ဒီနေ့က ဗုဒ္ဓဟူးနေ့။ မွတ်စလင်မ် တို့ရဲ့ စနေ တနင်္ဂနွေကဲ့သို့ ရုံးပိတ်ရက် နှစ်ရက် စတင်ပေတော့မည်။

"ပြီးတော့ ဒီသူငယ်မ အိမ်ပြန်ရမလားဆိုတာကလည်း တကယ်တော့ မေးဖို့ကို မသင့်တဲ့ မေးခွန်းပါပဲလေ" လို့ အယ်လ် ဂါဇီက ထပ်ပြောသည်။ တတိယမြောက်တရားသူကြီး အဗ်ဒဲလ် ဝါဟဒ် ကတော့ သူကူညီမယ်လို့ ပြောပါတယ်။ သူ့အိမ်မှာ သမီးကို ခနထားဖို့အတွက်တော့ အခန်းရှိပါတယ်တဲ့။ ဘာပဲပြောပြော အခုတော့ ခနပဲဖြစ်ဖြစ် သမီးအတွက် လုံခြုံသွားပါပြီ။
စနေနေ့ မနက် ၉ နာရီမှာ တရားရုံးက အဗ်ဒဲလ် ဝါဟဒ် ရဲ့ ရုံးခန်းထဲမှာ သမီးရယ်၊ အဗ်ဒူလ်ရယ်၊ မိုဟာမက် အယ်လ် ဂါဇီ ရယ် အတူတူ ထိုင်နေကြပါတယ်။ အယ်လ် ဂါဇီကတော့ အရမ်းကို စိုးရိမ်ပူပန်နေပုံပါပဲ။
စနေနေ့ မနက် ၉ နာရီမှာ တရားရုံးက အဗ်ဒဲလ် ဝါဟဒ် ရဲ့ ရုံးခန်းထဲမှာ သမီးရယ်၊ အဗ်ဒူလ်ရယ်၊ မိုဟာမက် အယ်လ် ဂါဇီ ရယ် အတူတူ ထိုင်နေကြပါတယ်။ အယ်လ် ဂါဇီကတော့ အရမ်းကို စိုးရိမ်ပူပန်နေပုံပါပဲ။
"ယီမင်နိုင်ငံရဲ့ ဥပဒေအရဆိုရင် သမီး အဖေနဲ့ ယောက်ကျားကို အမှုဖွင့်ဖို့ဆိုတာ အတော်လေးခက်ခဲလိမ့်မယ်... " လို့ သမီးကို သူက ပြောပါတယ်။ ယီမင်က ရွာငယ်လေးတွေမှာ မွေးတဲ့ ကလေးတော်တော်များများနည်းတူ သမီးမှာလဲ မွေးလက်မှတ် မရှိပါဘူး။ ပြီးတော့ တစုံတယောက်ကို တရားစွဲဆိုနိုင်ဖို့အတွက်လည်း သမီး အရွယ်က သိပ်ကိုငယ်နေပါသေးတယ်။ ဒါ့အပြင် လက်ထပ်စာချုပ်ဆိုတာကလည်း သမီးရဲ့ မိသားစုဝင် ယောက်ကျားသားတွေ ကိုယ်တိုင် လက်မှတ်ထိုးထားတာ ဖြစ်နေပြန်တယ်။ ယီမင် ဥပဒေအရဆိုရင် အဲ့ဒါဟာ တရားဝင်ပါတယ်။
"အခုအချိန်ကတော့ ကျတော်တို့ မြန်မြန် ထက်ထက် လုပ်ဆောင်ရလိမ့်မယ်။ နူဂျွတ်အဖေနဲ့ ယောက်ကျားကို ခနတာ ဖမ်းချုပ်ထားဖို့အတွက် ကျွန်တော်ကတော့ အကြံပေးချင်တယ်...ဒီကလေးမကို ကာကွယ်ချင်တယ်ဆိုရင် သူတို့နှစ်ယောက် လွတ်နေတာထက် ထောင်ထဲမှာ ထည့်ထားတာက ပို လုံခြုံလိမ့်မယ်... " လို့ မိုဟာမက် အယ်လ် ဂါဇီ က သူ့ အဖော် တရားသူကြီးတွေကို ပြောပါတယ်။
ထောင် !!!
အဖေ သမီးကို ဒီတသက် ခွင့်လွှတ်ပါတော့မလား။ ရှက်ရွံ့ခြင်းနဲ့ အပြစ်မကင်းခြင်းတွေကို သမီး ခံစားလိုက်ရတယ်။
ယီမင်မှာ သမီးလို မိန်းကလေးတွေအတွက် စောင့်ရှောက်ရေးစခန်း မရှိပါဘူး။ ပြီးတော့လည်း သမီး အဗ်ဒဲလ် ဝါဟဒ်တို့နဲ့ ဆက်မနေလိုတော့ပါဘူး။ သူ သမီးကို အများကြီး ကူညီခဲ့ပြီးပြီလေ။
သမီးရဲ့ အခင်မင် အားအကိုးရဆုံး ဦးလေးအနေနဲ့ ဘယ်သူရှိလဲ လို့ တရားသူကြီးတယောက်က သမီးကို မေးပါတယ်။
သမီးထင်တာကတော့ အမေ့ရဲ့ မောင်၊ ဦးလေး ရှိုရီ ပါပဲ။ သူက စစ်ပြန်ကြီးတယောက်အနေနဲ့ သမီးတို့ အမျိုးထဲမှာ အတန်အသင့် လူလေးစားခံရတဲ့၊ ဂုဏ်သိက္ခာရှိတဲ့ သူတယောက်ပါ။ သူဟာ သမီးတို့ နေတဲ့နေရာနဲ့ တော်တော်လေးလှမ်းတဲ့နေရာမှာ သူ့ မိန်းမနှစ်ယောက်၊ ကလေး ၇ယောက်တို့နဲ့ အတူတူ နေပါတယ်။ အမှန်ပြောရရင်တော့ သူလည်းပဲ သမီးရဲ့ မင်္ဂလာကိစ္စကို မကန့်ကွက်ခဲ့ပါဘူး။ ဒါပေမယ့် အနည်းဆုံးတော့ သူဟာ သူ့ကလေးတွေကို မရိုက်တတ်တဲ့ သူတယောက်လေ။
ဦးလေး ရှိုရီဟာ သမီးကို ဘာမှ သိပ်မမေးပဲနဲ့ သမီး မောင်နှမဝမ်းကွဲလေးတွေနဲ့ ပေးဆော့ပါတယ်။ တကယ်တန်းတော့ သမီး လုပ်လာခဲ့တဲ့ အရာတွေအားလုံးကို သူမကြိုက်ဘူးလို့တော့ သမီးထင်ပါတယ်။
နောက်သုံးရက်လောက်က သမီးဟာ တရားရုံးမှာပဲ အချိန်ကုန်တာပါပဲ။ အံ့သြဖွယ် ထူးခြားဆန်းကြယ်မှုတွေများ ဖြစ်ပျက်လာလေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့။ တရားရုံးကို ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါ ထပ်ထပ်သွားနေရမှာပါလိမ့်။ အဗ်ဒူလ်ကတော့ သမီးကို သတိပေးပါတယ်။ သမီးရဲ့ အမှုက ပုံမှန်သူတို့တွေ့ကြုံနေကျ အမှုမျိုး မဟုတ်ဘူးဆိုတဲ့အကြောင်း။ ကဲ... အဲဒါဆို အခုတွေ့ပြီလေ။ ဒီအမှုကို တရားသူကြီးတွေ ဘယ်လိုကိုင်တွယ်မှာပါလိမ့်။
(ဆက်ရန်)
Subscribe to:
Posts (Atom)